ယနေ့တွင် စစ်ကောင်စီ ကျောထောက်နောက်ခံပြု လူရမ်းကားများက ရန်ကုန်မြို့လယ်ခေါင်ရှိ ကိုဖြိုးဇေယျာသော်၏ မိဘများနေထိုင်ရာ တိုက်ခန်းနှင့် အင်းစိန်မြို့နယ်ရှိ ကိုဂျင်မီ မိသားစုဝင်များနေထိုင်ရာ အိမ်ကို သွားရောက်ရမ်းကားခဲ့ကြသည်။
ဒိုင်နာကားများဖြင့် ရောက်လာသော ထိုလူစုလူဝေးများက “မင်းတို့သား အာဇာနည်လား” ဟု အော်ဟစ်ကြသလို၊ လေးဂွဖြင့်လည်းကောင်း၊ ကြက်ဥများဖြင့်လည်းကောင်း ပစ်ခတ်ဆဲဆိုပြီးနောက် လူစုခွဲသွားသည်။
ယခုဖြစ်စဉ်ကို စစ်တပ်ထောက်ခံသည့် အင်တာနက်အကောင့်များတွင် ကျယ်ကျယ်ပြန့်ပြန့်ဝေမျှကြသည်။ လူရမ်းကားများသည် ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့လက်ချက်ဖြင့် သတ်ခံလိုက်ရသည့်သူများ၏ မိသားစုဝင်များဟု ထိုအကောင့်များက ပုံဖော်သည်။
ထိုသို ပြုမူခံရသည့် ကိုဖြိုးဇေယျာသော်မိဘများနေထိုင်ရာ ဗိုလ်အောင်ကျော်လမ်းသည် မြို့လယ်ကောင်တည့်တည့်တွင် တည်ရှိသည့် အချက်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။
အနီးနားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနေရာယူထားသည့် ကင်းတစ်ခုရှိသည်။ ထိုစစ်ကောင်စီအဖွဲ့များက လူရမ်းကားအုပ်စုကို တစ်စုံတစ်ရာတားဆီးခြင်း မရှိခြင်းနှင့် အစုအရုံးဖြင့် စနစ်တကျ ရမ်းကားနိုင်သည်ကို ထောက်ရှုလျှင် စွမ်းအားရှင်အုပ်စုတစ်ခုကို အသုံးပြုပြီး စစ်ကောင်စီက ရိုးအီနေသည့် ဇာတ်အိမ်တစ်ခုကို ဖန်တီးသည်မှာ ထင်ရှားသည်။
အနည်းဆုံးအားဖြင့် နိုင်ငံတကာသံတမန်အသိုင်းအဝန်းကို ကွပ်မျက်မှုနှင့် ပတ်သက်၍ “နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်” ဟူသော ဝေခွဲမရသည့် အမြင်များဖြစ်ပေါ်လာအောင် ဇာတ်ကွက်ရိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက အင်းစိန်ထောင်တွင် မတရားကွပ်မျက်ခံရသည့် ကိုဂျင်မီ၊ ကိုဇေယျာသော်ပါ လေးဦးသည် အကြမ်းဖက်သမားများဖြစ်သည်၊ ထို့ကြောင့် ကွပ်မျက်ခံရသည်ဟု ယမန်နေ့က သတင်းစာရှင်းပွဲတွင်လည်းကောင်း၊ ယနေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင်လည်းကောင်း နိုင်ငံတကာနှင့် မြန်မာပြည်သူကို ဝါဒဖြန့်ချိနေသည်။
မျှတပွင့်လင်းသည့် တရားစီရင်ရေးမပါသော ကွပ်မျက်မှုကို ပြည်တွင်းပြည်ပက ကန့်ကွက်ရှုတ်ချနေချိန်တွင် ထိုအချက်ကို တန်ပြန်ရန် ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များဖြင့် မလုံလောက်သည်ကို စစ်ကောင်စီ ရိပ်မိပုံရသည်။
ထို့ကြောင့် စစ်ကောင်စီက ယနေ့တွင် သေဆုံးသွားသူများ၏ မိသားစုဝင်များကို စွမ်းအားရှင်လူဆိုးလူမိုက်များ အသုံးချ၍ လူမဆန်စွာ ဒုက္ခပေးခြင်းသာဖြစ်သည်။
မိမိ၏ရင်သွေး မတရားသတ်ဖြတ်ခံရမှုကြောင့် ပူဆွေးဝမ်းနည်းနေသည့် သက်ကြီးရွယ်အို မိသားစုဝင်များမှာ လူရမ်းကားများ၏ မိုက်ရိုင်းစော်ကားမှုအောက်တွင် ကူရာကယ်ရာမဲ့ဖြစ်ရမှုသည် လွန်စွာကြေကွဲ ဒေါသထွက်ဖွယ်ရာကောင်းသည်။
စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုများသည်ကား ကမ်းကုန်နေပြီဖြစ်သည်။ စနေနေ့က ကွပ်မျက်သတ်ဖြတ်မှုများသည် စစ်ကောင်စီက ရက်စက်ယုတ်မာမှုတစ်ခုကို လုပ်ပြရုံသက်သက်မဟုတ်ပါ။
ညှိနှိုင်းအဖြေရှာမှု၊ သံတမန်ရေးကြိုးစားမှု၊ နိုင်ငံရေးကြိုးပမ်းမှုများ မည်သို့ပင်ရှိပါစေစေ လက်ခံမည်မဟုတ်၊ အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ မြန်မာနိုင်ငံကို ဦးတည်တော့မည် ဆိုသော သတင်းစကားကို မြန်မာသိ၊ ကမ္ဘာသိ ကြွေးကြော်လိုက်ခြင်းသာဖြစ်ပေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)