သတင်း

မတ္တရာ၌ သွေးသောက်တံဆိပ်ပါ အလောင်းများတွေ့၊ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ခေါင်းဖြတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့အနီးတွင် ယခုလ ၂၂ ရက်က “သွေးသောက် အနီရောင်စစ်ဆင်ရေး” ဟူသော စာများ ရေးသား ချိတ်ဆွဲထားသည့် အမျိုးသားရုပ်အလောင်း သုံးလောင်း စွန့်ပစ်ထားသည်ကို ဒေသခံများ တွေ့ရှိခဲ့ပြီး နောက်တစ်ရက်တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ် စစ်တပ်က လူတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်။

သွေးသောက်တံဆိပ်ပါ လည်ဆွဲကတ်ချိတ်ဆွဲထားသည့် ရုပ်အလောင်းများကို မတ္တရာမြို့အနီး တံတားဖြူနှင့် ကျောက်တံတားရွာတို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ အသက် ၂၀ နှင့် ၂၅ နှစ်အတွင်းရှိ လူငယ်များဖြစ်သော်လည်း မည်သူမည်ဝါဟု အတိအကျ မသိရပေ။

“သွေးသောက်က ပျောက်နေတာ ကြာပြီ၊ အခုမှ ပြန်ပေါ်လာတဲ့သဘောရှိတယ်။ သတ်ခံရသူတွေကလည်း လူငယ်တွေချည်းပဲ။ ဘယ်သူတွေမှန်း မသိလို့၊ ကျွန်တော်တို့ စုံစမ်းနေတုန်းပဲ ရှိသေးတယ်” ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း မန္တလေးမြို့တွင် သွေးသောက်ဆိုသော အဖွဲ့ ပေါ်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ပေါ်ထွက်သွေးသောက်အဖွဲ့၏ လက်ချက်ဖြင့် မန္တလေးမြို့ပေါ်တွင် NLD နှင့် ဆက်စပ်သူ ၇ ဦးထက်မနည်း သတ်ဖြတ်ခံရကာ ကျောက်ဆည်၊ မြင်းခြံ၊ နွားထိုးကြီးမြို့နယ်တို့တွင်လည်း အလားတူဖြစ်စဉ်များ ရှိခဲ့သည်။

မည်သူကြိုးကိုင်သည့် အဖွဲ့ဖြစ်သည်ဟု အတိအကျ မသိရသော်လည်း မြို့ပေါ်၌ ပေါ်ပေါ်ထင်ထင် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် သွေးသောက်အဖွဲ့ နောက်ကွယ်တွင် စစ်ကောင်စီရှိနေသည်ဟု ယူဆချက်များ ရှိသည်။

လွန်ခဲ့သည့် နှစ်ရက်ကျော်က သွေးသောက်တံဆိပ်ပါ ရုပ်အလောင်းများ တွေ့ရှိခဲ့သည့် မတ္တရာမြို့နယ်တွင် စစ်တပ်က မြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းလျက်ရှိရာ ယမန်နေ့ (မတ် ၂၃) တွင် ကျောက်ဆည်လေးရွာ၌ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ တိုက်သိန်းပြောက်ကျားတပ်ဖွဲ့ အမည်ရ ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုမှ အသက် ၃၅ နှစ်အရွယ် ကိုဝင်းဌေးဆိုသူဖြစ်သည်ဟု သိရသည်။

“…ပစ်ခတ်ဖမ်းဆီးသွားတာ။ ပြန်တွေ့တော့ကျတော့ ဦးခေါင်းဖြတ်ခံထားရတာ၊ တွေ့ရပြီးတော့ ခန္ဓာကိုယ်ကို ဆိုင်ကယ်ပေါ်တင် မီးရှို့ထားတာ တွေ့ရတယ်။ ဦးခေါင်းကိုကျတော့ တစ်မိုင်လောက်အကွာမှာ ပြန်တွေ့ရတယ်” ဟု တိုက်သိန်းပြောက်ကျားတပ်ဖွဲ့ဝင် ကျားပေါက်ဆိုသူက ပြောသည်။

မတ် ၂၃ မွန်းလွဲပိုင်း၌ ကျောက်ဆည်လေးရွာမှ စစ်တပ်ထွက်သွားပြီးနောက် ကာကွယ်ရေးအဖွဲ့များ ရွာအတွင်း ဝင်ရောက်ကြည့်ရှုစဉ် ခေါင်းမဲ့အလောင်းနှင့် ဦးခေါင်းကို တစ်မိုင်ခန့် ခြားလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကိုဝင်းဌေး၏ ရုပ်အလောင်းကို ထိုနေ့မှာပင် မီးသင်္ဂြိုဟ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့များ ရိုက်ယူထားသော ဓာတ်ပုံအရ မီးကျွမ်းနေသော ဆိုင်ကယ်အနီး ဦးခေါင်းနှင့် ခန္ဓာကိုယ် တွဲလျက် ပြန်တင်ထားသည်ကို တွေ့ရသည်။

အင်အား ၇၀ နီးပါးရှိ စစ်ကောင်စီစစ်ကြောင်းကို ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ထိုဒေသရှိ တော်လှန်ရေးအဖွဲ့များက လက်လုပ်မိုင်း၊ စိန်ပြောင်း၊ ဗုံးသီးတပ်ဒရုန်းများဖြင့် ခုခံတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

ခုခံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသော်လည်း တော်လှန်ရေးအဖွဲ့များဘက်မှ ဒရုန်းတစ်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းတွင် ပုသိမ်ကြီးမြို့နယ် တောင်ပုလုရွာသို့ ဆုတ်ခွာသွားပြီး ယင်းနေရာ၌ ကားငါးစီးဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များက ဆိုသည်။

ခုခံတော်လှန်မှု ပြင်းထန်သည့် ဒေသများကို အဆက်မပြတ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ရာ၌ ခေါင်းဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါများကို အပိုင်းပိုင်း ခုတ်ထစ်ခြင်းများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း နယ်လှည့်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက ယခုလဆန်းပိုင်း မူးမြစ်ကမ်းတစ်လျှောက် ကျေးရွာများကို ရောက်ရှိစဉ် ထိုလူမဆန်သော လုပ်ရပ်များ ကျူးလွန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button