မေးမြန်းခန်းအာဘော်

“Non CDM တွေသည်လည်း ပြည်သူတွေပဲ ဖြစ်တယ်” – ဗကသများအဖွဲ့ချုပ်

CRPH ၏ CDM ဥပဒေအကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီ၏ တာဝန်ရှိသူ မခင်နီနှင့်ဆက်သွယ်မေးမြန်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ CDM အောင်မြင်ရေးကော်မတီ (CDM Success Committee ) က ရေးဆွဲထားသော “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာလာသည်။ 

ထိုဥပဒေတွင် အာဏာသိမ်းစစ်ကောင်စီယန္တရားများမှ ရာထူး၊ လုပ်ပိုင်ခွင့်များကို စွန့်လွှတ်ကာ ပြည် သူများဘက်က ရပ်တည်ခဲ့ကြသော CDM ဝန်ထမ်းများကို အသိအမှတ်ပြု၊ ဂုဏ်ပြုခြင်း၊ အကာ အကွယ် ပေးရေး နှင့် အခက်အခဲများကို ကူညီစောင့်ရှောက်ပေးခြင်း၊ နစ်နာမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည်ကုစားပေးခြင်း၊  တရားမျှတမှုရှာဖွေ ဖော်ထုတ်ခြင်းတို့လည်း ပါဝင်သည်။ 

ထို့အပြင် Non CDM ဟု ခေါ်ကြသည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်ခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများကို အမည်ပျက်စာရင်းသွင်းခြင်းကအစ အပြစ်ပေးအရေးယူမှု ကိစ္စရပ်များအထိ ထည့်သွင်းရေးထားသည်။ 

ယခုအခါ ထိုဥပဒေပါ Non CDM ဝန်ထမ်းများကို အပြစ်ပေးအရေးယူကိစ္စရပ်များနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုအတွင်းရှိ  ကျောင်းသားသမဂ္ဂများ နှင့် လူထုလှုပ်ရှားမှု ဦးဆောင်သပိတ်ကော်မတီများ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်သလို အပြင်းအထန်ဝေဖန်နေကြသည်။ 

ဝေဖန်ကန့်ကွက်ရာတွင် ပါဝင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်   သတင်းနှင့်ပြန်ကြားရေးကော်မတီ၏ တာဝန်ရှိသူ မခင်နီကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။ 

မေး ။     ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဘယ်လိုထင်မြင်ပါသလဲ။  

ဖြေ ။      ။ မကြာသေးမီရက်ပိုင်းက CRPH က နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ ကျွန်မတို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ကြိုဆိုစရာတွေလည်းရှိသလို ဝေဖန်ကန့်ကွက်စရာ တွေလည်း ရှိပါတယ်။ 

မေး ။      ။   သဘာထားအမြင်ကွဲလွဲမှုကို မမေးခင်၊ ဒီဥပဒေထဲက လက်ခံပြီး သဘောတူထောက်ခံတဲ့ အချက်တွေရှိရင်လည်း ပြောပြပေးပါ။  

ဖြေ ။       ။ ဒီဥပဒေရဲ့ ပထမပိုင်းတွေမှာ ပါတဲ့ CDM တွေကို အသိအမှတ်ပြုတာတွေ၊ ဂုဏ်ပြုတာတွေကို နောက်ပြီးတော့ လက်ရှိ CDM တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ ကုစားပေးတာတွေ၊ သူတို့တွေကြုံတွေ့ခံစားခဲ့ရတာတွေအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးတာ တွေ ဒီဟာတွေနဲ့ ပတ်သက်လို့ ကျွန်မတို့အနေနဲ့ ကြိုဆိုပါတယ်။ 

CDM တွေသည် သူရဲကောင်းတွေဖြစ်တယ်၊ CDM တွေသည် တော်လှန်ရေးကာလမှာ ရှေ့တန်းကနေ မားမားမတ်မတ် ပါဝင်ခဲ့တယ်၊ လူထုအကျိုးအတွက် အားသွန်ခွန်စိုက် ပါဝင်ရပ်တည်ပေးခဲ့ကြတယ်။ ဒါတွေကို ကျွန်မတို့တတွေ အသိအမှတ်ပြုတယ်၊ ဂုဏ်လည်း ဂုဏ်ပြုရပါမယ်။ 

ဒီလိုဂုဏ်ပြုပေးနေရုံမကဘဲနဲ့ သူတို့တွေ လက်ရှိမှာ ကြုံတွေ့နေတဲ့ အခက်အခဲတွေ၊ စားဝတ်နေရေး ပြဿနာတွေ ဒါတွေကို ၀ိုင်းဝန်းကူညီဖြေရှင်းပေးရမယ်။ နောက်ပြီးတော့ ပြန့်ကျဲနေတဲ့ သူတွေ အင်အားစုတွေကို စုစည်းပြီးတော့ တော်လှန်ရေးဘက်မှာ ပိုမိုကျစ်လစ်အားကောင်းခိုင်မာတဲ့ အင်အားစုတစ်ခုအနေနဲ့ ရပ်တည်နိုင်အောင် ကျွန်မတို့တတွေ ကူညီပံ့ပိုးပေးကြဖို့ လိုပါတယ်။  

အခုဥပဒေမှာ ပါတဲ့ ပြန်လည်ကုစားပေးတာတွေ၊ တရားမျှတမှုပြန်လည်ရှာဖွေမှုတွေလည်း လုပ်ရမယ်ဆိုတာ ကျွန်မတို့ သဘောတူတယ်၊ လက်ခံတယ်၊ ကြိုဆိုပါတယ်။ 

မေး ။     ။  အဲဒီဥပဒေထဲက Non CDM တွေ အရေးယူမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတာတွေ့ရပါတယ်၊   ကန့်ကွက်ရတာက ဘာကြောင့်လဲ၊ ဘယ်လိုအချက်တွေကို ကန့်ကွက်တာလဲ။  

ဖြေ ။      ။ ကျွန်မတို့အနေနဲ့ ဒီဥပဒေမှာ လက်ခံနိုင်စရာမရှိတာ၊ ကန့်ကွက်ရမယ့်ဟာတွေက အခန်း (၄) အရေးယူခြင်းနေရာကနေစပြီးတော့ပေါ့၊ အဲဒီမှာပါတဲ့ ဝန်ထမ်းတွေဖြေဆိုထားတဲ့ စာမေးပွဲတွေကို ပျက်ပြယ်အောင်လုပ်မယ်၊ အသိအမှတ်မပြုဆိုတဲ့ အချက်တွေ၊ နောက်ပြီးတော့ စစ်ကောင်စီက လက်ရှိမှာ ခန့်အပ်ထားတဲ့ အရပ်သားဝန်ထမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရဘက်ကနေ အသိအမှတ်မပြုဘူးဆိုတာတွေ ပါဝင်တယ်။ 

အဲဒီအချက်တွေကို ကျွန်မတို့အနေနဲ့ ဆန့်ကျင်တယ်၊ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ မတရားမှု၊ ရာဇဝတ်မှု ကျူးလွန်တာတွေ၊ ဝန်ထမ်းဆိုင်ရာ ကျင့်ဝတ်ဖောက်ပြား တာတွေ ပတ်သက်ပြီး  အရေးယူလို့ ရတယ်၊ ဒါပေမဲ့ Non CDM ဖြစ်မှုနဲ့ ထပ်တူချပြီးတော့ အရေးမယူရဘူးဆိုတာမျိုးကို ကျွန်မတို့က ပြောခြင်းဖြစ်တယ်။ ဒီလိုမျိုး Non CDM ခေါင်းစဉ်တပ်ထားမျိုးကို ပတ်သက်ပြီးတော့ ကျွန်မတို့က ကန့်ကွက်တယ်။ 

နောက်ပြီးတော့ ဒီလိုမျိုး ဝန်ထမ်းဆိုင်ရာ ကျင့်ဝတ်ဖောက်ပြားတာ၊ ရာဇဝတ်မှု လုပ်တာမျိုးမဟုတ်ဘဲနဲ့ ဒီထပ်ပိုပြီးတော့ ပိုပြီးတော့ ကြီးမားတဲ့ စစ်တပ်ရဲ့ လူသတ်ယန္တရားမှာ ပါဝင်နေတဲ့ ပြစ်မှုတွေ၊ CDM တွေကို ဖိနှိပ်နေတဲ့ ယန္တရားတွေ၊ အချက်အလက်ပေးနေမှုတွေမှာ ပါဝင်နေတဲ့ လူတွေကိုလည်း Non CDM ဖြစ်မှုဆိုတာမျိုးနဲ့ ထပ်တူမချဘဲနဲ့ အရေးယူရမယ်လို့ ကျွန်မတို့ ယူဆတယ်။ ဒါတွေကို အရေးမယူဘူးလို့ ပြောချင်တာမဟုတ်ဘဲနဲ့ Non CDM ခေါင်းစဉ်တပ်ပြီး အရေးယူမှုတွေ မလုပ်ရဘူးလို့ ဆိုတာမျိုးတွေကို ကျွန်မတို့က သဘောမတူခြင်းဖြစ်ပါတယ်။ 

ရုံးမတက်ရန် တိုက်တွန်းလှုံ့ဆော်သည့် လှုပ်ရှားမှု CDM တွင် နိုင်ငံဝန်ထမ်းများ ပါဝင်လာပြီး ၎င်းတို့ CDM တွင် ပါဝင်လာရေး လူထုကလည်း နှိုးဆော်နေသည်။ (ဓာတ်ပုံ- Myanmar Now)  

အခန်း(၇)ရဲ့ ပထမပိုဒ်မှာပါဝင်တဲ့ Non CDM တွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဝန်ချတောင်းပန်ရမယ်ဆိုတာမျိုး ပြဋ္ဌာန်းထားတာလည်း တွေ့ရတယ်။ ဒီအချက်ကိုလည်း ကျွန်မတို့ ကန့်ကွက်တယ်။ ကျွန်မတို့တတွေက ကျွန်မတို့နဲ့ ရပ်တည်ချက်မတူညီတာနဲ့ ခံယူချက်မတူညီတာနဲ့လည်း ရန်သူလို့ သတ်မှတ်ထားတာမျိုး၊ တော်လှန်ရေးကိုတော့ဖြင့် အနှောင့်ယှက်ဖြစ်စေတယ်ဆိုပြီး သတ်မှတ်ထားတာမျိုးကို ဥပဒေနဲ့ပါ၊ အစိုးရရဲ့ ညွှန်ကြားချက်နဲ့ အညီ လုပ်ရမယ်ဆိုပြီး ပြဋ္ဌာန်းထားမှုတွေကို လုံး၀လက်ခံနိုင်စရာမရှိပါဘူး။ 

ဘာကြောင့်လဲဆိုရင် တော်လှန်ရေးမှာ မပါဝင်တာက ရာဇဝတ်မှုမမြောက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့က ကန့်ကွက်နေရတာဖြစ်တယ်။ ကျွန်မတို့တော်လှန်ရေးအဖွဲ့အစည်းတွေဆိုတာ ပြည်သူလူထုကို မျက်နှာမူရမှာ၊ ပြည်သူလူထုကို အခြေခံရမှာဖြစ်တယ်။ ဒီလိုမျိုး ပြည်သူကိုအခြေခံမှ ပြည်သူက ထောက်ခံမှသာလျှင် ကျွန်မတို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ရေရှည်ရပ်တည်နိုင် မှာဖြစ်တယ်။ 

ဒါကြောင့် ကျွန်မတို့တတွေက ကိုယ့်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ဒီစစ်တပ်၊ ရန်သူရဲ့ လူသတ်ယန္တရားထဲမှာ မပါဝင်နေသေးရင် ပြီးရော၊ ဒီလူတွေအကုန်လုံးကို အခြေခံပြီးတော့ ကျွန်မတို့တွေက တော်လှန်ရေးကို ရှေ့ဆက်သွားရမှာဖြစ်တယ်။ Non CDM တွေကို တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီးတော့ တစ်လွဲသုံးသပ်ထားပြီး ဥပဒေထုတ်ပြန်တာကို ကျွန်မတို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်။   

မေး ။      ။ ဒါနဲ့ ဆက်စပ်လိုပေါ့ ဒီလို အရေးယူမယ်လို လုပ်တာဟာ CDM တွေကို ဖိနှိပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ ပုံသဏ္ဍာန်ချင်းသွားတူနေတယ်၊ နောက်ဆက်တွဲ ဆိုးကျိုးနေတွေလည်း ရှိလာနိုင်တယ်ဆိုပြီး ဝေဖန်နေကြတာလည်းရှိတော့ ဒီအပေါ်ရော   ဘာမှတ်ချက်ပြု ချင်ပါသလဲ။ ဘယ်လိုဆိုးကျိုးတွေ ရှိလာနိုင်မလဲ။ 

ဖြေ။         ။ စစ်ကောင်စီနဲ့ ဖက်ဆစ်စစ်တပ်ကတော့ ငါနဲ့မတူ ငါ့ရန်သူဆိုပြီးတော့ သူ့ကိုမထောက်ခံတဲ့သူတွေ၊ သူ့ကို ထောက်ခံတဲ့သူတွေထဲမှာတောင် ကွဲလွဲတဲ့ သူတွေ၊ ဒီိလူတွေအကုန်လုံးကို ဖမ်းဆီးအပြစ်ပေးဟာတွေလုပ်နေတာ။ 

CDM လုပ်တယ်ဆိုတာကလည်း ကျွန်မတို့အနေနဲ့ တော်လှန်ရေးရဲ့ အခန်းကဏ္ဍတစ်ခုမှာပါဝင်တာပဲ၊ အဲဒါကြောင့် တော်လှန်ရေးရဲ့ အခန်းကဏ္ဍတစ်ခုမှ မပါဝင်တာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် တော်လှန်ရေး တစ်စုံလုံးမှာ မပါဝင်တာပဲဖြစ်ဖြစ်ပေါ့၊ စစ်တပ်ရဲ့ လူသတ်ယန္တရားထဲမှာ မပါဝင်နေဘူး၊ ဒီဟာတွေကို အထောက်အကူ မပြုနေဘူးဆိုရင် ကျွန်မတို့ ဘာမှ အရေးယူစရာအကြောင်းမရှိဘူး။ 

အရေးယူလုပ်ဆောင်တာတွေ၊ အရေးယူဖို့ ဥပဒေတွေ ပြဋ္ဌာန်းလိုက်တာနဲ့ စစ်ကောင်စီရဲ့ ခြေရာကို လိုက်နင်းသလိုမျိုးဖြစ်သွားမှာပဲ။ ကျွန်မတို့က အဲဒီလိုလုပ်လို့မရဘူး၊ ကျွန်မတို့တတွေက ဖက်ဆစ်တွေ မဟုတ်ကြဘူး။ ကျွန်မတို့က ဒါတွေကို တော်လှန်နေတဲ့အချိန်မှာ ကျွန်မတို့ဆီမှာ အဲဒီလို ဉာဉ်တွေ မပါလာအောင် အခုကတည်းက အမြစ်ဖြတ်ထားမှရမယ်။ စစ်ကောင်စီကို အမြစ်ဖြတ်တယ်ဆိုတာ အဲဒီလိုမျိုး လုပ်ရမှာပဲ။ 

အခုအချိန်မှာ ကျွန်မတို့တွေ အကုန်လုံးလည်း ကြားနေမြင်နေကြရတာတွေရှိတာပဲ၊ မြေပြင်မှာ တချို့တော်လှန်ရေးအင်အားစုတွေက ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်နေတဲ့ဟာတွေ ဒီလိုအခြေ အနေတွေ ဖြစ်နေတဲ့အချိန်မှာ Non CDM တွေကိုတော့ဖြစ် ဘယ်လို၊ ဘယ်ပုံ အရေးယူမယ်။ Non CDM တွေကိုအရေးယူမှာမဟုတ်ဘူး ပြစ်မှုကျူးလွန်တဲ့သူတွေကို အရေးယူမယ်လို့ ပြောတယ်ဆိုရင်တောင်မှ အဲဒီဟာကို Non CDM ဆိုတာနဲ့ ထပ်တူချပြီးတော့ ဖော်ပြထားမယ်ဆိုလိုက်ရင် ဒီလူတွေကို နှိပ်စက်လို့ရမယ်၊ သတ်ဖြတ်လို့ရမယ် ဆိုပြီးတော့ နဂိုရှိနေပြီးသား ပြစ်မှုတွေကို ပိုပြီးတော့မှ အားပေးအားမြှောက်လုပ်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်။ လမ်းစဖွင့်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။


၂၀၂၁၊ ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့တွင် CDM လှုပ်ရှားမှုတွင် ပါဝင်ကြရန် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူများ ဆန္ဒထုတ်ဖော်ခဲ့စဉ်။ (ဓာတ်ပုံ − Myanmar Now)

ဒီလိုအခြေအနေမျိုးတွေ မဖြစ်လာဖို့ ကျွန်မတို့တတွေက တားဆီးနေကြတာဖြစ်တယ်။ ဒီကာလမှမဟုတ်ဘဲနဲ့ နောင်ကာလတွေမှာလည်း ပြည်သူတွေကြားမှာ အချင်းချင်းအမုန်းပွားတာမျိုးတွေ မဖြစ်ရအောင် နောက်တစ်ခါကျတော့ ကလဲ့စားချေရေး လမ်းစဉ်တွေ မလိုက်အောင်လို့ တားဆီးနေကြတာဖြစ်တယ်။ 

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေအတွက် ထိန်းချုပ်နယ်မြေတွေရလာ တွေရှိတယ်၊ အဲဒီလိုအခြေအနေမျိုးတွေမှာ ကိုယ့်ဒေသမှာ Non CDM တွေကို တွေ့လာရမှာပဲ၊ အဲဒီလူတွေလည်း ရှိလာနေမှာပဲ။ ဒီလူတွေကတော့ အပြစ်သားတွေ၊ ရာဇဝတ်သားတွေဆိုပြီးတော့ ပြစ်မှုတစ်ခုခုကျူးလွန်ထားသူတွေ၊ ဒါမှမဟုတ်ရင်တောင် အနည်းဆုံးတော့ တောင်းပန်ရမယ်သူတွေဆို ပြီးတော့ သတ်မှတ်ထားလိုက်ရင် အဲဒီဒေသတွေမှာ ပြည်သူတွေအချင်းချင်း အမုန်းပွားလာဖို့ပဲရှိတယ်။ 

အဲဒီလိုဆိုရင် တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေက အပြည့်အ၀ ခိုကိုးလို့ရမှာမဟုတ်တော့ဘူး၊ အားကိုးလို့ ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ တော်လှန်ရေးကို နှောင့်ယှက်ဟန့်တားစေတဲ့ အပြုအမူမျိုး တွေဆီကို ဦးတည်လာလိမ့်မယ်။ တော်လှန်ရေးအင်အားစုတွေဆိုတာ ပြည်သူကို အခြေခံရတာ၊ ပြည်သူ က ထောက်ခံမှ၊ ရပ်တည်လို့ရတာ၊ ရှင်သန်လို့ရတာ။ ဒါကြောင့် ပြည်သူကို စည်းရုံးရမယ်။ Non CDM ဆိုတာကလည်း ပြည်သူပဲ၊ အဲဒါကြောင့် စည်းရုံးဆန်တဲ့ လမ်းစဉ်ကိုပဲ သွားရမယ်။ ဆိုးကျိုးတွေဖြစ်ပေါ် စေမယ့် ဒီလို ဥပဒေမျိုးကို ကျွန်မတို့ ကန့်ကွက်ရှုတ်ချနေရတာဖြစ်တယ်။

မေး ။       ။  CDM တွေနဲ့ ပြည်သူတွေအပေါ်ကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့တဲ့ Non CDM သို့မဟုတ် စစ်ကောင်စီယန္တရားမှာ ပါဝင်လုပ်ကိုင်နေတဲ့သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ အရေးယူသွားဖို့ ဖြစ်သင့်တာလဲ။

ဖြေ ။       ။CDM တွေကို ထိခိုက်အောင်လုပ်တဲ့သူတွေ၊ CDM တွေရဲ့ နေရေးထိုင်ရေး ရှင်သန်ရပ်တည်ရေးအတွက် ထိပါးအောင်လုပ်သူတွေ၊ သူတို့အချက်အလက်တွေကို ပေးပို့တဲ့သူတွေ၊ လက်ထောက်ချပြီး ဖမ်းဆီးခံရအောင် လုပ်တဲ့သူတွေ ဒီလူတွေကို အပြစ်ပေးအရေးယူသွားရမှာက မှန်ပါတယ်။ ကျွန်မတို့လည်း ဒီအပေါ်ကို လုံး၀ကို သဘောတူပါတယ်။ ဒါမျိုးက လုပ်ရမှာဖြစ်တဲ့ ကိစ္စပါ။ 

အဲဒီလိုလုပ်တဲ့သူတွေ အကုန်လုံးကို Non CDM လို့ သတ်မှတ်လို့ မရသလို Non CDM အကုန်လုံးသည်လည်း အဲဒီလူတွေ မဟုတ်ကြပါဘူး။ ဒီလိုပြစ်မှုမျိုးကို အရေးယူတယ်ဆိုရင် Non CDM ဆိုပြီး နာမည်တပ်၊ ခေါင်းစဉ်မတပ်ဘဲ သီးခြားသွားရမယ်လို့ ကျွန်မတို့ကတော့ ယူဆတယ်။ 

အဲဒီလိုလူမျိုးတွေထဲမှာ CDM လုပ်ထားတဲ့သူတွေလည်း ပါနိုင်တယ်၊ တော်လှန်ရေးအင်အားစုတွေထဲမှာလည်း ပါနိုင်တယ်၊  သာမန်ပြည်သူတွေထဲမှာလည်း ပါနိုင်တယ်၊ ဘယ်သူမဆိုဖြစ်နိုင်ဆိုတဲ့ ဥပဒေမျိုး၊ အကုန်လုံးအတွက် ယေဘုယျအကျုံးဝင်တဲ့ ဥပဒေမျိုးမှာပဲ ထည့်သွင်းဖော်ပြလို့နိုင်မယ်။ Non CDM ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထပ်တူချပြီး ဖော်ပြလို့ မရပါဘူး။ အခုဥပဒေကကျတော့ Non CDM သည် တော်လှန်ရေးကို နှောင့်ယှက်ဟန့်တားတဲ့သူတွေဖြစ်တယ်ဆိုတဲ့ သဘောမျိုးဖော်ပြထားတယ်လို့ ကျွန်မတို့ ယူဆတယ်။  အများပြည်သူတွေ အတွက်လည်း ဒီဥပဒေက ဒီလိုမျိုးအသွင်ဆောင်နေတယ်လို့ ကျွန်မတို့ မြင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က Non CDM ဆိုတာကို ဖယ်ပြီးတော့ စစ်တပ်လူသတ်ယန္တရားမှာ ပါဝင်ထောက်ပံ့နေတဲ့သူတွေ၊ အထောက်အကူပြုနေတဲ့ သူတွေ၊ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် လုပ်နေတဲ့သူတွေကို အရေးယူမယ့် ဥပဒေမျိုးဆိုပြီးပဲ သီးခြားထုတ်စေချင်တယ်။

မေး ။        ။ ဥပဒေရဲ့ အခန်း ၄ ၊ အရေးယူခြင်းမှာ Non CDM တွေကို တရားမဝင်ကြောင်းကြေညာမယ်၊ အမည်ပျက်သွင်းမယ်၊ ပုဒ်မ ၁၆ မှာ Non CDM တွေရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ဌာနဆိုင်ရာ အရေးယူအပြစ်ပေးခြင်း နဲ့ တည်ဆဲဥပဒေအရ တရားစွဲမယ်။ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၁၉ မှဆိုရင်လည်း Non CDM က ဘယ်လိုကိစ္စရပ်တွေမှာ ပါဝင်ခဲ့ရင် ဘယ်လိုအရေးယူမယ်ဆိုပြီး ပြောထားတယ်ပေါ့၊ ပုဒ်မ ၂၁ မှာဆိုရင်လည်း ကင်းလွတ်ခွင့်၊ သက်သာခွင့်ပေးမယ်ဆိုပြီး ထည့်သွင်းထားတာတွေ့ရတယ် ဆိုတော့  ဗကသရဲ့ သဘောထားနဲ့ ဘာတွေကွဲလွဲနေလဲ၊ ဘာကြောင့်လဲ။   

ဖြေ ။        ။ ကျွန်မတို့အနေနဲ့ Non CDM ပဲ ဖြစ်ဖြစ်၊ ဘယ်သူတွေပဲ ဖြစ်ဖြစ် သူတို့ရဲ့ ပြစ်မှုတွေကို သတ်မှတ်တဲ့အခါမှာ သူတို့ရဲ့ ရာဇဝတ်မှုတွေအလိုက်ပဲ သတ်မှတ်စေချင်တယ်။ Non CDM ခေါင်းစဉ်အောက်ကနေ မသွားစေချင်ဘူး။ ဒါပေမဲ့ CRPH ရဲ့ CDM ဝန်ထမ်းဥပဒေမှာတော့ အခန်း(၄)ကနေစပြီးတော့ Non CDM တွေက တရားမဝင်ဘူး၊ အမည်ပျက်စာရင်းသွင်းမယ်၊ နောက်မှာဆိုရင် အရေးယူအပြစ်ပေးတာတွေရှိမယ်ပေါ့၊ ဝန်ချတောင်းပန်ရမယ် ဆိုတာတွေဟာ ကျွန်မတို့ သဘောထားတွေနဲ့ လုံး၀ကို ကွဲလွဲနေတာဖြစ်ပါတယ်။ 

ကျွန်မတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဒီတော်လှန်ရေးမှာ မပါဝင်ခွင့်အပြည့်အ၀ရှိ ကြတယ်။ ဒီတော်လှန်ရေးကို ဘာလို့လုပ်သလဲဆိုတာကို ပြန်စဉ်းစားဖို့လိုအပ်ပါတယ်၊ တော်လှန်ရေးလုပ်တယ်ဆိုတာက အကျိုးခံစားခွင့်တွေရဖို့၊ မပါဝင်တဲ့သူတွေကတော့ဖြင့် ဘယ်လိုမျိုး ဖြစ်ပါစေ၊ ဒီဟာရဲ့ အသီးအပွင့်တွေကို မရပါစေနဲ့ဆိုပြီးတော့ ကျွန်မတို့ သွားလို့မရဘူး။ 

တော်လှန်ရေးလုပ်ကြတာက ဒီအထဲမှာ ပါတဲ့သူတွေရော၊ မပါတဲ့ သူတွေရော စစ်အာဏာရှင် လက် အောက်က လွတ်မြောက်ဖို့ လုပ်ကြတာ။ ပါဝင်တဲ့သူတွေရော မပါဝင်သူတွေရောက စစ်အာဏာရှင် ဖိနှိပ်ခံရတဲ့သူတွေအချင်းချင်းပဲဖြစ်တယ်။ အဲဒီအခြေအနေကနေပြီးတော့ အကုန်လုံးအတွက် လွတ် မြောက်အောင် လုပ်ကြတာ၊ အဲဒီဟာကမှ တော်လှန်ရေးရဲ့ ခံယူချက်၊ အနှစ်သာရဖြစ်တယ်လို့ ကျွန်မတို့ကတော့ ယူဆတယ်။  

အဲဒါကြောင့် Non CDM ပဲ ဖြစ်ဖြစ်၊ တော်လှန်ရေးမှာ မပါဝင်ကြတဲ့သူတွေကိုပဲဖြစ်ဖြစ် ဒီလူတွေအပေါ်ကို ကျွန်မတို့ ခံပြင်းတဲ့ အရာတွေရှိမယ်ဆိုရင်တောင်မှ သူတို့ရဲ့ အလုပ်လုပ်နေကြတဲ့ လုပ်ပိုင်ခွင့်တွေ၊ စာသင်နေတယ်ဆိုရင်လည်း စာသင်ပိုင်ခွင့်တွေ ဒါတွေက လူ့အခွင့်အရေးတွေပဲ၊ အဲဒါတွေကို ဘယ်လိုမှ ပိတ်ပင်တားဆီးလို့ မရဘူး။ အဲဒီလို ပိတ်ပင်တားဆီးတွေကိုလည်း ကျွန်မတို့ ဗကသများအဖွဲ့ချုပ် ကတော့ ရပ်တည်ပေးရမှာဖြစ်တယ်။  

စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေသည့် ရန်ကုန်မြို့မှ ပညာရေးဝန်ထမ်းများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

မေး ။       ။ CRPH ရဲ့ ဥပဒေမှာ စည်းရုံးမှု မပါဝင်ဘဲ ဖမ်းဆီးအရေးယူမှာမျိုးတွေပဲ ပါဝင်နေတာတွေ့ ရတယ်၊ ဒီသက်ရောက်မှုတွေကရော ဘယ်လိုဖြစ်လာနိုင်စေလဲ။

ဖြေ ။        ။ ကျွန်မတို့တတွေက စစ်တပ်ရဲ့ လူသတ်ယန္တရားထဲမှာပါနေတဲ့ စစ်သားတွေကိုတောင် စည်းရုံးနေကြသေးတာပဲ၊ ငွေကြေးတွေ ပေးပြီးတောင်မှ စည်းရုံးနေကြသေးတာပဲ။ အဲဒီလိုအခြေအနေမှာ ဘယ်ပြည်သူတစ်ဦးတစ်ယောက်ချင်းကိုမှ နှိပ်စက်ထားခြင်းမရှိတဲ့၊ ဖိနှိပ်ထားခြင်းမရှိတဲ့ အရပ်သားဝန်ထမ်းတွေ၊ ဒီစစ်တပ်ရဲ့ လူသတ်ယန္တရားထဲမှာ ပါဝင်မနေတဲ့ Non CDM ဝန်ထမ်းတွေကို ဘာကြောင့်မို့လို့ ဒီလိုမျိုး မစည်းရုံးနိုင်ရမှာလဲ။ ဘာကြောင့်မို့လို့ တံခါးမဖွင့်ထားနိုင်ရမှာလဲ။ 

အခုကကျတော့ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ ဒီဥပဒေထဲမှာကိုက CDM ဝင်တာကို ဘယ်အချိန်အထိပဲ အကျုံးဝင်တယ်၊ အဲဒီရက်နောက်ပိုင်းကစလို့ CDM လုပ်တဲ့သူတွေက အကျုံးမဝင်ဘူးဆိုတာတွေပါ တယ်။ အဲဒီလို စကားမျိုးတွေမပြောဘဲနဲ့ ကျွန်မတို့တတွေဘက်က ဘယ်အချိန်မဆို ဝင်လာ လို့ရ တယ်ဆိုတဲ့ အကြောင်း၊ တော်လှန်ရေးဘက်အခြမ်းကို ဘယ်အချိန်မဆို ကူးပြောင်းလာလို့ရတယ် ဆိုတဲ့အကြောင်းတွေ ပြောပြီး စည်းရုံးရမှာ ဖြစ်ပါတယ်။ 

ကျွန်မတို့တတွေက ကိုယ့်မှာရှိနေကြတဲ့ အင်အားစုတွေကို စုစည်း၊ ကြားမှာရှိနေတဲ့သူတွေကို စည်းရုံး၊ ဘုံရန်သူကို အထီးကျန်အောင်လုပ်ဆိုတဲ့ ဟာမျိုးနဲ့ သွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေမှာတော့ ဒီနည်းဗျူဟာကို လုံး၀ကုန် ပြောင်းပြန်လှန်လုပ်ထားသလို ဖြစ်နေတယ်။ 

ဒီဟာရဲ့ သက်ရောက်မှုက ဒီဥပဒေစာရွက်ပေါ်မှာပဲ ပြီးသွားမှာမျိုးမဟုတ်ဘဲ မြေပြင်မှာလည်း အများကြီးသက်ရောက်မှုတွေ ရှိသွားမှာ။ တော်လှန်ရေးအင်အားစုတွေကို စည်းရုံးရေးဆန်ဖို့ဆိုတာမျိုး နိုင်ငံရေးအရ ထိန်းကြောင်းမှုတွေ ပြုလုပ်နေကြရတဲ့အချိန်အခါမျိုးမှာ အစိုးရဆိုပြီး သတ်မှတ်ထားတဲ့ သူတွေ ကိုယ်တိုင်က ဒီလိုဥပဒေတွေ ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် နောက်နောင်မှ မြေပြင်မှာ အများကြီး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်။ 

ကျွန်မတို့တတွေ တော်လှန်ရေးအလွန်ကာလကို ခဏထားလိုက်ပါဦး၊ လက်ရှိ မြေပြင်မှာကိုပဲ ဆိုးကျိုးတွေ အများကြီးသက်ရောက်တာမျိုးရှိလာမှာပါ။ တော်လှန်ရေးအင်အားစုတွေကိုယ်တိုင်က စည်းရုံးရေးဆန်တာမျိုးတွေ မဖြစ်တော့ဘဲ Non CDM တွေကိုတော့ဖြင့် ဘယ်လိုမျိုး ခွဲခြားဆက်ဆံရမယ် ဆိုတာ၊ ဘယ်လိုပိတ်ပင်ရမလဲဆိုတာတွေ၊ ပြည်သူကို ပြည်သူလို့ မမြင်တော့တွေ အများကြီးပဲဖြစ်လာနိုင်တယ်။

မေး ။       ။ စစ်ကောင်စီဘက်ကလည်း Non CDM တွေနဲ့ အရပ်သားတွေကို တရားမဲ့သတ်ဖြတ်ခံ ရတယ်လို့ ထုတ်ပြန်တာတွေ ရှိတယ်။ CRPH ဥပဒေအနေနဲ့ တရားမဲ့ဖမ်းဆီးမှု သတ်ဖြတ်မှု မဖြစ်အောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုပြီး မပါဝင်တာလည်း တွေ့ရတယ်၊ ဒါက အခြေအနေတွေကို ဘယ်လို ဆိုးရွားသွားစေမလဲ။  

ဖြေ ။         ။ အခုမေးတဲ့ မေးခွန်းက အမှန်ပါပဲ။ လက်ရှိမှာ CRPH အနေနဲ့က ကိုယ့်တော်လှန်ရေး အင်အားစုတွေဘက်ကနေပြီးတော့ ပြည်သူတွေကို တရားမဲ့ဖမ်းဆီးသတ်ဖြတ်နေတာကို ဘယ်လိုမျိုး လုပ်ဆောင်မလဲဆိုပြီး ဥပဒေတွေ ရေးဆွဲပြီး ပြဋ္ဌာန်းနေရမှာ ဒါက လက်ရှိအခြေအနေတွေမှာ အလိုအပ်ဆုံးပဲ။ 

CDM တွေကို ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာကို စဉ်းစားတာတွေနဲ့အတူ ဒီဟာ လက်ရှိမှာ အလိုအပ်ဆုံးကိစ္စပါပဲ။ ဒါပေမဲ့အဲဒီဟာတွေကကျတော့ ဘာမှမရှိနေဘူး။ အဲဒီအစား Non CDM ကို ပိုပြီးတော့ နှိပ်ကွက်လို့ရမယ့်၊ Non CDM ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်လို့ရမယ့် ဥပဒေတစ်ရပ်ကိုပဲ ပြဋ္ဌာန်းပေးလိုက်သလိုဖြစ်နေတယ်။ အဲဒီလိုသဘောမျိုး ပြဋ္ဌာန်းထားတယ်မဟုတ်ဘူးဆိုရင်တောင် မြေပြင်မှာ ပိုပြီးတော့ ကြီးထွားသွားနိုင်တဲ့ အခြေအနေမျိုးတွေ အများကြီးရှိတယ်။ လက်ရှိအချိန်မှာက တစ်ယောက်နဲ့ တစ်ယောက် ထိန်းကွပ်နိုင်တဲ့ အခြေအနေမှာလည်း ရှိသေးကြတာမဟုတ်ဘူး။ 

ဒီလိုအချိန်မျိုးမှာ Non CDM တွေကိုတော့ဖြင့် အရေးယူမယ်ဆိုပြီး ပြဋ္ဌာန်းလိုက်တာက မြေပြင်ပိုပြီးတော့ ဆိုးရွားသွားတဲ့ အခြေအနေကို ဦးတည်သွားစေလိမ့်မယ်။ စစ်တပ်က ဝါဒဖြန့်မှုတွေကို ခဏထားပါဦး၊ ကျွန်မတို့တတွေက စစ်တပ်ကတော့ ဝါဒဖြန့်မှာပဲဆိုတာမျိုးကို ပြောနေမယ့်အစား ကျွန်မတို့ စောင့်ထိန်းရမယ့် တော်လှန်ရေးစည်းကမ်းတွေ၊ စစ်စည်းကမ်းတွေ၊ အဲဒီဟာတွေကို ကျွန်မတို့က စောင့်ထိန်းရမှာဖြစ်တယ်။ Non CDM တွေသည်လည်း ပြည်သူတွေပဲ ဖြစ်တယ်၊ ဒီပြည်သူတွေကို မျက်နှာမူပြီးတော့ ပြည်သူတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်၊ စည်းရုံးရမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်မတို့တတွေက သွားရမှာဖြစ်ပါတယ်။ အခုဟာကျတော့ ဒီဥပဒေကြောင့် ပြောင်းပြန်အခြေအနေတွေ ဖြစ်သွားမှာကို စိုးရိမ်ရပါတယ်။ 

မေး ။      ။  ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ဖြေကြားပေးပါဦး။ 

ဖြေ ။       ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ CDM လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကိုရော၊ ကျောင်းသားထု တွေ အတွက်ရော၊ Non CDM ဝန်ထမ်းတွေရော၊ ကျောင်းသားတွေကိုရော နှစ်ဖက်စလုံး စစ်အာဏာရှင်လက်အောက်မှာ ဖိနှိပ်ခံရတာခြင်းအတူတူဖြစ်နေတာကြောင့် ဒီနှစ်ဖက်စလုံးရဲ့ အခွင့်အရေးတွေကို ကျွန်မတို့က ရပ်တည်ပါတယ်။ ဗကသအဖွဲ့ချုပ်အနေနဲ့ တစ်ဖက်မှာ CDM တွေနဲ့အတူတိုက်ပွဲဝင်မယ်၊ တစ်ဖက်မှာလည်း တော်လှန်ရေးမှာ မပါဝင်တဲ့သူတွေ၊ Non CDM ဖြစ်နေတဲ့ သူတွေကိုလည်း ခွဲခြားနေမှာမဟုတ်ဘဲနဲ့ ကိုယ့်ဘက်ကို လူတွေ တတ်နိုင်သမျှ များများပါဝင်နိုင်အောင် စည်းရုံးပြီးတော့ ဘုံရန်သူစစ်အာဏာရှင်ကို အထီးကျန်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Related Articles

Back to top button