ဆောင်းပါး

တန်ပြန်တိုက်ခိုက်ရေးလုပ်နေသော စစ်တပ်လက်ကိုင်တုတ်

ဧပြီလ ၂၄ ရက်က ဖြစ်သည်။ မန္တလေးမြို့တွင် တိုင်းလွှတ်တော်အမတ်တစ်ဦး၏ အစ်ကိုဖြစ်သူ အဖမ်းခံရသည်။ ဦးဖုန်းမြင့်မိုး (ခ) ကိုမိုးကြီးမှာ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် သူငယ်ချင်းဖြစ်သူနှင့် ဆိုင်ထိုင်ပြီးနောက် အိမ်အပြန်လမ်းတွင် အတင်းအဓမ္မ ဖမ်းဆီးခံရခြင်းဖြစ်သည်။

မည်သူမည်ဝါ မသိရသော အရပ်ဝတ်လက်နက်ကိုင်လေးဦးက ဗန်ကားတစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသာ သိရသည်။ နောက်နှစ်ရက်ကြာအထိ ဦးဖုန်းမြင့်မိုးနှင့် ပတ်သက်၍ သတင်းအစအန မကြားရတော့ပေ။ 

ဧပြီ ၂၇ တွင် ဒဏ်ရာများနှင့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို မန္တလေးမြို့တစ်နေရာတွင် တွေ့ရှိခဲ့သည်။ ရင်ခွဲရုံရောက် ထိုရုပ်အလောင်းကို မိသားစုဝင်များ လိုက်လံကြည့်ရှုရာမှ ဦးဖုန်းမြင့်မိုးဖြစ်နေကြောင်း သိခဲ့ရသည်။ 

ပျောက်ဆုံးမသွားမီ ဝတ်ဆင်ထားသော အဝတ်အစားအရသာ ဦးဖုန်းမြင့်မိုးဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းဖြစ်သည်။ ရုပ်အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။

“ဓား၊ ပုဆိန်တို့နဲ့ ခုတ်ထစ်ထားပြီး ရုပ်ပျက်ဆင်းပျက် အသတ်ခံထားရတာ။ ပခုံးမှာဆို တော်တော်ကြီးတဲ့ ဓားဒဏ်ရာ၊ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ လူမဆန်စွာ သတ်ထားတာ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများတွေ့ရသည့်ပြင် ဦးခေါင်းနောက်ဘက်သည်လည်း ကွဲကြေနေသည်ဟု ဦးဖုန်းမြင့်မိုး၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

မည်သည့်အတွက် မည်သူက သတ်ဖြတ်သည်ကို တပ်အပ်မသိရပေ။ သို့သော် နောက်တစ်ရက်တွင် သွေးသောက်ဆိုသောအဖွဲ့က အဖမ်းခံရသူ ဦးဖုန်းမြင့်မိုးကို ရည်ရွယ်လျက် ‘တရားစီရင်ပေးမှာပါ’ ဟု လူမှုကွန်ရက်တွင် ရေးသားသည်။ သွေးသောက်အဖွဲ့မှာ ထိုရက်ပိုင်း၌ပင် မန္တလေးမြို့တွင် ပေါ်ပေါက်လာသော အဖွဲ့ဖြစ်သည်။ 

ဦးဖုန်းမြင့်မိုး အသတ်မခံရမီ သုံးရက်အလိုတွင် NLD ပါတီဝင်များ၊ ထောက်ခံသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သူများကို ချေမှုန်းမည့် ‘အနီရောင်စစ်ဆင်ရေး’ စတင်မည်ဖြစ်ကြောင်း သွေးသောက်အဖွဲ့က လူမှုကွန်ရက်မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်သည်။ 

‘အနက်ရောင်သေမင်း’ အဖွဲ့ကို တန်ပြန်ခြင်းဖြစ်သည်ဟု သွေးသောက်အဖွဲ့က ဆိုသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော အနက်ရောင်သေမင်းအဖွဲ့က စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်။​

လွှတ်တော်အမတ်၏ အစ်ကိုဖြစ်သောကြောင့် အသတ်ခံရခြင်းဖြစ်ကြောင်း ဦးဖုန်းမြင့်မိုး၏ မိသားစုဝင်များကလည်း ယုံကြည်သည်။ ဦးဖုန်းမြင့်မိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဇော်ဇော်အောင်နှင့် ညီအစ်ကိုတော်စပ်သူဖြစ်သည်။

“သူ့ကိုယ်သူတောင် ဘာကြောင့်အလုပ်ခံရတယ်ဆိုတာ သိချင်မှသိမှာ” ဟု ဦးဖုန်းမြင့်မိုး၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ဦးဖုန်းမြင့်မိုး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ကျန်မိသားစုဝင်များလည်း မန္တလေးမြို့မှ ကြောက်လန့်တကြား ထွက်ပြေးကြရသည်။

သွေးသောက်အဖွဲ့က သတ်ဖြတ်ခဲ့သည့် မန္တလေးမြို့မှ NLD ပါတီဝင်များနှင့် မိသားစုဝင်များ၊ သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများနှင့်အတူ ထားခဲ့သည့် သွေးသောက်အဖွဲ့အမှတ်တံဆိပ်ပါ လည်ဆွဲ (ညာ၊ အစွန်)

သွေးသောက်အဖွဲ့ နာမည်ထွက်ပေါ်လာပြီး သီတင်းနှစ်ပတ်ခန့်အကြာတွင် ပါတီဝင်နှင့် ပါတီထောက်ခံသူ ၁၄ ဦးအထိ သတ်ဖြတ်ခံထားရကြောင်း NLD တာဝန်ရှိသူအချို့က တရားဝင်ပြောဆိုသည်။ သတ်ဖြတ်ခံရသူများအနက် ၈ ဦးမှာ မန္တ လေးမှဖြစ်ကာ နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းမှလည်း ပါသည်။

စွန့်ပစ်အလောင်းများမှ လည်ဆွဲကတ် 

လူများကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် အလောင်းများကို လူအများဖြတ်သန်းသွားလာရာ လမ်းမများပေါ် စွန့်ပစ်ထားလေ့ရှိသည်။ အလောင်းတွင် “သွေးသောက်အဖွဲ့” ဟု ထင်ထင်ရှားရှား ပုံနှိပ်ဖော်ပြထားသည့် အနီရောင်လည်ဆွဲကတ် ချိတ်ပေးထားလေ့ရှိသည်။

ဓားနှစ်လက် ကိုင်ဆောင်လျက် ပေါင်တွင် ဆေးမင်ကြောင်ထိုးထားသည့် ရှေးခေတ် မြန်မာအမျိုးသားတစ်ဦး၏ ပုံကိုလည်း အဖွဲ့အမှတ်သင်္ကေတတစ်ခုအနေဖြင့် အသုံးပြုထားသည်။ 

မန္တလေးမြို့တွင် သွေးသောက်အဖွဲ့အမည်ခံပြီး လုပ်ကြံသတ်ဖြတ်ခဲ့သူများအနက် ချမ်းအေးသာစံမြို့နယ်ရှိ “စိန်ဝင်းဝင်း” လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနှင့် ဇနီးဒေါ်ခခ၊ မယားညီအစ်ကိုတော်စပ်သူ ဦးတင်တို့လည်း ပါဝင် သည်။ ဦးဖုန်းမြင့်မိုး အသတ်ခံရသည့် ရက်ပိုင်းကပင် လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

အဖမ်းခံရပြီး နောက်တစ်နေ့ နံနက်အစောပိုင်းတွင် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် ဦးခင်မောင်သိန်း၏ ရုပ်အလောင်းနှင့် ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ဒေါ်ခခကို မြို့နယ် NLD ပါတီ ရုံးရှေ့တွင် လာရောက်ပစ်ချသွားခဲ့သည်။ ရင်ဘတ်တွင် သေနတ်ဒဏ်ရာရရှိထားသည့် ဒေါ်ခခကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ 

ဦးခင်မောင်သိန်း၏ အလောင်းတွင် သွေးသောက်အဖွဲ့ လည်ဆွဲကတ်ချိတ်ပေးထားသည်ဟု NLD ပါတီဝင်တစ်ဦးက အတည်ပြုသည်။ အောင်မြေသာစံမြို့နယ် ၁၉ လမ်းတွင် လာရောက်ပစ်ချသွားသည့် ဦးတင်၏ အလောင်းတွင်လည်း အလားတူ လည်ဆွဲကတ်ပါရှိသည်ဟု မျက်မြင်တွေ့ရှိသူ မြို့ခံများက ပြောသည်။

ဦးခင်မောင်သိန်းနှင့် ဒေါ်ခခတို့ ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရင်း ဦးတင်ပါ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်။ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းမှာ NLD ရပ်ကျေးဥက္ကဋ္ဌဖြစ်ကာ ဦးတင်မှာ ပါတီဝင်တစ်ဦးဖြစ်သည်။ တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့် ရင်းနှီးကျွမ်းဝင်သူများလည်း ဖြစ်သည်။ 

မေလ ၅ ရက်ကလည်း ကျောက်ဆည်မြို့တွင် NLD ပါတီထောက်ခံသူဆိုကာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှစ်ဦးကို ထိုအဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဖမ်းဆီးပြီးနောက် ညတွင်းချင်းပင် ရန်ကုန် – မန္တလေး ကားလမ်းပေါ်၌ လာရောက်စွန့်ပစ်ထားသော အလောင်းများတွင် ထိုလည်ဆွဲကတ် ချိတ်ပေးထားသည်။ 

မေ ၂၀ ညပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဒေါ်မြမြဆိုသူနှင့် သမီးဖြစ်သူကိုလည်း သွေးသောက်အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၆၀ ကျော်အရွယ် ဒေါ်မြမြနှင့် သမီးဖြစ်သူ၏ အလောင်းများတွင် ထိုလည်ဆွဲကတ် ဆွဲပေးထားသည့်ပြင် ကျန်သိန်း ၃၀ ကျော်တန်ဖိုးရှိ ပစ္စည်းများပါ ပျောက်ဆုံးကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

အမေဖြစ်သူမှာ မီးဖိုခန်းအတွင်း လက်နောက်ပြန်ကြိုးတုပ်လျက် လည်ပင်းနှင့် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာများဖြင့်လည်းကောင်း၊ သမီးဖြစ်သူမှာ ဧည့်ခန်းထိုင်ခုံတွင် လက်နောက်ပြန်ကြိုးတုပ်လျက် အလားတူ ဒဏ်ရာများနှင့် သေဆုံးနေပြီး နှစ်ဦးစလုံးမှာ NLD ထောက်ခံသူများဟု ဆိုသည်။

စစ်တပ် လက်ကိုင်တုတ်အဖွဲ့လား 

စစ်တပ်ထောက်ခံသူများ ပစ်မှတ်ထားတိုက်ခိုက်ခံလာရသဖြင့် အဖွဲ့ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုအဖွဲ့တွင် အမျိုးဘာသာချစ်မြတ်နိုးသူများ၊ တိုင်းပြည်ကို အမှန်တကယ်ချစ်မြတ်နိုးသူများ ပါဝင်သည်ဟုလည်း သွေးသောက်အဖွဲ့က အတိအလင်းထုတ်ဖော်ပြောဆိုသည်။

မန္တလေးမြို့တွင် ဦးဖုန်းမြင့်မိုး အသတ်ခံရပြီး ရက်ပိုင်းအကြာတွင် သွေးသောက်အဖွဲ့ဝင်တစ်ဦးနှင့် အင်တာဗျူးဆိုသော မူလအသံကို ဖျောက်ဖျက်ထားသည့် အသံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့ သည်။ လည်ဆွဲကတ်ဖြင့် အလောင်းစွန့်ပစ်ခံရသော မန္တလေးမြို့မှ လူသတ်မှုများကိုလည်း ဝန်ခံထားသည်။

သွေးသောက်အဖွဲ့နှင့် ပတ်သက်၍ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ကမောက်ကမခြေအနေများပေါ် အခွင့်ကောင်းယူကာ ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်သည်ဟူသော ယူဆချက်လည်းရှိသည်။

ရဲအရာရှိဟောင်းတစ်ဦးကမူ စစ်အာဏာရှင်ဟောင်းများ လုပ်လေ့လုပ်ထရှိသည့်အတိုင်း အခြေအနေမထိန်းသိမ်းနိုင်သည့်အခါ ပိုဆိုးလာအောင်လုပ်ပြီး နိုင်ငံရေးအရ အရေးပါမှုကို ဖန်တီးခြင်းသာဖြစ်သည်ဟု ဆိုသည်။ 

“မလုံခြုံမှုကို ပြတယ်။ ပြပြီးတော့မှ အဲဒီမလုံခြုံမှုကို ထိန်းတယ်။ မလုံခြုံဘူးဆိုပြီးတော့ စိုးရိမ်စိတ်တွေနဲ့ ဒီလိုသတင်းတွေရှိတယ်ဆိုပြီးတော့မှ သူတို့က တပ်ကနေမှတစ်ဆင့် စွမ်းစွမ်းတမံ ဆောင်ရွက်နေပါတယ်ဆိုပြီးတော့ လုံခြုံရေးနဲ့ အကြောင်းပြပြီးတော့ နေရာချဲ့ယူရမှာလေ၊ အဲဒီဝါဒကိုပဲ သွားတယ်”  ဟု ၎င်းက ပြောသည်။

ထိုရဲအရာရှိမှာ ရဲတပ်ဖွဲ့တွင် နှစ်ပေါင်း ၃၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သဖြင့် လက်ရှိအချိန်တွင် နိုင်ငံပြင်ပ တိမ်းရှောင်နေရသူဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ရှိရင်းစွဲ နိုင်ငံရေးမတည်ငြိမ်မှုများကို အသုံးချ၍သော်လည်းကောင်း၊ ထိုသို့သောအခြေအနေမျိုး ရှိသယောင်ဖန်တီး၍လည်းကောင်း မဖြစ်မနေ ဝင်ရောက်ထိန်းသိမ်းပေးရသည့် အဖွဲ့အစည်းအဖြစ် စစ်တပ်က ပုံဖော်လေ့ရှိသည်။ 

နိုင်ငံရေးအရ စစ်တပ်၏အခန်းကဏ္ဍအပေါ် ခြိမ်းခြောက်ခံရသည့် အခြေအနေမျိုးတွင် သွေးသောက်ကဲ့သို့သော အဖွဲ့များ အစဉ်ပေါ်ပေါက်လေ့ရှိသော သာဓကများလည်း ရှိသည်။ ၁၉၈၈ လူထုလှုပ်ရှားမှု၊ ၂၀၀၃ ဒီပဲယင်းအကြမ်းဖက်မှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့တွင် ‘စွမ်းအားရှင်’ ကဲ့သို့သော အကြမ်းဖက်အဖွဲ့များကို စစ်တပ်က လက်ကိုင်တုတ်အဖြစ် အသုံးချလေ့ရှိသည်။ 

စွမ်းအားရှင်များကို လေ့ကျင့်ပေးသည့်ပြင် လက်နက်ပါ တပ်ဆင်ပေးခဲ့ကြောင်း ၂၀၀၉ ခုနှစ်အတွင်း ပေါက်ကြားလာသော အမေရိကန်သံရုံး၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတစ်ခုတွင် ထိုစဉ်က ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဗိုလ်မှူးချုပ်ခင်ရီက ဝန်ခံပြောဆိုထားသည်။ ရဲချုပ်ခင်ရီက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ Tomás Ojea Quintana ကို ဝန်ခံပြောဆိုထားခြင်းဖြစ်သည်။​

ရဲချုပ်ဟောင်း ဦးခင်ရီမှာ ယခုအခါ အာဏာသိမ်းစစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်နေသည်။ ၎င်းသည် စစ်တပ်က ဖွဲ့စည်းတည်ထောင်ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ပြည်သူ့စစ်အဖွဲ့များမှလွဲ၍ သွေးသောက်အဖွဲ့မှာ ၎င်းတို့နှင့် ပတ်သက်မှုမရှိဟု ဧပြီလကုန်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ စစ်တပ်နှင့်အတူ လိုက်ပါလေ့ရှိသည့် အရပ်ဝတ်လက်နက်ကိုင်များကို ပြည်သူ့စစ်အဖြစ် စစ်ကောင်စီက ရည်ညွှန်းခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လိုက်လံတိုက်ခိုက်ရာတွင် စစ်တပ်က ထိုပြည်သူ့စစ်များကို အသုံးချလေ့ရှိသည်။ ၎င်းတို့ကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးထားသည်ဟုလည်း စစ်ကောင်စီက တရားဝင်ပြောဆိုထားသည်။ အများပြည်သူကမူ ပျူစောထီးအဖွဲ့ဟု သတ်မှတ်ခေါ်ဝေါ်သည်။ 

CDM ရဲအရာရှိကမူ သွေးသောက်ဆိုသည့်အဖွဲ့ ၏လှုပ်ရှားမှုပုံစံများက ခန့်မှန်းရလွယ်ကူပြီး ထိုအဖွဲ့မြစ်ဖျားခံရာမှာ စစ်တပ်ပင်ဖြစ်ကြောင်း အခိုင်အမာပြောသည်။

“သူတို့ဘာလုပ်မလဲဆိုတာ သိချင်ရင် ရှေ့ကဟာကိုပဲလှန်” ဟု ၎င်းက ပြောသည်။

“မဘသနဲ့ မျိုးချစ်အဖွဲ့တွေဆိုတာ ဘာမှ အလုပ်အကိုင်ရှိတာတွေမှ မဟုတ်တာ၊ စစ်တပ်က ဖန်တီးထားတဲ့ဟာ တွေ… သူတို့ရဲ့အလုပ်က ဒါ သူတို့ရဲ့ ပလက်ဖောင်းလေ” 

ဒုစရိုက်သမားများကို စစ်တပ်က အသုံးချလေ့ရှိသည့်အတိုင်း သွေးသောက်အဖွဲ့ဆိုသည်ကို အသုံးချနေခြင်းဖြစ်သည်ဟု နှစ်ပေါင်း ၃၀ နီးပါး ရဲလုပ်ငန်းနှင့် ထောက်လှမ်းရေးအတွေ့အကြုံရှိသူ ရဲအရာရှိက ပြောသည်။

“ဒုစရိုက်သမားတွေက သူတို့လက်ကိုင်တုတ်ပဲ ဖြစ်နေဦးမှာပဲ။ လက်ကိုင်တုတ်အဖြစ် ဆက်ရှိနေသေးတယ်” 

ပြည်သူအချင်းချင်း သတ်ဖြတ်နေသယောင် ပုံဖော်

NLD ပါတီမှ ဒေါ်ဝင်းမြမြဦးဆောင်သည့် အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now)

အာဏာသိမ်းပြီး တစ်နှစ်ခွဲနီးပါးရှိလာသော်လည်း စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ ထိုအခြေအနေတွင် အာဏာသိမ်းစစ်အုပ်စုအတွက် ခုခံတော်လှန်သူများကို ခြိမ်းခြောက်ရေး၊ ပြည်သူများအကြား အကြောက်တရားစိုးမိုးစေရေးက ဦးစားပေးလုပ်ငန်းစဉ်ဖြစ်လာသည်။ 

ထိုအနေအထားတွင် အဓိကပြိုင်ဘက် NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို ပစ်မှတ်ထား သတ်ဖြတ်မည်ဆိုသော ထိုအဖွဲ့ ပေါ်ပေါက်လာသည်။

စစ်တပ်က ပြည်သူအချင်းချင်း သတ်ဖြတ်နေသည်ဟူသော အနေအထားကို ဖော်ဆောင်ပြီး ဒိုင်လူကြီးလုပ်ချင်သည့် ရည်ရွယ်ချက်ဖြစ်သည်ဟု မန္တလေးမြို့တွင် ထိုအဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူ ဦးဖုန်းမြင့်မိုး၏ မိသားစုဝင်တစ်ဦးက ယူဆသည်။

“ဦးတဲ့သူသတ်ဆိုတဲ့ ပြည်သူပြည်သူချင်း အဲဒီလိုလုပ်နေတယ်လို့ မြင်တယ်။​ အဲဒီလူတွေက NLD ထောက်ခံတဲ့သူတွေ အကုန်သတ်ဆိုရင် ဒီဘက်က လူတွေကလည်း ဟိုဘက်သတ်ဆိုရင် ဘယ်လိုမှ တိုင်းပြည်က ထိန်းသိမ်းလို့ရမှာ မဟုတ်ဘူးလေ။ အဲဒီပုံစံတစ်ခုကို သွားချင်နေတယ်လို့ မြင်တာပဲ” ဟု ယင်းအမျိုးသားက ပြောသည်။

မြို့ပေါ်၌မူ အသွင်တစ်မျိုးဖြင့် လှုပ်ရှားနိုင်စေရန် သွေးသောက်အဖွဲ့ကို ပုံဖော်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

“စကစရဲ့ လက်အောက်ခံအဖွဲ့အစည်းလို့ပဲ မြင်တယ်။ အလွတ်လုပ်တာတော့ မဟုတ်ဘူး… အပေါ်ကနေ စီစဉ်ပြီးတော့ တာဝန်တစ်ခုအနေနဲ့ အပေါ်ကနေ တာဝန်ပေးပြီးတော့ လုပ်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ သီးသန့်ခေါင်းစဉ်သာ ခွဲချင်ခွဲပေမဲ့ အပေါ်ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ လုပ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး” ဟု သူက ဆိုသည်။

တော်လှန်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း သွေးသောက်အဖွဲ့၏ သတ်ဖြတ်မှုများနောက်ကွယ်တွင် အာဏာသိမ်းစစ်တပ်ရှိနေပြီး စစ်တပ်အတွင်း မည်သည့်ဌာနက ကိုင်တွယ်သည်ဆိုသော အထောက်အထားများ ရရှိထားသည်ဟု ပြောသည်။ 

“ဒီအဖွဲ့တွေဆိုတာဟာလည်း စစ်ကောင်စီရဲ့ စပွန်ဆာပါပဲ။ မန္တလေးဆိုရင် စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတာဝန်ရှိသူတွေကပဲ ဒီအဖွဲ့တွေကို မွေးပြီးတော့မှ အဓိကအားဖြင့် NLD မိသားစုတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေ ဆောင်ရွက်တယ်”

သွေးသောက်အဖွဲ့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အထောက်အထားများ စုဆောင်းနေပြီး ပြည့်စုံပါက ထုတ်ပြန်သွားရန်ရှိသည်ဟုလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

သွေးသောက်အဖွဲ့အမည်ဖြင့် ဆက်တိုက်ဆိုသလို ဖမ်းဆီးသတ်ဖြတ်မှုများ ပေါ်ပေါက်ပြီးနောက် ယင်းအဖွဲ့ကို ထောက်ပံ့သည်၊ စည်းရုံးပေးသည်ဟု သံသယရှိသူများကို တော်လှန်ရေးအင်အားစုများက တန်ပြန်တိုက်ခိုက်လာသည်။ 

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် သွေးသောက်အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဆိုသူတစ်ဦး မေ ၁ ရက်က လုပ်ကြံခံရသည်။ ရန်နိုင်ရွှေအမည်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖူးသူလည်းဖြစ်သည်။ 

ရန်နိုင်ရွှေကို ၎င်းတို့ ပစ်ခတ်လုပ်ကြံခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ထုတ်ပြန်ကြေညာသည်။ သွေးသောက်အဖွဲ့ကမူ ရန်နိုင်ရွှေမှာ ၎င်းတို့နှင့် ပတ်သက်မှုမရှိဟု တုံ့ပြန်သည်။ 

မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင်လည်း မေလ ၁၉ ရက်က သွေးသောက်အဖွဲ့ ဖွဲ့စည်းရန် စစ်ကောင်စီအုပ်ချုပ်ရေးမှူးများ ပါဝင်သော အစည်းအဝေးကို ဒေသခံပြောက်ကျားအဖွဲ့ ခြောက်ဖွဲ့ပေါင်း၍ ဝင်ရောက်ပစ်ခတ်ရာ သုံးဦး သေဆုံးခဲ့သည်။

သွေးသောက်အဖွဲ့က ၎င်းတို့အဖွဲ့ပေါ်ပေါက်ပြီး တစ်လမပြည့်မီ Telegram လူမှုကွန်ရက်၌ အမည်ပြောင်းခဲ့သည်။ ‘Bo Talk’ ဟူ၍ ပြောင်းလိုက်ခြင်းဖြစ်သည်။ သွေးသောက်အဖွဲ့အမည်ခံပြီး ဖမ်းဆီးသတ်ဖြတ်မှုလုပ်ရပ်များကို ဝန်ခံပြောဆိုခြင်းလည်း မရှိတော့ပေ။ 

ဧပြီလအတွင်း ပေါ်ထွက်ခဲ့သော အသံဖိုင်တွင် NLD ပါတီဝင်နှင့် ထောက်ခံသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများအတွက် အရေးယူခံရမည်ဆိုပါက “ရင်ကော့ပြီး ကြိုးစင်တက်သွားမယ်” ဟု သွေးသောက်အဖွဲ့ဝင်က ကြွေးကြော်ခဲ့သော်လည်း NLD ဆက်စပ်သူများကို ပစ်မှတ်မထားတော့သယောင် ဆိုပြန်သည်။ 

တင်ထက်ပိုင်၊ ဟန်သစ်နှင့် မယ်ရီနှင်းတို့ ရေးသားသည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button