သတင်း

စွမ်းအားရှင်တို့ ပါဝင်သည့် အထင်ကရဖြစ်ရပ်များ

    • စွမ်းအားရှင်ကို ခြေရာခံသော် ယခင်စစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်က စတင် အသုံးပြုသည်ကို တွေ့ရသည်။ နယ်မြေအာဏာပိုင်များက စုစည်းထားသည့် စွမ်းအားရှင်အုပ်စုများကို အသုံးပြု၍ အတိုက်အခံတို့အား နှိပ်ကွပ်မှုကို အရပ်သားအချင်းချင်း သဘောထားကွဲသောကြောင့် ဖြစ်ပွားသည့် ပဋိပက္ခအသွင် ပုံဖော်ပြီး မြန်မာလူမှုအသိုင်းအဝိုင်းအကြား စိတ်ဝမ်းကွဲပြားစေခြင်းဖြင့် ကျယ်ပြန့်သည့် လှုထုလှုပ်ရှားမှုကို ဖြိုခွဲရန် ရည်ရွယ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ ယခင်စစ်အစိုးရလက်ထက်က စွမ်းအားရှင်များကို စခန်းသွင်း လေ့ကျင့်ပေးသည့်အပြင် တစ်ခါတစ်ရံ လက်နက်ကိုင်ဆောင်စေသည်ဟု ယခင် ရဲချုပ် (ယခုပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ) ဗိုလ်မှူးချုပ်ခင်ရီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ သောမတ်စ် အိုဟေးကင်တားနားကို ပြောဆိုခဲ့ကြောင်း ၂ဝဝ၉ ခုနှစ် ရန်ကုန် အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်းတစ်စောင်တွင် ရေးသားထားသည်။ ထိုစာကို အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သည့် ဝီကီလိခ်စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

    • ၁၉၉၆၊ နိုဝင်ဘာလ – ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်း တိုက်ခိုက်ခံရခြင်း

အရပ်ဝတ် ၂ဝဝ ခန့် ပါဝင်သည့် လူအုပ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့၏ ယာဉ်တန်းကို ခဲများဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သည်။ ကားတချို့ ထိခိုက်ခဲ့သော်လည်း မည်သူမျှ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့ပေ။ ထိုဖြစ်ရပ်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခါစဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို လှုပ်ရှားမှုများ မလုပ်စေလိုသဖြင့် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။


    • ၂ဝဝ၃၊ မေ ၃ဝ – ဒီပဲယင်းဒေသ သတ်ဖြတ်မှု

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ရောက် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တုတ်၊ ဓား လက်နက်ကိုင် အရပ်ဝတ် အင်အား ၅,ဝဝဝ ခန့်က တိုက်ခိုက်ခဲ့ကြသည်။ စွမ်းအားရှင်များ၊ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ ပါဝင်သည့် ထိုလူရမ်းကားတို့၏ တိုက်ခိုက်မှုကြောင့် NLD အဖွဲ့ဝင် အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီး၊ ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

    • ၂ဝဝ၇ စက်တင်ဘာလ – ရွှေဝါရောင်တော်လှန်ရေး

သံဃာတော်များ ဦးဆောင်သော ဒီမိုကရေစီအရေးဆန္ဒပြပွဲများ ဒေသအများအပြားတွင် အရှိန်မြင့်တက်လာစဉ် အာဏာပိုင်တို့က လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားသော စစ်သားများကို အသုံးပြု၍ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုဖြိုခွင်းမှုများတွင် ရဲ၊ စစ်သားများနှင့်အတူ အရပ်ဝတ်စွမ်းအားရှင်များက တုတ်ကိုင်ဆောင်၍ ဆန္ဒပြသူတို့ကို ဝင်ရောက် ရိုက်နှက်ခဲ့ကြသည်။ ထိုသို့ နှိမ်နင်းမှုကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့ပြီး၊ ဒါဇင်နှင့်ချီ ဒဏ်ရာရသွားသည်။

    • ၂ဝဝ၉ ဇွန်လ – ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းသူများ တိုက်ခိုက်ခံရမှု

အထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မတိုင်မီ ဆုတောင်းပွဲပြုလုပ်သည့်နေရာသို့ အရပ်ဝတ်အမျိုးသားများ ရောက်ရှိသွားပြီး ဆုတောင်းပွဲတွင်ပါဝင်သူများကို တိုက်ခိုက် ဖမ်းဆီးခဲ့သည်။ ထိုဖြစ်ရပ်တွင် စွမ်းအားရှင်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတို့ တာဝန်ရှိကြောင်း NLD က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    • ၂ဝ၁၅ ဖေဖော်ဝါရီလ – ရွှေပြည်သာအလုပ်သမားသပိတ် ဖြိုခွင်းခံရမှု

ရန်ကုန် ရွှေပြည်သာစက်မှုဇုန်အနီးရှိ ကားလမ်းပေါ်တွင် လုပ်ခလစာ ပိုမိုရရှိရေး ထိုင်သပိတ်ဆင်နွှဲနေသော အထည်ချုပ် အလုပ်သမားများကို အရပ်သားတချို့၊ ရဲတပ်ဖွဲ့ဝင် တချို့က အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ ဆူပူမှုကို မလိုလားသော ဒေသခံများက ရဲတပ်ဖွဲ့ကို ဝင်ရောက်ကူညီခဲ့ခြင်းသာဖြစ်ကြောင်း အာဏာပိုင်တို့က သတင်းစာရှင်းလင်းပွဲလုပ်၍ ပြောဆိုခဲ့သည်။

    • ၂ဝ၁၅ မတ်လ – ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြမှု

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသားများ မန္တလေးမှ ရန်ကုန်သို့ ချီတက်ဆန္ဒပြနေမှုအား အကြမ်းဖက်နှိမ်နင်းခြင်း မပြုရန် တောင်းဆိုဆန္ဒပြသူတို့ကို ဒါဇင်နှင့်ချီသော စွမ်းအားရှင်တို့က ရဲများရှေ့တွင်ပင် ဝင်ရောက်ထိုးကြိတ် ဖမ်းဆီးခဲ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်မှ ဒဏ်ရာ အပြင်းအထန် မရခဲ့သော်လည်း အရပ်သားအစိုးရလက်ထက် စွမ်းအားရှင်တို့ တစ်ကျော့ပြန် ထွက်ပေါ်လာသည့်အတွက် ပြည်သူလူထုက အမျက်ဒေါသထွက်ခဲ့သည်။

Show More

Related Articles

Back to top button