(ရန်ကုန်) — ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ် ပြည်တွင်းစစ်ဆန့်ကျင်ရေးဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဥပဒေအရ အမှုဖွင့်ခံထားရသူများကို ယနေ့ ရုံးထုတ်စစ်ဆေးရာ ခရီးလွန်နေသည်ဟုဆိုကာ မလာရောက်သူနှစ်ဦးကြောင့် မစစ်ဆေးဖြစ်ဘဲ ထိုနှစ်ဦးကို တရားခံပြေးအဖြစ် သတ်မှတ်၍ အချိန်မရွေး စောင့်ဖမ်းမည်ဟု တရားလို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းကပြောသည်။
အရပ်ဝတ်များ၏ အကြမ်းဖက်ဖမ်းဆီးမှုများဖြင့် ရုန်းရင်းဆန်ခတ် ပြီးဆုံးသွားခဲ့သည့် အဆိုပါနေ့က စီတန်းလှည့်လည်ပွဲကို အဓိက ဦးဆောင်ခဲ့သူ ၁၇ ဦးကို ငြိမ်းစုစီဥပဒေအရ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှုဖြင့် ဗဟန်းမြို့မရဲစခန်းတွင် မြို့နယ်မှူး ရဲမှူးသိန်းဝင်းက တရားလိုအဖြစ် အမှုဖွင့်ခဲ့ပြီး ယနေ့ မေလ ၂၅ ရက်နေ့တွင် ဗဟန်းမြို့နယ်တရားရုံး၌ တရားစွဲတင်ခဲ့သော်လည်း အမှုဖွင့်ခံထားရသူအားလုံး မလာရောက်ခဲ့ပေ။
ခရီးလွန်နေ၍ဟုဆိုကာ တရားရုံးသို့ ယနေ့ မလာရောက်ခဲ့သည့် ကိုလင်းထက်နိုင်(ခ)ဂျိမ်း နှင့် ကိုဖိုးစိုးတို့နှစ်ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ကာ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။
“တရားရုံးလာရောက်ခြင်းလည်း မရှိဘူး။ လိပ်စာအတိုင်း နေအိမ်မှာလည်း မရှိဘူးဆိုရင် ပြေးတယ်လို့ပဲ သတ်မှတ်တယ်။ တရားခံပြေးပေါ့။ အဲ့ဒီနှစ်ယောက်ထဲက ဂျိမ်းဆိုတာက အမြဲပြေးနေကျပါ။ ကျွန်တော်ရန်ကုန်မှာ မြို့နယ်မှူးလုပ်တာ ခုနစ်နှစ်၊ ရှစ်နှစ် ရှိပြီ။ အချိန်မရွေးစောင့်ကြည့်ပြီး ကျွန်တော်တို့က ဖမ်းမှာပါ” ဟု ၎င်းက ဆိုသည်။
“ဒီနေ့စစ်ဆေးမှုမှာ တရားခံပြေး ဦးလင်းထက်နိုင်နဲ့ ဦးဖိုးစိုးတို့က ခရီးလွန်နေတာကြောင့် နောက်လာမယ့်ရုံးချိန်းမှာ ထုချေခွင့်နဲ့ စွဲချက်အမိန့်တို့ ချမှာဖြစ်တယ်” ဟု ဗဟန်းမြို့နယ်၊ တရားသူကြီးက မွန်းလွဲ ၁၂ နာရီခွဲ တရားခွင်တွင် ပြောသည်။
တရားစွဲဆိုခံရသူများမှာ အမျိုးသား ၁၂ ယောက်နှင့် အမျိုးသမီးငါးယောက် စုစုပေါင်း ၁၇ ဦး ဖြစ်သည်။ တာမွေလမ်းဆုံမှ ဆူးလေအထိ လမ်းလျှောက်ချီတက်ရန် စီစဉ်ခဲ့ပြီး ခွင့်ပြုချက် မယူခဲ့သဖြင့် ရဲတပ်ဖွဲ့က လာရောက် တားဆီးခဲ့သည်။ ဦးဆောင်သူများက လူစုခွဲရန် ပြင်ဆင်နေစဉ် အရပ်ဝတ်လူတချို့က ရဲတပ်ဖွဲ့ဝင်များ ရှေ့မှောက်မှာပင် အတင်းဝင်ရောက် ဖမ်းဆီးကာ အချုပ်ကားပေါ်တင်ခဲ့သလို ကိုယ်ထိလက်ရောက် ထိုးနှက်ခြင်းများလည်း ရှိခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။
ပြီးခဲ့သည့်တစ်ပတ်က နေပြည်တော်၌ကျင်းပသည့် ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်ဝတ်များကို အသုံးပြုကာ ဖမ်းဆီးခဲ့ခြင်းမရှိဟု ရဲချုပ် အောင်ဝင်းဦးက ပြောသည်။
ထိုနေ့က ဆန္ဒပြသူများအား အကြမ်းဖက်ဝင်ရောက်ရိုက်နှက်သည့် အရပ်ဝတ်များ မည်သူမည်ဝါမှန်း မသိရှိရသေးဘဲ ယင်းဖြစ်စဉ်ကို စေခိုင်းသည့်သူအား ပြန်လှန်အမှုဖွင့်မည်ဟု အဆိုပါနေ့က ဦးဆောင်သူတစ်ဦးလည်းဖြစ်၊ အမှုဖွင့်ခံထားရသူတစ်ဦးလည်းဖြစ်သည့် မခင်စန္ဒာထွန်းက တရားခွင်အပြီးတွင် Myanmar Now ကို ပြောသည်။
“ဒီအရပ်ဝတ်တွေကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ တရားစွဲဆိုဖို့ရှိပါတယ်။ ဒီအကြမ်းဖက်မှုဖြစ်စဉ်ကို ဘယ်သူက စေခိုင်းသလဲ တိတိကျကျ မသိသေးတာကြောင့် ကျွန်မတို့ဥပဒေပိုင်းက ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးပါမယ်။ ပြီးရင် ဒီကိစ္စညွှန်ကြားတဲ့သူကို အရင်ဆုံး ကျွန်မတို့ တိုင်ကြားစာတွေပို့မယ် ပြီးတာနဲ့စွဲမှာပါ” ဟု ၎င်းက ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီထံသို့ တိုင်ကြားစာ ပေးပို့သွားမည်ဟု မခင်စန္ဒာထွန်းက ဆက်ပြောသည်။
ပြန်လည်တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး မေလ ၃၀ ရက်နေ့တွင် ရန်ကုန်၌ ၎င်းတို့အနေဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု ၎င်းကပြောသည်။
ငြိမ်းချမ်းရေးအတွက် ငြိမ်ငြိမ်းချမ်းချမ်း တောင်းဆိုသည့်အတွက် တရားစွဲဆို အမှုရင်ဆိုင်နေရသလို ဆန္ဒပြနေစဉ်အတွင်း တန်ပြန်ဆန္ဒပြသည့် အဖွဲ့အစည်းများကိုလည်း တရားစွဲဆိုသင့်သည်ဟု ဆန္ဒပြပွဲခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဇေယျာလွင်က ပြောသည်။
မေလ ၁၂ ရက်နေ့ တာမွေအဝိုင်းငြိမ်းချမ်းရေးဆန္ဒပြပွဲတွင် အရပ်ဝတ်များဖြင့် ဝင်ရောက် အကြမ်းဖက်ဖြိုခွင်းခဲ့သလို သီလဝါဒေသ ကျောက်တန်းမြို့နယ်ရှိ လယ်သမားများအား ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းသည့် ဖြစ်ရပ်များအပေါ် မေလ ၂၄ ရက်နေ့ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တချို့က ဆွေးနွေးခဲ့သည်။
ငြိမ်းချမ်းစွာ စီတန်းခြင်းနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းဥပဒေ ပုဒ်မ ၂၀ အရ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ပါက ထောင်ဒဏ် သုံးလ (သို့မဟုတ်) ငွေဒဏ် ၃၀,၀၀၀ ကျပ်အထိ ကျခံနိုင်သည်။