သတင်း

ဂန့်ဂေါရှိ ရဲစခန်းကို PDF စီးနင်းစဉ် စစ်ကောင်စီက ဗုံးကြဲခုခံ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယမန်နေ့ (ဩဂုတ် ၁၅ ရက်) က ဒေသကာကွယ်ရေးတပ်များ စုပေါင်းတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲကာ စစ်ကူပေးခဲ့သည်ဟု သိရသည်။

ဂန့်ဂေါမြို့တောင်ဘက် ၁၀ မိုင်ခန့်ရှိ မင်းရွာရဲစခန်းကို ဒေသတွင်းရှိ တော်လှန်ရေးအင်အားစု ၇ ဖွဲ့က စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေချိန် ဂန့်ဂေါမြို့တောင်ဘက် ပြစ်မရွာအနီးရှိ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးဖြင့် တရစပ် ပစ်ကူပေးခဲ့သလို တိုက်လေယာဉ်ပါ အသုံးပြု၍ ခုခံခဲ့သည်ဟု ဂန့်ဂေါခရိုင် တပ်ရင်း (၁၄) တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းရွာရဲစခန်းတွင် အင်အား ၅၀ ခန့်ဖြင့် အထိုင်ချထားသည်။ ထိုစခန်းကို တော်လှန်ရေးအဖွဲ့များက ၄ နာရီကျော်ကြာ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တရစပ်ပစ်ခတ်နေခြင်း၊ တော်လှန်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိလာခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟု တပ်ရင်း (၁၄) တာဝန်ရှိသူက ဆိုသည်။

“အမြောက်တပ်ကနေ ၁၀၇ (မမ) တွေ ထုတဲ့ဟာက လုပ်ရကိုင်ရတာ ခက်သွားတာ။ အဲဒီလက်နက်ကြီးတပ်က တရစပ်ထုတော့ တက်ရဆုတ်ရတာ တအားကျပ်သွားတာ”

နံနက် ၅ နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး နံနက် ၉ နာရီတွင် တော်လှန်ရေးအဖွဲ့ဝင်များ ပြန်ဆုတ်ရန် ပြင်ဆင်နေစဉ် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း၊ မင်းရွာမှ ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးဟု အထက်ပါ PDF တပ်ရင်း တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုအခြေအနေကို စုံစမ်းနိုင်ခြင်းမရှိသေးပေ။ သို့သော် အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်က တပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

မြို့နယ်တောင်ပိုင်းရှိ မင်းရွာရဲစခန်းကို တော်လှန်ရေးအင်အားစု ၇ ဖွဲ့က စုပေါင်းစီးနင်းချိန်မှာပင် မြို့နယ်မြောက်ပိုင်းက စစ်ကောင်စီလက်ပါးစေ ပျူစောထီးများအားကောင်းရာ ကန်ရွာနှင့် တောင်ခင်ရန်းရွာတို့ကိုပါ တော်လှန်ရေးအင်အားစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ပျူစောထီးအားကောင်းသည့် ထိုရွာများကို တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်ပစ်ခတ်မှု မရှိသော်လည်း မင်းရွာရဲစခန်းကို စီးနင်းမှုကိုမူ စစ်ကောင်စီက ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်သည်ဟု ဂန့်ဂေါခရိုင် တပ်ရင်း (၁၄) တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုတို့ဘက်က စီးနင်းတိုက်ခိုက်မှု မဖော်ဆောင်ခဲ့ဘဲ လက်နက်ကြီးများကိုသာ အားထား၍ အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးဖြင့် အချက် ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်မှုမရှိကြောင်း တပ်ရင်း (၁၄) တာဝန်ရှိသူက ဆိုသည်။

“မြောက်ပိုင်းက နှစ်နေရာကို အယောင်ပြတိုက်တာ။ ဝင်တော့ မစီးဘူး။ အနီးကပ်ထိ သွားပစ်တာ။ နည်းနည်းထူးဆန်းတာက သူတို့ဘက်က တစ်ချက်မှ ပြန်ပစ်တာမရှိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၁)၊ တပ်ရင်း (၇)၊ တပ်ရင်း (၁၁)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၄) တို့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မင်းဘူခရိုင် PDFတို့က စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဂန့်ဂေါဒေသပြမြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button