
၂၀၁၈ ခုနှစ် မေလ ညနေခင်းတစ်ခု၌ ရန်ကုန် တာမွေမြို့နယ်ရှိ အိုးရှင်းဈေးဝယ်စင်တာရှေ့တွင် စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်ရန် စုဝေးနေသော လူတစ်စုနှင့် ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။
ကချင်ပြည်နယ်တိုက်ပွဲများအတွင်း ပိတ်မိနေသော အရပ်သားငါးထောင်ကျော်လွတ်မြောက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများဦးဆောင်ကာ ဆန္ဒဖော်ထုတ်ရန် တာမွေ အိုးရှင်းစင်တာရှေ့ ခုံးကျော်တံတားအနီးတွင် စုဝေးနေကြခြင်းဖြစ်သည်။
ဆန္ဒဖော်ထုတ်သူများကို ရဲတပ်ဖွဲ့ဝင်များက တန်းစီစောင့်ဆိုင်းကာ တားဆီးခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၏ အနီးရှိ လူ့တချို့ကလည်း ဆန္ဒပြသူများကို ဆဲဆိုကြိမ်းမောင်းကာ တန်ပြန်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများကို ဆဲဆိုကြိမ်းမောင်းနေသူများအနက် တစ်ဦးက ရဲတပ်ဖွဲ့ဝင်များနောက်ကွယ်နေ၍ “စောက်ကျက်သရေ မရှိတာတွေ၊ ဘာလဲကွာ လာပြီးတော့ ဒုက္ခပေးနေတာ။ ဘာရလို့ ဒုက္ခပေးနေတာလဲ။ ဘာတွေ ရလို့ ဒုက္ခပေးနေတာလဲ။ လာပြီးတော့ အရည်မရအဖတ်မရတွေ။ အရပ်သားတွေ သေကုန်ပြီ။ စောက်လုပ်ကိုရှုပ်တယ်။ ဘာလဲကွာ မြန်မြန်ဖမ်းပေးတော့ အဲကောင်တွေ။ ဘာရလို့ အော်နေတာလဲ” ဟု အော်ဟစ် ဆူပူကြိမ်းမောင်းခဲ့သည်။

ရှမ်းတိုင်းရင်းသားအင်္ကျီနှင့် ဘောင်းဘီဝတ်ဆင်ထားသည့် ထိုသူက အထက်ပါအတိုင်း အော်ဟစ်နေသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရှိရသည်ဟု မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါ ဆန္ဒပြပွဲတစ်ခုလုံးကို အစအဆုံးစောင့်ကြည့်လေ့လာပြီးနောက် ကော်မတီက အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၎င်းက “ဆရာတို့ ဝင်မချဘူးလား။ ကျွန်တော်တို့ ရှင်းလိုက်ရမလား။ ဖယ်ပေးပါ။ မအေ-ိုးတွေ ကိုယ်မေကိုယ် -ိုးတွေ အကုန်ရှင်းပစ်လိုက်ရမလား” ဟုလည်း အော်ဟစ်ဆဲဆိုခဲ့သည်။
ထိုသူအော်ဟစ်ပြီး မကြာမီ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြလူစုကို ဝင်ရောက်ဖမ်းဆီးကြသည်။ ထိုအချိန်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရှိနေသည့် အမျိုးသားရေးသမားဆိုသူ အရပ်ဝတ်များကလည်း ဆန္ဒပြုသူများကို လည်ပင်းဝင်ညှစ်သူကညှစ်၊ ခြေထောက်ဆွဲသူကဆွဲဖြင့် ကိုယ်ထိလက်ရောက် ပြုမူခဲ့ကြသည်။ စစ်အာဏာရှင်ခေတ်က စွမ်းအားရှင်ဆိုသူများနည်းတူ ပြုမူခဲ့ကြခြင်းဖြစ်သည်။
ရှမ်းတိုင်းရင်းသားဝတ်စုံဖြင့် အော်ဟစ်ခဲ့သူမှာမူ ထိုသို့ဝင်ရောက်ဖမ်းဆီးမှုတွင် ဝင်ပါခြင်းမရှိဘဲ ခပ်လှမ်းလှမ်းမှနေ၍ အခြေအနေအကဲခတ်နေသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ဆန္ဒပြုသူများအပေါ် ရဲတပ်ဖွဲ့နှင့် အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကလည်း စစ်ဆေးခဲ့သည်။
စစ်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ်သူများကို ဝင်ရောက်ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များကို အထက်ပါအတိုင်း လှုံ့ဆော်အော်ဟစ်ခဲ့သူမှာ ယခုအခါ ပီသုံးလုံးပါတီဟု ခေါ်ဝေါ်ကြသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဖြစ်နေသည်။
အသက် ၄၁ နှစ်အရွယ် ဦးနိုင်သူလတ် ခေါ် သာထက်သည် လာမည့်ရွေးကောက်ပွဲတွင် PPP ပါတီကိုယ်စားပြုကာ အင်းစိန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ၌ ဝင်ရောက်အရွေးချယ်ခံမည့် ဦးနိုင်သူလတ်မှာ PPP ပါတီ၏ အင်းစိန်မြို့နယ်ဥက္ကဋ္ဌလည်းဖြစ်သည်။
သူသည် တာမွေမြို့နယ် အိုးရှင်းစင်တာရှေ့ ရုတ်ရုတ်သဲသဲဖြစ်မှုတွင် ပါဝင်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့များကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ဗဟန်းမြို့နယ်တရားရုံး၌ နှစ်နှစ်နီးပါးကြာ အမှုရင်ဆိုင်ခဲ့ရပြီး ယခုနှစ် ဇူလိုင်တွင် ဒဏ်ငွေ ၅၀၀၀ ပေးဆောင်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးရန် ခေါ်ဆိုခဲ့ရာတွင် ၎င်းက သွားရောက်ခဲ့ခြင်း မရှိပေ။
PPP ပါတီ၏ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်လာပြီးနောက် ဦးနိုင်သူလတ်သည် စွမ်းအားရှင်လက်ကိုင်တုတ်တစ်ဦးဖြစ်ကြောင်း Facebook ပေါ်တွင် ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့သည်။
တာမွေမြို့နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုနေ့က ၎င်းမှာ သူငယ်ချင်းနှင့် တွေ့ဆုံရန်အသွား တာမွေအိုးရှင်းစင်တာ၌ လမ်းပိတ်နေ၍ ဆင်းကြည့်ခဲ့ပြီး ဆန္ဒပြုနေသူအုပ်စုအပေါ် မေးခွန်းအနည်းငယ်ထုတ်ခြင်း၊ ဆိုးဆိုးရွားရွားကားလမ်းပိတ်နေ၍ ရဲတပ်ဖွဲ့က အမြန်ဆုံးဖြေရှင်းရန် ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း ဦးနိုင်သူလတ်က Myanmar Now ကို ပြောသည်။

“ကျွန်တော်မှ တကယ်ပါဝင် ပတ်သက်ခဲ့ခြင်းမှ မရှိတာ။ အဲဒီတုန်းကတောင် ဘာမှမဖြစ်ခဲ့ဘဲနဲ့ အခုကျမှ လက်ကိုင်တုတ်လို့ ဒီချိန်မှ ပေါ်လာရလဲ။ ဘာလို့ လက်ကိုင်တုတ်လို့ ပြောကြသလဲ။ စွမ်းအားရှင်လို့ ဘာလို့ ဒီချိန်မှ သတ်မှတ်ကြသလဲ။ ကျွန်တော် ရွေးကောက်ပွဲဝင်မှ ဘာလို့ အဲဒီလို ပြောကြသလဲ။ ဒါက ပါတီကို ထိုးနှက်မှုတစ်ခုဖြစ်နိုင်တယ်လို့ ထင်မြင်တယ်လေ။ တခြားသော ယူဆစရာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ဦးနိုင်သူလတ်မှာ PPP ပါတီ ကိုယ်စားပြု အပြာရောင်ပုဆိုး၊ အပြာရောင်နှာခေါင်းစီး ဝတ်ဆင်ထားပြီး အင်းစိန်မြို့နယ်ရှိ ပါတီ၏ ရုံးခန်းတွင် Myanmar Now က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။
မဘသနောက်ခံ
အိုးရှင်းစင်တာဖြစ်စဉ်မှာ ‘လမ်းကြုံ’ သွားစဉ် ဖြစ်ပွားခဲ့ခြင်းဟု ဦးနိုင်သူလတ်က ဆိုသော်လည်း ၎င်းမှာ အမျိုးသားရေးသမားများဟု သူတို့ကိုယ်တိုင်ကင်ပွန်းတပ်နေသောသူများနှင့် နှီးနွှယ်မှုများရှိခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီတွင် သမ္မတဦးသိန်းစိန်၏ အကြံပေးတစ်ဦးဖြစ်ခဲ့သူ ဒေါက်တာနေဇင်လတ်ဦးဆောင်သော အမျိုးသားတိုးတက်ရေးဆိုသည့် ပါတီတစ်ခု ပေါ်ပေါက်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လူကြိုက်များနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲမထည့်ချင်သူ အမျိုးသားရေးအင်အားစုများဆိုသူများ၏ မဲကိုရရှိရန် တက်သုတ်ရိုက်ထူထောင်ခဲ့သော ပါတီဖြစ်သည်။
ဒေါက်တာနေဇင်လတ်၏ပါတီက ကျေးလက်နေပြည်သူများကိုပါ အမျိုးသားရေးအင်အားစုဟု ရည်ညွှန်းကာ အမျိုးသားရေးအမာခံကိုယ်စားလှယ်လောင်းဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော်လည်း မည်သည့်မဲဆန္ဒနယ်တွင်မျှ အနိုင်မရရှိခဲ့ပေ။
၂၀၁၅ ရွေးကောက်ပွဲတွင် ဘဲဥပင်မကွဲခဲ့သော ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီကိုယ်စားပြုကာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်-၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူမှာ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် (PPP) ပါတီကိုယ်စားလှယ်လောင်း ဦးနိုင်သူလတ်ပင်ဖြစ်သည်။
အမျိုးသားရေးသမားဆိုသူများ အင်အားကောင်းခဲ့သည့် ယခင်အစိုးရလက်ထက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) ၏ လှုပ်ရှားမှုများတွင် ဦးနိုင်သူလတ်ပါဝင်ခဲ့သည်ကိုလည်း လူမှုကွန်ရက် Facebook ပေါ်ရှိ ဓာတ်ပုံများက ဖော်ပြနေသည်။
လက်ရှိအစိုးရလက်ထက်တွင် တရားမဝင်အသင်းအဖြစ် သတ်မှတ်ကာ ဖျက်သိမ်းခံခဲ့ရသည့် မဘသအဖွဲ့က ဦးဆောင်ကျင်းပခဲ့သော သင်တန်းများတွင် ဦးနိုင်သူလတ်သည် နာမည်ကျော် မဘသရှေ့နေ ဦအေးပိုင်နှင့်အတူ သင်တန်းပို့ချခြင်းနှင့် အင်္ဂလိပ်စာဆရာအဖြစ် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
မကြာသေးမီရက်ပိုင်းအတွင်းကပင် မဘသအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသအား PPP ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်ဦးဆောင်၍ သွားရောက်လှူဒါန်းရာတွင် ဦးနိုင်သူလတ်လည်း ပါဝင်ခဲ့သည်။
သို့သော် အများဝေဖန်နေကြသကဲ့သို့ သူသည် မဘသအဖွဲ့ဝင်တစ်ဦးမဟုတ်ကြောင်း ဦးနိုင်သူလတ်က ငြင်းဆိုသည်။

မဘသဦးဆောင်သော လှုပ်ရှားမှုများတွင် ခေါင်းစဉ်ကြိုက်၍ ပါဝင်ခဲ့ဖူးခြင်းသာဖြစ်ပြီး မဘသအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှေ့နေဦးအေးပိုင်နှင့်အတူ သင်တန်းပေးခြင်းများရှိသော်လည်း ထိုဆောင်ရွက်မှုများမှာ နိုင်ငံသားတစ်ဦးအနေဖြင့် ပရဟိတဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ဦးနိုင်သူလတ်က ဆိုသည်။
“ကျွန်တော် သိထားတာက အမျိုးဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်တဲ့အလုပ်တွေက လူတွေက စကားလုံးအဖြစ် ပြောနေကြတာ။ ကိုယ့်ဘာသာရင်ထဲမှာ အဓိကက လုပ်ဆောင်နေရမယ့် တာဝန်။ ငွေကြေးနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ တတ်နိုင်သလောက် ပူးပေါင်းပါဝင်ပြီးတော့ လုပ်ဆောင်ရမယ့်ကိစ္စ” ဟု ဦးနိုင်သူလတ်က ဆိုသည်။
PPP ပါတီဝင်ကိုယ်စားလှယ်လောင်း ဦးနိုင်သူလတ်
ဒေါက်တာနေဇင်လတ်ဦးဆောင်သော အမျိုးသားတိုးတက်ရေးပါတီမှ ဒေါ်သက်သက်ခိုင်ဦးဆောင်သော PPP ပါတီသို့ ပြောင်းလဲခြင်းမှာ ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးဆောင်ရွက်ချက်များကို ကြိုက်နှစ်သက်၍ ဖြစ်သည်ဟုလည်း ဆိုသည်။
PPP ပါတီ၏ ကိုယ်စားလှယ်လောင်းကြေညာချက်တွင် အသက် ၄၁ နှစ်အရွယ် ဦးနိုင်သူလတ်(ခ) သာထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် သတင်းဘာသာပြန်အဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ပြင်ပကုမ္ပဏီတစ်ခုတွင် စကားပြန်အဖြစ်ဆောင်ရွက်သူ၊ ဘုန်းကြီးကျောင်းများ၌ ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းများတွင် အခြေခံအင်္ဂလိပ်စာနှင့် ဗုဒ္ဓဘာသာ အင်္ဂလိပ်ဓမ္မသီချင်းများကို ရင်သွေးငယ်တို့အား ပို့ချသူအဖြစ် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုများအဖြစ် ရခိုင်ပြည်မြောက်ပိုင်းရှိ မွတ်စလင်များအား လူမျိုးလိမ်များအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်ပြုလုပ်ခဲ့သော ကန့်ကွက်မှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် လျှပ်စစ်မီတာခ အဆမတန်တိုးလို့ကန့်ကွက်မှု စသဖြင့် တိုင်းရင်းသားပြည်သူ့အရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။
ယခုအခါ ဆရာသာထက် အမည်ဖြင့် အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာတို့တွင် အင်္ဂလိပ်စာပို့ချလျက်ရှိကြောင်း PPP ပါတီ၏ ကိုယ်စားလှယ်လောင်းကြေညာချက်တွင် ဖော်ပြသည်။
ဦးနိုင်သူလတ်မှာ ၂၀၁၆ ခုနှစ်က ရခိုင်၊ မောင်တောဒေသတွင် တပ်မတော်က နယ်မြေစီးနင်းမှုအား နှိမ်နင်းခြင်းနှင့် အချုပ်အခြာတည်မြဲရေးဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ၊ ၂၀၁၈ တွင် ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းမှုကို ကန့်ကွက်ရှုတ်ချပွဲ၊ မှတ်ပုံတင်ကိုင်ဆောင်သူ ရခိုင်ပြည်ရှိ မွတ်စလင်များကို နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးခြင်းကို အလိုမရှိကြောင်း ဆန္ဒပြပွဲများကို ဦးဆောင်ပြုလုပ်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

PPP ပါတီတွင် ကိုယ်စားလှယ်လောင်းရွေးချယ်သည့် စံသတ်မှတ်ချက် ငါးချက်ရှိပြီး ပါတီဝင်ဖြစ်သူ၊ ရပ်ရွာက လူသိများ၍ မြို့လူထုက ယုံကြည်မှုရှိသူ၊ အတွေ့အကြုံရှိသူ၊ ပါတီက ဖွင့်လှစ်သော သင်တန်းများတွင် တက်ရောက်နိုင်သူ၊ ဥပဒေပြုရေး၊ ပြည်သူကိုယ်စားပြုရေး၊ အစိုးရနှင့် တရားစီရင်ရေးတို့ကို အပြန်အလှန်ထိန်းကျောင်းနိုင်သူတို့ကို ရွေးချယ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ဆိုသည်။
သို့သော် မဘသနှင့် နှီးနွှယ်သော ဦးနိုင်သူလတ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ မေးရာတွင် ဒေါ်သက်သက်ခိုင်က တစ်စုံတစ်ရာ မှတ်ချက်မပေးပေ။
PPP ပါတီဒုဥက္ကဋ္ဌဖြစ်သူ လက်ရှိတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇယျကမူ ဦးနိုင်သူလတ်ကို ကိုယ်စားလှယ်လောင်းအဖြစ် သူကိုယ်တိုင်ပင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အတိတ်ကိုမကြည့်ဘဲ ပစ္စုပ္ပန်နှင့် အနာဂတ်ကိုကြည့်သည့် မူဖြင့်သာ ရွေးချယ်ကြောင်း ဆိုသည်။
“ကိုနိုင်သူလတ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြိုင်ချင်လာအောင် ကျွန်တော် အာပေါက်အောင် စည်းရုံးရပါတယ်။ ကိုယ်စားလှယ်လောင်းတစ်ဦးရဲ့ အရည်အသွေးရှိတဲ့အတွက် သားရေ ဝင်ပါ၊ ပြုပါနဲ့ ကျွန်တော် တော်တော်လေး စည်းရုံးလိုက်ရပါတယ်။ စည်းရုံးပြီးမှ ဝင်တာပါလို့ ပြောလိုပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
မဘသဦးဆောင်ဆရာတော် အင်းစိန်ရွာမဆရာတော်သည် မူလကတည်းက ဒေါ်သက်သက်ခိုင်ကိုးကွယ်သည့် ဆရာတော်ဖြစ်ပြီး ဆရာတော်အား သွားရောက်လှူဒါန်းရာတွင် နိုင်သူလတ်မပါဝင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
PPP ပါတီသည် မဘသနှင့် လုံးထွေး၍ အမျိုးသားရေးဘက်ယိမ်းလာသည်ဆိုသော ဝေဖန်မှုများအပေါ် ဦးကျော်ဇေယျက ငြင်းဆိုပြီး မင်္ဂလာတောင်ညွှန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ အစ္စလာမ်ဘာသာကိုးကွယ်သူ ကိုအောင်မျိုးမင်းဖြစ်ပြီး တိုင်းပြည်ချစ်မြတ်နိုးသူဖြစ်သည်ဟု ပြောသည်။
ပါတီဥက္ကဋ္ဌက မဘသဆရာတော်ထံ သွားရောက်လှူဒါန်းခြင်းမှာ ယခင်ကတည်းက ကိုးကွယ်သည့် ဆရာတော်ဖြစ်၍ သာသနာပြန့်ပွားရေး ရည်ရွယ်လှူဒါန်းခြင်းသာ ဖြစ်သည်ဟုဆိုသည်။
ဘာသာရေးနှင့် လူမျိုးရေးအခြေခံ ရေးသားဖြန့်ဝေမှုများတွင် လူစိတ်ဝင်စားမှုအများဆုံးပါတီမှာ PPP ပါတီဖြစ်ကြောင်း လွန်ခဲ့သည် ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည့် ပြည်တွင်းအခြေပြု အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် လောကအလင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
PPP ပါတီ၏ ရဟန်းသံဃာများထံ လှူဒါန်းခြင်း၊ ကျောင်းကန်များသို့ သွားရောက်ခြင်းဓာတ်ပုံများကို လူမှုကွန်ရက်၌ ဖြန့်ဝေမှုတွင် အခြားသော ပါတီများ၏ ထိုသို့သော ဆောင်ရွက်ချက်များထက် လူစိတ်ဝင်စားမှု ပိုမိုများပြားသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒုတိယလူစိတ်ဝင်စားမှု အများဆုံးပါတီမှာ NLD ဖြစ်ကြောင်းလည်း လောကအလင်း၏ အစီရင်ခံစာက ဆိုသည်။
မဘသအဖွဲ့ဝင် အမျိုးဘာသာသာသနာရေးလှုပ်ရှားသူမဟုတ်ကြောင်း ဦးနိုင်သူလတ်က ငြင်းဆိုသော်လည်း ၎င်းသည် မဘသဘက်တော်သား၊ အမျိုးသားရေးလှုပ်ရှားသူအဖြစ် ဆန္ဒပြပွဲမတိုင်ခင်အချိန်များကတည်းက သိရှိထားကြောင်း တာမွေအိုးရှင်းစင်တာအနီး စစ်ဆန့်ကျင်ရေးဆန္ဒပြရာတွင် ဦးဆောင်သူဖြစ်သည့်အပြင် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူ ကိုသက်ဆွေဝင်းက ပြောသည်။
ထို့ကြောင့်ပင် ဦးနိုင်သူလတ် ကိုယ်စားလှယ်လောင်းအဖြစ် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ရောက်ရှိလာသည့်အခါ မဘသအနွယ်ဝင် အမျိုးသားရေးလှုပ်ရှားသူအဖြစ် ဝေဖန်ခံရခြင်းမှာ သိသာထင်ရှားသည့်အချက် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
PPP ပါတီသည် တည်ထောင်စတွင် စိတ်ဝင်စားမှုခံရသော်လည်း နောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်း၊ မဘသဆရာတော်နှင့် တွေ့ဆုံခြင်းကဲ့သို့ မဘသနှင့် လုံးထွေးလာခြင်းအပြင် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ်၌လည်း ကိုသက်ဆွေဝင်းက မေးခွန်းထုတ်သည်။
“ပြည်သူ့မျက်နှာကို ကြည့်ဖို့ လိုတယ်။ တိုင်းပြည်အနာဂတ်ကို သေချာကြည့်ဖို့ လိုတယ်။ ကိုယ်တွေ အာဏာရဖို့ ကိုယ်တွေမဲရဖို့ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေးအကျိုးအမြတ်ရအောင်လို့ လုပ်ဖို့ရည်ရွယ်တာမျိုးတွေ ရှိခဲ့မယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ ရှိတယ်၊ မရှိတယ်တော့ ကျွန်တော့်အနေနဲ့ မပြောချင်ဘူး” ဟု ၎င်းက ဆိုသည်။