သတင်း

အာဏာသိမ်းစစ်တပ်သာ ပြည်သူ့ထံ လက်နက်ချသင့်သည်ဟု PDF များပြော 

နိုင်ငံအနှံ့တွင် ခုခံတော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ လက်နက်ချရေး စစ်ကောင်စီကမ်းလှမ်းချက်မှာ အာရုံလွှဲရန် ကြိုးပမ်းချက်သာဖြစ်ပြီး၊ အာဏာသိမ်းထားသည့် စစ်တပ်ကသာ ပြည်သူထံ လက်နက်ချသင့်သည်ဟု PDF ခေါင်းဆောင်များက တုံ့ပြန်လိုက်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်လာသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိဘဲ စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက PDF များ လက်နက်ချလျှင် ကြိုဆိုမည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

PDF များကို အကြမ်းဖက်ဟု အစဉ်တစိုက်ပြောဆိုခဲ့သော စစ်ကောင်စီက ၎င်းတို့ထုတ်ပြန်ချက်တွင် ထိုသို့ မညွှန်းဆိုတော့ဘဲ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်။

ပြည်သူမဲပေးရွေးထားသည့် အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းကာ ဥပဒေနှင့် မညီဘဲ အာဏာသိမ်းထားသည့် စစ်တပ်သည်သာ ပြည်သူထံ လက်နက်ချသင့်သည်ဟု စစ်ကောင်စီကို အပြင်းအထန်ခုခံနေသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

“ဒီတိုင်းဆက်သွားနေရင် သူတို့ရှုံးတော့မှာဆိုတော့။ လောလောဆယ်တော့ လက်နက်ကြီးတွေ ကိုင်ထားတဲ့ အင်အားစုတစ်ခုအနေနဲ့ ဟိတ်နဲ့ ဟန်နဲ့ သူတို့အရှုံးကို ကာကွယ်ပြီး အာရုံလွှဲလိုက်တာ”

“တကယ်တမ်းတော့ သူတို့ ရင်မဆိုင်နိုင်တော့ဘူးဆိုတဲ့ အဖြေကို ကျွန်တော်တို့ သွားတွေ့တာပဲ။ ဒါက ပြည်သူတွေအနေနဲ့ ပိုပြီးပါးနပ်ဖို့ လိုသွားပြီ။ စစ်ကောင်စီက သူတို့လက်ထဲမှာ လက်နက်ပဲရှိတော့တာ” ဟု ဗိုလ်နဂါးက ပြောသည်။

ပြီးခဲ့သည့် လအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်စဉ်က PDF များနှင့် စကားပြောရန် အကြောင်းမရှိဟု စစ်ကောင်စီဆိုခဲ့သည်ကို သတိချပ်ရန် လိုကြောင်း ဗိုလ်နဂါးက ထောက်ပြသည်။

စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်ရာ ဒေသများအပါအဝင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်ရှိ PDF အဖွဲ့များကို လူသူလက်နက်အင်အား အသာစီးဖြင့် လပေါင်းများစွာကြာသည်အထိ လိုက်လံတိုက်ခိုက်နေသော်လည်း အောင်မြင်မှု မရရှိသေးပေ။

ဒေသခံ PDF အဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်း၊ အလစ်အငိုက်တိုက်ခိုက်ခြင်းများကြောင့် အထိနာနသော စစ်ကောင်စီက ကျေးရွာများကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးလျက်ရှိသည်။ နိုင်ငံတစ်ဝန်း စစ်တပ်က မီးရှို့လိုက်သည့် လူနေအိမ်ပေါင်း ၁၈,၀၀၀ ကျော်ရှိကြောင်း ထိုအချက်အလက်များကို စာရင်းပြုစုနေသော Data for Myanmar အဖွဲ့၏ ယခုလ ၇ ရက် ထုတ်ပြန်ချက်က ဆိုသည်။ 

တပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးများနေ၍ စစ်ကောင်စီက ကမ်းလှမ်းခြင်းဖြစ်နိုင်ကြောင်း ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းလိဏ်းထန်းက သုံးသပ်သည်။

စစ်ရေးလေ့ကျင့်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်အချို့။ ဓာတ်ပုံ – NUG

“အလင်းဝင်ဖို့ကတော့ လုံးဝ စိတ်ကူးထဲတောင် မယဉ်ဘူးဗျ။ ပြောချင်တာကတော့ ကျွန်တော်တို့က ဘယ်လောက်ပဲ ခက်ခဲ၊ ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ အဆုံးထိ တိုက်ပွဲဝင်သွားမှာ” ဟု သူက ပြောသည်။ 

“သူ (မင်းအောင်လှိုင်) ရှုံးတော့မှာဖြစ်လို့ ပြောတယ်လို့ပဲ ပြောချင်တယ်။ ပြီးတော့ တစ်ချက်က စစ်သားတွေပဲ ကျွန်တော်တို့ဘက်ကို အလင်းဝင်လာဖို့ ထပ်ပြီးမှ ဖိတ်ခေါ်ချင်တယ်ဗျ” ဟု ဆလိုင်းထွန်းလိဏ်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်နက်ကိုင်ခုခံသူများကို နိုင်အောင်တိုက်နိုင်မည် မဟုတ်ကြောင်း မကြာမီက ထိုင်း – မြန်မာနယ်စပ်သို့ သွားရောက်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က ပြောကြားသည်ဟု Reuters သတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။ 

နိုင်ငံတကာသာမက ပြည်တွင်း၌ပါ အထီးကျန်နေသော မြန်မာစစ်တပ်အနေဖြင့် တိုက်ပွဲရပ်တန့်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်သင့်ကြောင်းလည်း ၎င်းက ပြောသည်။​

စစ်အာဏာရှင်လက်အောက် နှစ်ပေါင်းများစွာ ကျင်လည်ဖူးသည့်ပြင် လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့များ စုစည်းမှုအရှိန်ကောင်းနေပြီဖြစ်ရာ စစ်ကောင်စီကြိုးပမ်းမှု အချည်းအနှီးသာဖြစ်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန်ဖြစ်သူ  ဦးနိုင်ထူးအောင်က မှတ်ချက်ပြုသည်။

“ပြည်သူတွေက ရဲဝင့်စွာနဲ့၊ စည်းလုံးစွာနဲ့ပဲ တော်လှန်ရေးကို ပိုပြီးတော့ အားကောင်းအောင် ခရီးဆက်လာတဲ့အခါမှာ အချိုသပ်ပြီးတော့ သွေးခွဲမယ့်ပုံစံမျိုးဘက်ကို ပြောင်းပြီးလှမ်းလာတဲ့ ခြေလှမ်းတစ်ခုပဲ” ဟုလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီ လေသံပြောင်းလာခြင်းမှာ အရှုံးများနေ၍ အသက်ရှူပေါက်ချောင်ရန် တစ်ထစ်လျှော့ကာ PDF များကို မြှူဆွယ်ခြင်းသာဖြစ်ကြောင်း တော်ဝင်နဂါးတပ်မတော် ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။ 

လက်ရှိအနေအထားမှာ စစ်ကောင်စီသာ ပြည်သူ့ထံ လက်နက်ချရမည်ဆိုသော အချက်ကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့အခြေစိုက် PDF အဖွဲ့တစ်ခုမှ တာဝန်ခံဖြစ်သူ ကိုမှိုင်းဆိုသူကလည်း ထောက်ခံသည်။​

“ကျွန်တော်တို့ဘက်မှာက ပစ္စည်းဆုံးရှုံးသွားတာပဲရှိတယ်။ စိတ်ခံစားချက်တွေ ဘယ်တော့မှ ဆုံးရှုံးမသွားဘူး။ ပိုပြီးတွန်းလှန်သွားမယ်” ဟု ၎င်းက ပြောသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button