
ရန်ကုန် – မေ ၁၂ ရက်နေ့က ပေါ်ပေါက်ခဲ့သည့် ရန်ကုန်မြို့ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် ဥပဒေကြောင်းအရ ဖြေရှင်းသွားမည်ဟု တိုက်ခိုက်ခံရသူ တချို့က မေ ၁၄ ရက်နေ့တွင် ပြောလိုက်သည်။
ဝင်ရောက် ရိုက်နှက်သူအများအပြားမှာ မည်သည့်အဖွဲ့မှ ကိုယ်စားလှယ်များဖြစ်သည်ကို လတ်တလော ရှင်းလင်းစွာ မသိရသေးဘဲ အာဏာပိုင်တို့ကလည်း ၎င်းတို့ကို အရေးယူခြင်း မရှိသေးပေ။
အလားတူ အကြမ်းဖက်မှုမျိုး ထပ်မံပေါ်ပေါက်ခြင်း မရှိစေလိုသဖြင့် အခင်းဖြစ်ပွားသည့်နယ်မြေရဲစခန်းတွင် အမှုဖွင့်မည်၊ တိုင်းဒေသကြီးနှင့် ဗဟိုအစိုးရ ခေါင်းဆောင်များသို့လည်း စာပို့ အကြောင်းကြားမည်ဟု ရိုက်နှက်ခံရသူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က ပြောသည်။
“ဒါ ဘယ်သူက ခိုင်းတာလဲ။ ရဲတပ်ဖွဲ့က မခိုင်းဘူးဆိုရင် သူတို့ကို အကြမ်းဝင်ဖက်တဲ့အတွက် အရေးယူဖို့ ရဲတပ်ဖွဲ့အနေနဲ့ လုပ်ကိုလုပ်ဖို့လိုတယ်” ဟု လုံခြုံရေးတပ်ဖွဲ့အရာရှိများရှေ့တွင်ပင် လူ ၅ ဦး၏ ဝိုင်းဝန်း ရိုက်နှက်ထိုးကြိတ်မှုကို ခံခဲ့ရသည့် ကိုတင်ထွဋ်ပိုင်က ဆိုသည်။
ကချင်ဒေသတိုက်ပွဲများကြောင့် ဒေသခံအများအပြား ထွက်ပြေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ထိုဆန္ဒပြပွဲကို ဝင်ရောက်နှောင့်ယှက်သူများမှာ တပ်မတော်ကို ထောက်ခံသူများဖြစ်သည်ဟု တချို့က သုံးသပ်နေကြသည်။
“တပ်မတော်ကို ထောက်ခံချင် ထောက်ခံပါ၊ ဘာမှမဖြစ်ဘူး။ ကျနော်တို့လည်း ကိုယ့်အယူအဆနဲ့ စစ်ပွဲကို ကန့်ကွက်တယ်။ ဒါကို ပွဲပျက်အောင်၊ ပုံဖျက်ဖို့ အကြမ်းဝင်ဖက်တာမျိုးတော့ ဘယ်လိုမှ လက်မခံဘူး” ဟု Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ဆိုသည်။
အမျိုးသားရေးအင်အားစုများ၊ တပ်မတော်ထောက်ခံပွဲတွင် ပါဝင်ခဲ့ကြသူများက ဆန္ဒပြမည့်နေရာသို့ လာရောက်ပြီး တန်ပြန်ဆန္ဒပြမည်ဟူသော သတင်းတချို့ ထွက်ပေါ်နေခြင်းကြောင့် ထိပ်တိုက်တွေ့နိုင်မည့် အရေးကို ကာကွယ်သောအားဖြင့် လုံခြုံရေးရရှိရန် ရဲတပ်ဖွဲ့ထံသို့ ကြိုတင်အကြောင်းကြားထားကြောင်း၊ အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။
ဆန္ဒပြသူတို့ လူစုခွဲရန် ရဲတပ်ဖွဲ့၏ တောင်းဆိုမှုကို လက်ခံကာ လူစုခွဲနေချိန်တွင် လူတချို့ ဝင်ရောက်အကြမ်းဖက်မှုကို တားဆီးရန် ပျက်ကွက်မှုအတွက် အာဏာပိုင်တို့တွင် တာဝန်ရှိသည်ဟု ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကော်မတီမှ မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။
ပစ်မှတ်ထားတိုက်ခိုက်မှု
သတင်းသမားအများအပြား မှတ်တမ်းတင် သတင်းယူနေကြသည့် ထိုနေရာတွင် ရဲတပ်ဖွဲ့တို့က ဆန္ဒပြသူတချို့ကို ထိန်းသိမ်းခေါ်ဆောင်သွားသည်။
အထိန်းသိမ်းခံလိုက်ရသူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က အချုပ်ကားအနီး ရောက်ရှိသွားစဉ် အမျိုးသား ၅ ဦးက ဝင်ရောက် ထိုးကြိတ်ကြသည်။
နှုတ်ခမ်းပေါက်ပြဲကာ ဘယ်ဘက်ပါးနှင့် လည်ပင်း ရောင်ကိုင်းစသည့် ဒဏ်ရာများကို ရရှိခဲ့သည်ဟု ကိုတင်ထွဋ်ပိုင်က Myanmar Now ကို ပြောသည်။
“လူစုခွဲကြမယ်ဆိုလို့ ကျွန်တော်က အရှေ့ဘက်ကို ထွက်သွားတယ်။ အဲ့ဒီအချိန်မှာ ရဲ ၁ဝ ဦးလောက်က တစ်ယောက်ကို တုတ်တွေနဲ့ရိုက်ပြီး ဖမ်းနေတာမို့ ကျွန်တော်က ဝင်ဆွဲတယ်။
ကျွန်တော့်ကိုပါ ချုပ်ပြီး ဖမ်းတယ်။ အချုပ်ကားနား အရောက်မှာ မင်းလားကွ၊ ငြိမ်းချမ်းရေးလိုချင်သူဆိုပြီး ဝိုင်းထိုးတာ။ ရဲတွေဘက်က ဘာမှ အကာအကွယ်မပေးနိုင်ဘူး” ဟု ကိုတင်ထွဋ်ပိုင်က ပြောသည်။
“ဥပဒေအရ ရဲတွေအနေနဲ့ ဖမ်းချင်တယ်ဆိုဖမ်း။ ဒါက သဘာဝကျတယ်။ အခုက ရဲကပဲ ခိုင်းထားလို့လား၊ အမျိုးသားရေးလို့ ဆိုကြတဲ့သူတွေက ဝိုင်းထိုး တွန်းဆွဲတာကျတော့ သဘာဝမဟုတ်တော့ဘူး။ သူတို့ကို ဘယ်သူက လုပ်ပိုင်ခွင့်ပေးထားတာလဲလို့ မေးခွန်းထုတ်ရမယ်” ဟု သူက ဆိုသည်။
ဆန္ဒပြမှုကို မလိုလားသူတို့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံရသူများထဲတွင် အဓမ္မဝါဒီတိုက်ဖျက်ရေးအဖွဲ့မှ ကိုမြတ်ကျော်လည်း ပါဝင်သည်။ ဆန္ဒပြသည့်နေရာမှ ထွက်ပြီး လမ်းဘေးတွင် ရပ်နေစဉ် အမျိုးသားဆယ်ဦးခန့်က ပစ်မှတ်ထား တိုက်ခိုက်ကြကြောင်း၊ ဖမ်းချုပ် ထိုးနှက်ပြီး ဆွဲခေါ်သွားစဉ် ရဲတပ်ဖွဲ့ဝင်တို့က ဟန့်တားခြင်း မပြုခဲ့ကြောင်း အကာအကွယ်မပေးခဲ့ကြောင်း ကိုမြတ်ကျော်က ပြောသည်။
ပြည်သူ့ကိုယ်စားလှယ်တို့၏အသံ
သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ဆန္ဒပြသူတို့ လူစုခွဲကြချိန် ဆန္ဒပြပွဲကို ဆန့်ကျင်သူတို့က ဥပဒေနှင့်မညီစွာ ဝင်ရောက်ဆောင်ရွက်ခြင်းကို ရဲတပ်ဖွဲ့ဝင်တို့က လက်ပိုက်ကြည့်နေခြင်းမှာ မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်ဟု ထောက်ပြသည်။
“ရဲတပ်ဖွဲ့အနေနဲ့ ဒီအရပ်ဝတ်လူတွေက ဘယ်သူတွေလဲဆိုတာ ဖြေရှင်းချက် ထုတ်ကိုထုတ်ပေးဖို့ လိုပြီ။ ကိုယ့်ဝန်ထမ်းတွေကို အရပ်ဝတ်နဲ့ တာဝန်ပေးထားတယ်ဆိုလည်း တာဝန်ပေးထားကြောင်းကို ထုတ်ပြောဖို့ လိုတယ်။ တာဝန်သိ ပြည်သူတွေက ဖမ်းပါတယ်ဆိုရင်တောင် ဒါက ရဲတွေ လက်လှမ်းမမီတဲ့နေရာမှာဆို တစ်မျိုး။ အခုက ရဲတွေလည်း ရှိနေတာကို ဒီလူတွေက ဝင်အကြမ်းဖက်တာ။ ဒါဟာ ဝတ္တရားနှောင့်ယှက်မှုတောင် မြောက်တယ်၊ ဒီလူတွေကို ပြန်အရေးယူပေးဖို့ လိုတယ်” ဟု သူက ဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်ဖြူဖြူသင်းက ဒီမိုကရေစီဖော်ဆောင်ရန် ကြိုးပမ်းနေသော အစိုးရခေတ်တွင် စစ်အာဏာရှင်ခေတ်ပုံစံ ပြန်လည်ပေါ်ပေါက်နေခြင်းကြောင့် နိုင်ငံနစ်နာသည်ဟု သုံးသပ်သည်။
“ဟိုလူ့ကိုတော့ အကာအကွယ်ပေးမယ်၊ ဟိုလူ့ကိုတော့ နှိပ်ကွပ်မယ်ဆိုပြီး မဖြစ်စေရဘူး။ ဥပဒေဆိုတာ သာတူညီမျှပဲ” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
“အခုသွားနေတာက တရားဥပဒေစိုးမိုးရေးလမ်းကြောင်းကို သွားနေတာ။ ဒါကို အစိုးရတစ်ရပ်အနေနဲ့ အင်တိုက်အားတိုက် လုပ်နေတဲ့အချိန်မှာ ဖျက်မြင်းတွေလားလို့တောင် စဉ်းစားစရာဖြစ်တယ်”
ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကလည်း အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ကန့်ကွက်လိုက်သည်။
“တာဝန်ရှိသူတွေရဲ့ရှေ့မှာတင် တာဝန်မဲ့တဲ့သူတွေက ဘာမဆိုင် ညာမဆိုင်ဘဲနဲ့ ဝင်လုပ်တာဟာ ပြဿနာကို ပိုကြီးထွားအောင်လုပ်တာလို့ ကျွန်တော် စွပ်စွဲမယ်။ အရင်က စွမ်းအားရှင်လိုလို၊ လက်ပတ်နီလိုလိုနဲ့ သင်္ကေတတစ်ခုခုနဲ့ ဝင်လုပ်ကြခဲ့တဲ့ သာဓကတွေ ရှိတယ်” ဟု ဦးထွန်းမြင့်က ပြောသည်။
အာဏာပိုင်တို့၏ အသံ
လွန်ခဲ့သည့် ၃နှစ်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ဖူးသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ဆန္ဒပြပွဲတစ်ခုကို ဟန့်တားစဉ် တူညီဝတ်စုံ ဝတ်ဆင်မထားဘဲ သာမန်အရပ်သားများကဲ့သို့ ဝတ်ဆင်ထားသူတချို့ကလည်း ဆန္ဒပြသူတို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များရှေ့တွင် အကြမ်းဖက်လုပ်ဆောင်သော ထိုသူတို့သည် စွမ်းအားရှင်များဟု ထင်ရှားသည်။
ထိုဖြစ်ရပ်ပေါ်ပေါက်စဉ် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အာဏာပိုင်တို့သည် ဥပဒေအရ ခွင့်ပြုချက်မရှိသော စုဝေးမှုများကို ဖြိုခွဲရန် အရပ်ဘက်အင်အားစုများ အသုံးပြုနိုင်ကြောင်း ၁၈၉၈ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၈ ကို ကိုးကားပြီး သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်ပြီး မေ ၁၄ ရက်နေ့တွင် ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းရာ ၎င်းက မှတ်ချက်ပေးရန် ငြင်းဆိုသည်။
“ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုသာ မေးမြန်းပါ” ဟု ဦးဇော်ဌေးက ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းစေလိုသည်ဟု ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားရန် အဆင်သင့်မဖြစ်သေးကြောင်း၊ ရုံးသို့ လာရောက် မေးမြန်းစေလိုကြောင်း အကြောင်းပြန်ခဲ့သည်။
အရပ်ဘက်အဖွဲ့များ ကန့်ကွက်
မေလ ၁၂ ရက်နေ့ ရန်ကုန်မြို့ဆန္ဒပြပွဲကို အင်အားသုံးဖြေရှင်းမှု၊ အရပ်ဝတ်များက ဝင်ရောက်အကြမ်းဖက်မှုတို့နှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်လိုက်ကြသည်။
မြန်မာနိုင်ငံ သတင်းသမားများကာကွယ်ရေးကော်မတီက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့သည်။ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုကော်မတီကလည်း ထိုကော်မရှင်ထံသို့ အလားတူ ပေးပို့သွားမည်ဟု သိရသည်။
ဆန္ဒပြပွဲတွင်ပါဝင်စဉ် အထိန်းသိမ်းခံရသူများ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည်။
၎င်းတို့ကို ထောင်ဒဏ် ၃ လ ( သို့မဟုတ် ) ဒဏ်ငွေ ကျပ် ၃ သောင်း ချမှတ်ခံရနိုင်သည့် ငြိမ်းချမ်းစွာ စီတန်းခြင်းနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်း ဥပဒေ ပုဒ်မ ၂ဝ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။