အယ်ဒီတာ့အာဘော်

အခက်တွေ့နေသော စစ်ဗိုလ်ချုပ်ကြီးများ ထုတ်သုံးနေသည့် လှည့်ကွက်ဟောင်း

စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သော လွန်ခဲ့သည့် နှစ်နှစ်ခွဲနီးပါး အချိန်မှစ၍ မြန်မာစစ်ခေါင်းဆောင်များသည် ၎င်းတို့ တစ်ချိန်က ရရှိခဲ့သည့် အကြွင်းမဲ့အာဏာကို ပြန်လည်ရယူရန် ကြိုးပမ်းနေသော်လည်း လုံးလုံးလျားလျား မအောင်မြင်ဘဲ ဖြစ်နေသည်။

စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုကို တွန်းလှန်ရန် သန္နိဋ္ဌာန်ချထားကြသော လူများစု ဗမာများနှင့် တိုင်းရင်းသားလူမျိုးစုများ၏ ခုခံတော်လှန်မှုကို နှိမ်နင်းရန် စစ်အာဏာရှင်များသည် မကြုံစဖူးအောင် ပြင်းထန်သော အကြမ်းဖက်မှုများကို ကျူးလွန်လာကြသည်။ သို့ရာတွင် ၎င်းတို့၏ အကြမ်းဖက်မှုများသည် နိုင်ငံတစ်ဝန်းမှ အများပြည်သူ၏ နာကြည်းမှုဒေါသမီးကို လောင်စာမြှင့်ပေးရုံအနေအထားသို့သာ ဆိုက်ရောက်သွားခဲ့သည်။

ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကိုပါမချန် မညှာမတာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် အနိုင်ကျင့် အုပ်ချုပ်မှုကို ပြည်သူများ ကြောက်ရွံ့ နာခံလာလိမ့်ကြမည်ဟု စစ်အာဏာရှင်များ ယူဆကောင်း ယူဆနေပေလိမ့်မည်။ သို့ရာတွင် လွတ်လပ်မှု အတန်အသင့်ရှိခဲ့သည်ဟု ဆိုနိုင်သော ဆယ်စုနှစ်တစ်ခုအတွင်း နည်းပညာသစ်များကို ရင်းနှီးကျွမ်းဝင်ခဲ့ကာ အတွေးအခေါ်နှင့် စွမ်းဆောင်ရည် မြင့်လာသော လူငယ်မျိုးဆက်သစ်ကို စစ်အာဏာရှင်တို့၏ အကြမ်းဖက်နည်းဗျူဟာများက မထိန်းချုပ်နိုင်ခဲ့ပါ။ စစ်အာဏာရှင်တို့က ရက်စက်ကြမ်းကြုတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသော်လည်း၊ ၎င်းတို့သည် လွန်ခဲ့သောလများအတွင်း အရေးနိမ့်မှုများ ဆက်လက် တွေ့ကြုံနေရသည်။

နိုင်ငံတကာအတွက်မူ မြန်မာ့ပဋိပက္ခသည် အလွန်ရှုပ်ထွေးပုံရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများအတွက်မူ ဤရုန်းကန်တော်လှန်မှု၏ ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်အမြင်မှာ ဒုတိယကမ္ဘာစစ်အတွင်းက လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံများ ရင်ဆိုင်ခဲ့ရသည့် အခြေအနေအတိုင်း ရှင်းလင်းပြတ်သားလှသည်။ မည်သို့ပင် ရှုပ်ထွေးသယောင်ရှိနေသော်လည်း ဤအရာသည် ဖိနှိပ်မှုကို တော်လှန် တိုက်ဖျက်ခြင်းဖြစ်သည်။ ထို့ကြောင့် အညံ့ခံခြင်းကို ရွေးချယ်စရာ အကြောင်းမရှိတော့ပါ။

မြန်မာနိုင်ငံတွင် စက်ဆုပ်စရာ အာဏာရှင်စနစ်ကို ဖယ်ရှားရန် ကြိုးပမ်းမှုမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့ရာတွင် ယခင်ကြိုးပမ်းမှုများနှင့် မတူသည်မှာ ယခုအကြိမ်တွင် ဤရည်မှန်းချက် အောင်မြင်ရေးအတွက် အတူတကွ ကြိုးပမ်းကြရာတွင် အလွှာပေါင်းစုံက ပါဝင်နေခြင်းမှာ ယခုအကြိမ် တော်လှန်ရေး၏ ထူးခြားသော လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ အလွှာပေါင်းစုံ၊ လူမျိုးဘာသာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ ကျား/မ ဖြစ်တည်မှုမရွေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ၎င်းတို့၏ ဘုံရန်သူဖြစ်သော ကိုယ်ကျိုးရှာ စစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြခြင်းဖြစ်သည်။

ဆိုလိုသည်မှာ အတိတ်ကာလနှင့် မတူတော့ဘဲ၊ လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အောင်ပွဲရရန်အတွက် ခေါင်းဆောင်တစ်ဦးတစ်ယောက်တည်းအပေါ် မှီခိုရခြင်းမျိုး မဟုတ်တော့ပေ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက တော်လှန်ရေးလှုပ်ရှားမှု မည်ကဲ့သို့ ပုံပေါ်လာမည်နည်း ဆိုသည့် မေးခွန်းသည် ၁၉၈၈ နောက်ပိုင်းကာလ ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် အရေးကြီးခဲ့သော်လည်း၊ ယခုအကြိမ်တွင်မူ ထိုမေးခွန်းသည် ယခင်အခြေအနေများနှင့် မသက်ဆိုင်တော့ပေ။

၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားမှု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများသာမက ကမ္ဘာကိုပါ စေ့ဆော်ပေးနိုင်ခဲ့သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာသောအခါတွင်မူ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု အပါအဝင် နိုင်ငံရေးကိစ္စရပ်တချို့အပေါ် သူ၏ ရပ်တည်ချက်များနှင့် ပတ်သက်ပြီး လူအများအပြားက စိတ်ပျက်ခဲ့သည်။ သူက စစ်ဗိုလ်ချုပ်များကို လိုက်လျောညီထွေ ဆက်ဆံခြင်းကြောင့် သူ့ကို ထောက်ခံသူများ မကြာခဏဆိုသလိုပင် စိတ်ရှုပ်ခဲ့ရသည်။ ထို့နောက်ပိုင်းတွင်မူ အခြေခံနိုင်ငံရေးသဘောထားများနှင့် ပတ်သက်လာလျှင် စစ်တပ်နှင့် အပေးအယူလုပ်၍ မရနိုင်ကြောင်း၊ ဒီမိုကရေစီသည် စစ်အာဏာရှင်စနစ်နှင့် ယှဉ်တွဲ၍ မရှိနိုင်ကြောင်း တိုင်းပြည်က သိလာခဲ့သည်။ 

သို့ရာတွင် ထိုအချက်ကို စစ်ဗိုလ်ချုပ်များက သင်ခန်းစာယူခဲ့ဟန် မရှိသည်မှာလည်း အံ့သြစရာ မဟုတ်ပါ။ စစ်ဗိုလ်ချုပ်များက တရားဝင်မှု ရရှိရေး ကြိုးပမ်းရန်အတွက် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရေးကို ဆက်လက် တွန်းအားပေးနေသလို၊ ၎င်းတို့ကို ဆန့်ကျင်သော အင်အားစုများနှင့် ရင်ဆိုင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်နေပုံရသည်။

“ဒေါ်အောင်ဆန်းစုကြည်အချက်ဆိုသည့်” (Aung San Suu Kyi factor) သည် အတိတ်၏ အရာတစ်ခု ဖြစ်လာလုနီးပါး အနေအထားတွင် ရှိနေသည်။

သို့ရာတွင် တော်လှန်ရေးလှုပ်ရှားမှု ခံယူချက် သဘောထားများနှင့် ကြိုးပမ်းအားထုတ်မှုများအပေါ်၊ လူထု၏ အထွေထွေသဘောထားများအပေါ် ဒေါ်ဆောင်ဆန်းစုကြည်က အကြီးအကျယ် လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ကြောင်း မြန်မာစစ်ကောင်စီနှင့် အာဆီယံတို့က ထင်မြင်ယူဆနေနိုင်သည်။

ဤအနေအထားတွင် စစ်ဗိုလ်ချုပ်များက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝိနိုင် (Don Pramudwinai) ကို ဇူလိုင်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပေးခဲ့ကြောင်း သိရသည်။

“သူ ကျန်းမာရေး ကောင်းပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့ တွေ့ဆုံမှုပါ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၂ ရက်နေ့ ဂျကာတာတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝိနိုင်နှင့် ဒေါ်ဆောင်ဆန်းစုကြည် တွေ့ဆုံမှုကို အာဆီယံအစည်းအဝေးမတိုင်မီ နှစ်ရက်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော လများစွာအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရှေ့နေများနှင့်ပင် ဆက်သွယ်ခွင့် မရခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မမေ့သင့်ပါ။ ထို့ပြင် စစ်အာဏာရှင်များသည် နိုင်ငံရေးဖြိုခွင်းမှုများ ပြုလုပ်ပြီးတိုင်း လူထု၏ ဒေါသကို အရှိန်လျှော့ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ကြေညာ၊ ပြသခဲ့ဖူးသည်။

မြန်မာစစ်ကောင်စီ ကျင့်သုံးသော ဓားစာခံနိုင်ငံရေး၊ မြန်မာစစ်ဘက်နှင့် ထိုင်းစစ်ဘက်အကြား ကာလရှည်ကြာစွာ တည်ရှိခဲ့သော ရင်းနှီးသည့် ဆက်ဆံရေး စသည့် အခြေအနေများအောက်တွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ အမှာစကားဟူသော ပြောဆိုမှုမှန်သမျှကို စိစစ်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသည် ထိုင်းစစ်ဘက်နှင့် မြန်မာစစ်ကောင်စီတို့၏ ပူးပေါင်းကြိုးပမ်းမှု ဖြစ်ဖွယ်ရှိပြီး၊ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လမ်းလွဲသွားစေရန် သို့မဟုတ် ပျက်စီးကောင်း ပျက်စီးသွားစေရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ အာဆီယံဘုံသဘောတူညီချက် ငါးရပ်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်စဲကြရန်၊ အာဏာသိမ်းစစ်အစိုးရနှင့် အတိုက်အခံများကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြရန်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကိုယ်စားပြုသော အာဆီယံအထူးသံတမန်ကို မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက်သော အဖွဲ့အားလုံးနှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုလိုက်ခြင်းသည် မြန်မာစစ်ကောင်စီအနေဖြင့် ၎င်းသည် နိုင်ငံရေးပျော့ပျောင်းလာသယောင်ဆိုသော သတင်းစကားကို ဖြန့်လိုသည့် သဘောမျိုးသာ ဖြစ်သည်။ အမှန်တကယ် ပျော့ပျောင်းကြောင်း ပြချင်ပါက အသက် ၈၀ ပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်ကို အနိမ့်ဆုံးအားဖြင့် ထောင်မှ ထုတ်၍ အကျယ်ချုပ်ချထားလျှင်ပင် အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်ဦးမည်ဖြစ်သည်။ ယခုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗန်းပြ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့၊ တရုတ်နှင့် အိန္ဒိယတို့က မြန်မာစစ်ကောင်စီနှင့် နိုင်ငံရေး၊ စီးပွားရေး ဆက်နွှယ်ပတ်သက်မှုများ တိုးမြှင့်ပြုလုပ်ရန် အကြောင်းပြချက် ရှာဖွေခြင်းလည်း ဖြစ်နိုင်သည်။ ပြည်သူလူထုနှင့် နိုင်ငံတကာကို တွေဝေစေနိုင်သော လှည့်ကွက်ဟောင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရေးနည်းလမ်းကို စစ်ကောင်စီက မည်သည့်ရည်ရွယ်ချက်နှင့် အသုံးပြုသည်ဖြစ်စေ မြန်မာ့နိုင်ငံရေး၏ လက်ရှိအနေအထားနှင့် အရွေ့ကို အလွယ်တကူ ပြောင်းလဲပစ်နိုင်လိမ့်မည် မဟုတ်ပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ကောင်စီ၏ လှည့်စားမှုတွင် မျောပါမသွားသင့်ပါ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button