သတင်း

စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြသူတချို့ ရှေ့နေ ငှားမည်မဟုတ်

(ရန်ကုန်) — ပြီးခဲ့သည့် မေလအတွင်းက ရန်ကုန်၊ တာမွေမြို့နယ်အတွင်း ပြည်တွင်းစစ်ဆန့်ကျင်ရေးဆန္ဒပြပွဲကြောင့်  ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆိုခံထားရသူများထဲမှ တချို့က တရားစီရင်ရေးကို ယုံကြည်မှု မရှိသည့်အတွက် ရှေ့နေငှားကာ ခုခံချေပသွားမည်မဟုတ်ဟု ဇွန် ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

သို့သော်လည်း တရားရုံးချိန်းများသို့ သွားရောက်မည်ဟု တရားစွဲခံထားရသူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က ပြောသည်။

“တရားစီရင်ရေးကို ကျွန်တော်တို့ မယုံဘူး။ ကျွန်တော်တို့ ချေပလည်း မှတ်တမ်းပဲ ကျန်ခဲ့မှာ။ ပြစ်ဒဏ်ကတော့ ချမှာပဲလေ။ အဲ့ဒီတော့ စစ်မေးတာတွေလည်း မလုပ်ဘူး။ ခုခံချေပတာတွေ လည်း မလုပ်ဘူး။ တရားရုံးချိန်းတွေကို လာမယ်” ဟု  ကိုတင်ထွဋ်ပိုင်က ပြောသည်။

တာမွေလမ်းဆုံ ခုံးတံတားအောက်တွင် မေလ ၁၂ရက်နေ့က ဆန္ဒပြခဲ့ကြသူများအနက် ကိုတင်ထွဋ်ပိုင်အပါအဝင် အမျိုးသား ၁၂ ယောက်နှင့် အမျိုးသမီးငါးယောက်သည် ပြစ်မှုထင်ရှား ပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်သုံးလ (သို့မဟုတ်) ငွေဒဏ် ၃ဝ,ဝဝဝ ကျပ်အထိ ကျခံနိုင်သည့် ငြိမ်းချမ်းစွာ စီတန်းခြင်း နှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းဥပဒေ ပုဒ်မ ၂ဝ ဖြင့် ဗဟန်းတရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

ရှေ့နေ မငှားရေး ဆုံးဖြတ်

တရားစွဲဆိုခံရသူ ၁၇ဦးအနက်မှ သူနှင့်အတူ အခြားခြောက်ဦးလည်း ရှေ့နေ မငှားရန် ဆုံးဖြတ်ခဲ့ကြောင်း အသက် ၂၈နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောသည်။

၎င်းတို့သည် တရားခွင်ကို မဆန့်ကျင်သော်လည်း မေးမြန်းစစ်ဆေးခြင်းကို ခံယူသွားမည်မဟုတ်ဟု ဆုံးဖြတ်ထားကြောင်း ကိုတင်ထွဋ်ပိုင်က ပြောသည်။

တရားစွဲခံရသူ ၁၇ ဦးလုံး စုံညီသည့် ဇွန်လ ၁၄ရက် စစ်ဆေးမေးမြန်းမှုအတွင်း ဗဟန်းမြို့နယ်တရားသူကြီးက “အပြစ်ရှိသလား” ဟု မေးမြန်းခဲ့ရာ ဆန္ဒပြခဲ့သူအားလုံးက “အပြစ်မရှိ” ကြောင်း ထွက်ဆိုခဲ့ကြသည်။

လာမည့် သီတင်းပတ် ဇွန် ၂၂ ရက်နေ့တွင် တရားလိုဖြစ်သည့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးကို စတင်စစ်ဆေးမည်ဖြစ်သည်။

တရားစွဲဆိုခံရသူအချို့က ရှေ့နေမငှားရန် ဆုံးဖြတ်ခဲ့ကြသလို အခြားတစ်ဖက်တွင်လည်း အပြစ်မရှိကြောင်း ရုံးတော်ကို ရှေ့နေမှတဆင့် လျှောက်ထားရန်လည်း ပြင်ဆင်နေကြသည်။

“ကျွန်မတို့ကတော့ ရှေ့နေနဲ့ ချေပမယ်။ ကျွန်မတို့ ဆန္ဒထုတ်ဖော်ခဲ့တာ လုံးဝအပြစ်မရှိဘူး။ ကျွန်မတို့အကျိုးအတွက် လုပ်တာလည်း မဟုတ်ဘူး။ ဒီနေ့ တရားသူကြီးက ကျွန်မတို့ကို အပြစ်ရှိသလားမေးတာ လုံးဝ အပြစ်မရှိကြောင်း ပြောခဲ့တယ်။ သူတို့ဘက်ကတော့ ရှေ့နေငှားပါတဲ့။ ကျွန်မတို့က ဒီအမှုကို ဆက်ရင်ဆိုင်မှာပါ” ဟု တရားစွဲဆိုခံထားရသည့် မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

အဆိုပါ ဆန္ဒပြပွဲအပြီး တရားစွဲခံရသူများထဲတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်စိုးသူ၊ အဓမ္မဝါဒီတိုက်ဖျက်ရေးအဖွဲ့မှ ကိုမြတ်ကျော် တို့လည်း ပါဝင် သည်။

ဆန္ဒပြပွဲကို ဆန့်ကျင်ခြင်း

ဆန္ဒထုတ်ဖော်သူများ၏ အဆိုအရ ၎င်းတို့သည် သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ ဆန္ဒထုတ်ဖော်ခွင့်ကို ကြိုတင် အကြောင်းကြားခဲ့သော်လည်း ရဲတပ်ဖွဲ့က ပွဲမတိုင်ခင် တစ်ရက်အလိုရောက်မှ ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။

မူလအစီအစဉ်အတိုင်း ဆန္ဒပြပွဲ ဆက်လက်လုပ်ဆောင်ခဲ့သူများကို ရဲတပ်ဖွဲ့က အင်အား အများအပြားဖြင့် တားဆီးထားခဲ့သည်။

ဆန္ဒပြသူများနှင့် ရဲများအကြား လူစုခွဲရန် ညှိနှိုင်းပြီးချိန်တွင် အရပ်ဝတ်များက ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်ကာ ဖြိုခွဲဖမ်းဆီးခဲ့သဖြင့် ရဲတပ်ဖွဲ့နှင့် အရပ်ဝတ်တိုက်ခိုက်သူများကို ပြည်သူ့လွှတ်တော်အပါအဝင် ပြည်တွင်းပြည်ပမှ ဝေဖန်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ဆန္ဒပြပွဲကို ဖြိုခွဲခဲ့ကြသည့် အရပ်ဝတ်များသည် ရဲတပ်ဖွဲ့ဝင်များ မဟုတ်ကြောင်းနှင့် အဆိုပါဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က အရပ်သားများကို အသုံးပြုမှုမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက မေလ ၁၅ ရက်နေ့က နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝေဖန်ခံခဲ့ရသည့် အရပ်ဝတ်များ၊  စစ်ပွဲရပ်တန့်ရေးဆန္ဒပြပွဲတွင် တန်ပြန်ဆန္ဒပြသူများကိုလည်း ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်း ရဲချုပ်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

တရားစီရင်ရေး

စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြမှုအပြီး တရားစွဲခံရသူတို့က တရားစီရင်ရေးကို ယုံကြည်မှု မရှိဟု ဆိုကြသည်။

သမ္မတသစ်ဦးဝင်းမြင့်က သူရာထူးလက်ခံရခဲ့ပြီးနောက် မတ်လကုန်ပိုင်း ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ “ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်” ဟု ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ တရားရုံးများသည် လွတ်လပ်စွာ တရားစီရင်နေကြသည်ဟု မှတ်ချက်ပေးကြောင်း ဇွန်လဆန်း Reuters သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button