၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် စတင်ခဲ့သော ကျွန်ုပ်တို့ Myanmar Now သတင်းဌာနသည် ယခုလတွင် ဆယ်နှစ်တိုင်ခဲ့လေပြီ။
၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရရှိခဲ့မှု၊ ၁၉၆၂ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းမှု၊ ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ဒီမိုကရေစီအရေးတော်ပုံကြီး၊၂၀၂၁ ခုနှစ်တွင် စစ်တပ် အာဏာပြန်သိမ်းမှု စသည့် နိုင်ငံ၏ ထူးခြားသည့် ဖြစ်ရပ်များသည် သတင်းစာတိုက်များ ပိတ်သိမ်းရခြင်း၊ သတင်းသမားတို့ အကျဥ်းကျခံရခြင်းဖြစ်ရပ်များနှင့် ဆက်စပ်နေလေသည်။
ထင်ရှားသည့် လူထု သတင်းစာဆရာ ဦးလှ၊ လူထုစိန်ဝင်း၊ The Nation သတင်းစာဆရာ ဦးလောရုံ၊ ရန်ကုန်အခြေစိုက် Guardian သတင်းစာတိုက် ဆရာများဖြစ်သည့် ဦးသောင်းနှင့် ဦးစိန်ဝင်း၊ ဟံသာဝတီသတင်းစာဆရာ ဦးဝင်တင်တို့သည် ထိုကာလများတွင် အကျဥ်းချခံခဲ့ရပါသည်။
နှစ်ပေါင်းများစွာ တည်ငြိမ်မှုကင်းမဲ့နေသော မြန်မာနိုင်ငံတွင် အနည်းငယ်တည်ငြိမ်ပြီဆိုသည်နှင့် သတင်းစာတိုက်တို့ပေါ်ပေါက်ခဲ့ပြီး၊ သတင်းစာဆရာမျိုးဆက်သစ်များလည်း မွေးဖွားလာခဲ့သည်။
ထိုသို့တည်ငြိမ်မှုအတန်အသင့်ရသည့် ၂၀၁၅ ခုနှစ်တွင် Myanmar Now သတင်းဌာနကို ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း ခေါ် လွစ္စလမ်းတွင် လက်တစ်ဆုပ်စာမျှရှိသော သတင်းသမား အနည်းငယ်နှင့် စတင်လည်ပတ်ခဲ့သည်။
စတင်ချိန်တွင် ကျွန်ုပ်တို့အားငွေကြေးအားဖြင့် လန်ဒန်ရှိ ရိုက်တာသတင်းဖောင်ဒေးရှင်းက ကူညီခဲ့ပြီး၊ လူအားဖြင့်လည်း ရိုက်တာသတင်းဌာန၏ ဘန်ကောက်ရှိ မြန်မာသတင်းထောက်ဖြစ်သူ မသင်းလဲ့ဝင်းအား ကျွန်ုပ်တို့နှင့် တစ်နှစ်တာ အတူတကွ လက်တွဲလုပ်ရန် စေလွှတ်ခဲ့သည်။
ကျန်သတင်းအဖွဲ့သားများမှာ ဧရာဝတီသတင်းဌာနတွင် စာတည်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ သူ ကိုဇာနည်ဝင်း၊ ဧရာဝတီသတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုဆွေဝင်း၊၊ သတင်းထောက် ကိုဖြိုးသီဟချို၊ ကိုထက်ခေါင်လင်း၊ မအိချယ်ရီအောင်နှင့် ကိုကျော်လင်းထွန်းတို့ဖြစ်သည်။
မသင်းလဲ့ဝင်းနှင့် ကိုဆွေဝင်းတို့သည် အင်္ဂလိပ်ပိုင်း နေ့စဥ်သတင်းနှင့် သတင်းဆောင်းပါးများကို ရေးသားပြီး၊ ၎င်းတို့၏ သတင်းများကို တစ်ပတ်လျှင်နှစ်ရက် အချိန်ပိုင်းစာတည်း ဒတ်ချ်နိုင်ငံသား ပေါဗရီးစ်ဆိုသည့် အမျိုးသားက တည်းဖြတ်ပေးသည်။ မြန်မာပိုင်းသတင်းများကိုမူ ကိုဇာနည်ဝင်းက တည်းဖြတ်ခဲ့သည်။
ထိုအချိန်ကာလတွင် သတင်းထောက် ၅၀ မှ ၁၀၀ ကျော်ရှိသော ရန်ကုန်အခြေစိုက် သတင်းစာ တိုက်ကြီးများ တည်ရှိနေပြီး၊ ၎င်းသတင်းစာတိုက်ကြီးများသည် အခြားမြို့ကြီးများနှင့် မြို့နယ်အနှံ့တို့ တွင် သတင်းထောက်များကို ခန့်အပ်၍ ၎င်းတို့၏ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ်အား လည်ပတ်နေချိန်ဖြစ်သည်။
ထိုအချိန်တွင် ကျွန်ုပ်တို့ နှစ်ယောက်တစ်ပိုင်း ရန်ကုန်မြို့၌သာအခြေပြုနိုင်သည့် သတင်းဌာနအနေဖြင့် ဘာလုပ်ရမည်နည်းဆိုသည်ကို စဥ်းစားခဲ့ကြရသည်။ ကျွန်ုပ်တို့တစ်လတာ သုံးစွဲနိုင်သောငွေကြေးသည် ၁၀ သိန်း ကျပ်ခန့်သာရှိပြီး၊ ထိုငွေကြေး ပမာဏသည် ရန်ကုန်တွင် သတင်းထောက်များ သတင်းလိုက်လျင် အသုံးပြုရသည့် အငှားယာဉ် တက္ကဆီခသာသာပင် ရှိလေသည်။
သို့ရာတွင် ကျွန်ုပ်တို့သည် ထိုအခြေအနေအရပ်ရပ်ကြောင့် အားငယ်ဖို့ဆိုသည် ဝေးစွ။ နှစ်ပေါင်းများစွာ မတရားပြုကျင့်ခံရပြီး ယခုပွင့်လင်းသည့်အချိန်၌ ထိုမတရားမှုများအား ထုတ်ဖော်ပြောဆိုရန် စောင့်ဆိုင်းနေသူများ၏ သတင်းစကားများ၊ နှစ်ပေါင်းများစွာ အဓမ္မမှုများ လွှမ်းမိုးခဲ့ပြီး ဆက်လက်လွှမ်းမိုးနေဆဲဖြစ်သည့် တရားရေးကဏ္ဍနှင့် လူမှုရေးအဖြစ်သနစ်တို့အား အားရပါးရ ရေးရတော့မည်ဟူသည့် အတွေးအဟုန်များဖြင့် ကျွန်ုပ်တို့သည် အလွန့်အလွန်ကို စိတ်အားတက်ကြွနေသည်။
မျက်မှောက် ၂၁ ရာစုတွင် နိုင်ငံအများအပြား၌ တရားမျှတမှု အလိုရှိလျင် တရားရုံးနှင့် ရဲစခန်းများသို့ သွားနိုင်သည့် အခြေအနေတွင် မြန်မာပြည်တွင်မူ ထိုတရားရုံးများ၊ ထိုရဲစခန်းများ ကိုယ်တိုင်ပင် မတရားမှုများကို ကျူးလွန်နေခဲ့ကြသည်။
ထိုကျူးလွန်မှုတို့ ကြီးထွားရှင်သန်ရာ ရေသောက်မြစ်ဖြစ်သည့် စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်ကိုထောက်ပြု၍ ကြီးထွားလာသည့် ခရိုနီစီးပွားရေးစနစ်၊ မြေသိမ်းယာသိမ်းမှုများ၊ အခြေခံပညာရေးဝန်ဆောင်မှုမဲ့သွားခြင်းတို့ကြောင့် လူလူချင်း နှစ်ပဲတစ်ပြားပေးကာ စက်ရုံအလုပ်ရုံတို့၌ လုပ်အားခေါင်းပုံဖြတ်သည့် စနစ်၊ နိုင်ငံအများစုတွင် တိမ်ကောသွားခဲ့သော်လည်း မြန်မာပြည်တွင်ရှင်သန်ဆဲ လူလူချင်းကျွန်ပြုသည့် အိမ်ဖော်စနစ်နှင့် အမှားအယွင်း အနည်းငယ်မျှ ပြုမိရုံဖြင့် လူတစ်ဦး၏ ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်သည့် တရားရေးနှင့် အကျဥ်းထောင်စနစ်တို့သည် Myanmar Now သတင်းဌာနအတွက် အထူးအရေးပေး ရေးသားခဲ့သည့် အကြောင်းအရာများဖြစ်လေသည်။
လူမျိုး၊ ဘာသာ၊ နိုင်ငံသား မခွဲခြား ပြည်သူတို့၏ မတရားခံရမှုများ၊ ဤတိုင်းပြည်၏ နိုင်ငံရေး စီးပွားရေး အခြေခံရေသောက်မြစ်ပြဿနာများကိုသာ သမာဓိစိုက်ထုတ်၍ စူးစူးနစ်နစ်ရေးသားမည်၊ သတင်းများရေးသားရာတွင်လည်း အကြောင်းအကျိုး ဆီလျော်မှုရှိရမည်၊ အချိန်ကာလများ လွန်မြောက်၍ သုတေသီတို့က သမိုင်းဖြစ်ရပ်များ တဖန်ပြန်လေ့လာသည်ရှိသော် ကျွန်ုပ်တို့၏ သတင်းများသည် ခိုင်ခန့်တည်ကြည်သော အကိုးအကားများ ဖြစ်စေရမည်ဟူ၍ ကျွန်ုပ်တို့ အလေးအနက် ခံယူခဲ့ကြသည်။
ထို့အပြင် ကျွန်ုပ်တို့၏ သတင်းသည် သတင်းကောင်းတစ်ပုဒ်သာမဟုတ် လူ့အဖွဲ့အစည်းတွင် ကောင်းမွန်သော ပြောင်းလဲမှုများကိုပါဖြစ်စေရမည်၊ ကျွန်ုပ်တို့၏ ပင်မစာဖတ်ပရိသတ်သည် ပြည်တွင်း၊ ပြည်ပတွင်ရှိနေသော မြန်မာပြည်သူများအတွက်သာဖြစ်စေရမည်ဟု ကျွန်ုပ်တို့ ခံယူခဲ့ကြပါသည်။
ဤခံယူချက်ဖြင့် လုပ်ကိုင်မှုကြောင့် ကျွန်ုပ်တို့၏ သတင်းခန်းအဖွဲ့သားများသည် နှစ်ကာလရှည် တရားတဘောင်ရင်ဆိုင်ရခြင်း၊ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရခြင်းနှင့် ဖမ်းဆီးနှိပ်စက် ခံရခြင်းတို့ကို ရင်ဆိုင်ခဲ့ရပါသည်။

၂၀၂၁ ခုနှစ်၊ ရန်ကုန်တွင် အာဏာသိမ်းဆန့်ကျင်မှုကို သတင်းယူရင်း သတင်းထောက် မကေဇွန်နွေး ဖမ်းဆီးခံခဲ့ရပါသည်။ ၂၀၂၂ ခုနှစ်တွင် အယ်ဒီတာကိုဆွေဝင်းအား ရှေ့နေအကျိုးဆောင်ပေးခဲ့သည့် မန္တလေးမြို့နေ ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဗုဒ္ဓဘာသာအမည်ခံ မဘသမှ ပျူစောထီး အသွင်ပြောင်းများနှင့် စစ်ထောက်လှမ်းရေးများက ဖမ်းဆီးပြီး မတရားပုဒ်မများဖြင့် နှစ်ရှည်ထောင်ချခဲ့ပါသည်၊ ၂၀၂၃ ခုနှစ်တွင်မူ Myanmar Now ၏ သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်အား စစ်တပ်က ဖမ်းဆီးခဲ့ပြီး တရားမဝင်သတင်းဌာနတွင် လုပ်ကိုင်မှုဖြင့် အင်းစိန်ထောင်တွင်းပြုလုပ်သော စစ်ခုံရုံးက ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ပါသည်။
ထိုသို့ အလွန်ခက်ခဲသည့် အခြေအနေများကြားမှပင် Myanmar Now သည် ယနေ့တိုင် သတင်းများကို ဆက်လက်တင်ဆက်ပေးနိုင်သည်မှာ ကျွန်ုပ်တို့သတင်းဌာနတွင် လုပ်ကိုင်နေကြသော လုပ်ဖော်ကိုင်ဖက်များ၏ ဇွဲလုံ့လ၊ ကျွန်ုပ်တို့၏ မေးမြန်းမှုများအား စိတ်ရှည်လက်ရှည်ဖြေကြားပေး သည့် သတင်းရင်းမြစ်များနှင့် ကျွန်ုပ်တို့၏သတင်းများအား တန်ဖိုးထားဖတ်ရှုသည့် စာဖတ်သူများ ကြောင့်သာဖြစ်ပါသည်။
ကျွန်ုပ်တို့သတင်းဌာနအား ငွေအားလူအားဖြင့် ကူညီခဲ့သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
ကျွန်ုပ်တို့ တတ်စွမ်းသမျှ ရိုးသားတည်ကြည်စွာဖြင့် သတင်းများကို ဆက်လက် တင်ဆက်ပေးနေမည်ဖြစ်ပါကြောင်း။
Myanmar Now ဝိုင်းတော်သားများ
မှတ်ချက်။
မြန်မာနောင်းအား ကူညီလိုက မြန်မာနောင်း၏ အမာခံပရိသတ်အဖြစ်စာရင်းပေးသွင်းနိုင်ပါသည်။



