
(ရန်ကုန်) – ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့နှင့် အရပ်ဝတ် “ပြည်သူ”များ၏ အကြမ်းဖက် ဖြိုခွဲဖမ်းဆီးမှုများကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သင့်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တချို့က ဆွေးနွေးသည်။
မေလ ၁၂ ရက်နေ့က တာမွေမြို့နယ်တွင် ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်နေကြသူများကို အရပ်ဝတ်များနှင့်အတူ ရဲတပ်ဖွဲ့မှ ဖြိုခွင်းခြင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါရွာဟောင်းတွင် မြေယာပြဿနာအပေါ် အကြမ်းဖက်ဖြိုခွဲခြင်း စသည့် ဖြစ်ရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်းဖြစ်သည်။
လွှတ်တော်သို့တင်သွင်းသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ဆွေးနွေးကြရာ အဆိုပါအချက်များကို စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှ ဦးရဲထွဋ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးတို့က ဝေဖန်သုံးသပ်ခဲ့ခြင်းဖြစ်သည်။
ဘယ်နေရာကမှန်းမသိသောသူများက ခဲ့ဖြင့်ပေါက်ခြင်း၊ ဆဲဆိုခြင်း၊ အကြမ်းဖက်နှိမ်နင်းခြင်းတို့ မဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ဆောင်ရန် ကော်မရှင်အနေဖြင့် လိုအပ်ကြောင်း၊ ထိုသို့မပြုလုပ်လျှင် ယခင်ခေတ်များကလို စွမ်းအားရှင်ခေတ်သို့ ပြန်ရောက်သွားစေရန် တွန်းပို့ရာရောက်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
“တာမွေမြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြီး အေးချမ်းစွာ လူစုခွဲနေတဲ့သူတွေကို ရဲတပ်ဖွဲ့နဲ့ အမျိုးသားရေးအမည်ခံလူများက အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခဲ့တယ်။ မီဒီယာတွေ ရှေ့မှောက်မှာတောင် ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ်ခဲ့တာကို ကြည့်ရင် ပညာပေးလုပ်ငန်းများ၊ ကွင်းဆင်း လေ့လာခြင်းများနဲ့ တိုင်ကြားစာရရှိမှု ယခင်ထက် တိုးတက်လာတယ်လို့ အစီရင်ခံစာမှာပါသော်လည်း ကာကွယ်တားဆီးရေးရလဒ်မှာ များစွာ လိုအပ်နေသေးကြောင်း သိသာထင်ရှားစေပါတယ်” ဟု ဒေါ်အေးမြမြမျိုးက ဆွေးနွေးသည်။
ထို့အပြင် ကော်မရှင်အနေဖြင့် စာပေလွတ်လပ်ခွင့်ကိုလည်း အလေးထား ဆောင်ရွက်စေချင်ကြောင်း၊ စာပေ၊ မဂ္ဂဇင်းများတွင် သရော်စာရေးသည်နှင့် အရေးယူ တရားစွဲခံနေကြရသည်ကိုလည်း တွေ့မြင်နေကြရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ဆွေးနွေးသည်။
“ကျွန်တော်တို့ ဒီမိုကရေစီအစိုးရအနေနဲ့ တချို့သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရဲရဲဝံ့ဝံ့ တားဆီးဖို့ လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ အစိုးရအနေနဲ့ တာဝန်ကျေရာ ရောက်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ လူထုကို မလေးမစား ဆက်ဆံရင်တော့ လူထုကလည်း နောင်လာမယ့် သုံးနှစ်အတွင်း ပေါက်ကွဲမှုတွေ အများကြီးရှိလာနိုင်ပြီး ဒီမိုကရေစီအုတ်မြစ် တည်ဆောက်ရာမှာ အများကြီး အခက်အခဲ တွေ့ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ယနေ့လွှတ်တော်တွင် လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ သုံးသပ်မှုတချို့သည် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပေါ်နေသည့် ဖြစ်ရပ်များအပေါ် အခြေခံဆွေးနွေးခဲ့သည်ကို တွေ့ရကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့် အဆိုပါကိစ္စရပ်များကိုလည်း လုပ်ဆောင်နေပြီး ၂၀၁၈ ခုနှစ်အစီရင်ခံစာတွင် ၎င်းအကြောင်းအရာများ ပါဝင်လာမှာဖြစ်ပါကြောင်း လူ့အခွင့်အရေးကော်မရှင်မှ ဦးယုလွင်အောင်က Myanmar Now ကို ပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့် မိမိတို့ကော်မရှင်ထံ မိမိတို့၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တိုင်ကြားစာ ပေးပို့စေချင်ကြောင်း၊ မိမိတို့အနေဖြင့် ကွင်းဆင်းစစ်ဆေးမှုများကို ဦးဆောင်တာဝန်ယူ ပြုလုပ်နိုင်သည်မှာ ကော်မရှင်အဖွဲ့မှ နှစ်ဦးသာ အဓိက ဦးဆောင်လုပ်ဆောင်နေရခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးဖြစ်ပေါ်နေသော ဖြစ်ရပ်များအားလုံးကို မလုပ်နိုင်ပါဟု ၎င်းက ဆက်ပြောသည်။
“ပြဿနာတွေက ဖြစ်နေတာ အများကြီး။ ဖြစ်တိုင်း ကျွန်တော်တို့ မလုပ်နိုင်ဘူး။ အဲ့ဒါကြောင့် ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ တိုင်ကြပါ။ အစီရင်ခံစာမှာ ၂၀၁၇ ခုနှစ်မှာ တိုင်စာတွေ ကျဆင်းလာတယ်ဆိုတာပါတယ်။ ဘာလို့ ကျဆင်းနေလဲတော့ စဉ်းစားရခက်တယ်။ တိုင်စာပေါ်မူတည်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို ကျနော်တို့က အကြံပြုတယ်။
ကွင်းဆင်းလေ့လာတွေ့ရှိချက်ကို ဆိုင်ရာကို အကြံပြုတယ်။ အကြံပြုတဲ့အတိုင်း လုပ်မလုပ်ကို စောင့်ကြည့်တယ်။ မလုပ်ရင် ထပ်နှိုးဆော်တယ်။ သမ္မတဆီကို တင်ပြတယ်။ ဒီနေ့ ဆွေးနွေးချက်တွေကို ကျနော်တို့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ မလုပ်ရသေးခင် အကြံပြုသလိုတော့ ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။