(ရန်ကုန်) – မကြာသေးခင်က ရန်ကုန်၊ တာမွေမြို့နယ်အတွင်း စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြစဉ် ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက် တိုက်ခိုက်သူတို့ကို အရေးယူပေးရန် ဆန္ဒပြသူများက မေ ၃ဝ ရက်နေ့တွင် အစိုးရကို တောင်းဆိုလိုက်သည်။
အရပ်သားတချို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များရှေ့တွင် ထိုသို့ ပြုမူခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည်ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် မခင်စန္ဒာထွန်းက ပြောသည်။
“သက်ဆိုင်ရာအစိုးရတွေ အကုန်လုံးကို တိုက်တွန်းထားတယ်။ တစ်ဦးချင်းတရားစွဲတာ၊ မစွဲတာထက် ထိထိရောက်ရောက်နဲ့ သက်ဆိုင်ရာအစိုးရက ဖိအားပေးပြီးတော့လုပ်တာ ပိုပြီးတော့ ကောင်းတယ်” ဟု မခင်စန္ဒာထွန်းက ပြောသည်။
သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ လွှတ်တော်ကော်မတီတချို့ အပါအဝင် ဌာန ၁၄ ခုသို့ တောင်းဆို တိုက်တွန်းစာပေးပို့ထားကြောင်း၊ လူ့အခွင့်အရေးကော်မရှင်နှင့်လည်း မေ ၃ဝ နံနက်တွင် တွေ့ဆုံခဲ့ကြောင်း ဦးဆောင်ဆန္ဒပြသူများက ပြောသည်။
စုံစမ်းစစ်ဆေးရေး
အရပ်သားတချို့က ဆန္ဒပြသူတို့ ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ ဖြေရှင်းမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးစေလိုကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုဇေယျာလွင်က ပြောသည်။
ထိုအရပ်သားတို့ကို တရားစွဲဆိုသွားရန် ဆန္ဒရှိခဲ့သော်လည်း တစ်ဦးချင်းတုံ့ပြန်သည်ထက် အစိုးရက ကိုင်တွယ်သည်က ပိုမို သင့်လျော်မည်ဟု ယူဆကြသည့်အတွက် စုံစမ်းစစ်ဆေးစေလို ခြင်းဖြစ်ကြောင်း ဆန္ဒပြခဲ့သူတို့က ပြောသည်။
ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက အဆိုပါအရပ်ဝတ်များကို အရေးယူပေးရန် မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟု သတင်းရကြောင်း ၎င်းတို့က ဆက်ပြောသည်။
ထိုသတင်းနှင့်ပတ်သက်၍ ဗဟန်းမြို့နယ် ရဲမှူးသိန်းဝင်းထံမှ အတည်ပြုချက်ယူရန် Myanmar Now က ကြိုးပမ်းသော်လည်း တယ်လီဖုန်း အဆက်အသွယ် မရသေးပေ။
စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြသူများထဲမှ ၁၇ ဦးသည် ဗဟန်းမြို့နယ်တရားရုံးတွင် ငြိမ်းချမ်းစွာ စီတန်းခြင်း နှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းဥပဒေ ပုဒ်မ ၂ဝ ဖြင့် အရေးယူခံထားရသည်။
ထိုပုဒ်မအရ အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်လျှင် အများဆုံး ချမှတ်ခံရနိုင်သည့် စီရင်ချက်မှာ ထောင်ဒဏ် သုံးလ (သို့မဟုတ်) ငွေဒဏ် ၃ဝ,ဝဝဝ ဖြစ်သည်။
နောက်ဆက်တွဲ တုံ့ပြန်မှုများ
ယခုလအတွင်း ကျင်းပခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်အောင်ဝင်းဦးက အဆိုပါ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝင်များ ကိုင်တွယ် ဖြေရှင်းစဉ် အရပ်ဝတ်များကို အသုံးပြုကာ ဖမ်းဆီးခဲ့ခြင်းမရှိဟု ပြောသည်။
ရန်ကုန်မြို့ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် အရပ်ဝတ်များ ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်ကိုင်တွယ်မှု၊ ကျောက်တန်းမြို့နယ်၊ သီလဝါဒေသ ဆန္ဒပြလယ်သမားများကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖြိုခွင်းမှုတို့နှင့်ပတ်သက်၍ မေ ၂၄ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်တချို့ ဆွေးနွေးခဲ့သည်။