အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
အယ်ဒီတာ့အာဘော်

ကြက်ခြေနီအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပေးတွေ့ခြင်းသည် စစ်အစိုးရ သဘောထားပြောင်းခြင်း မဟုတ်ဘဲ အကွက်ရွှေ့မှုသာဖြစ်

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးခြင်းသည် ၎င်းအား နိုင်ငံတကာက ပိုမိုထောက်ခံလာစေရေး အလွယ်ကူအသက်သာဆုံး နည်းလမ်းသာဖြစ်ပြီး၊ ၎င်း၏ အတိုက်အခံများအပေါ်ကိုထားသည့် တင်းမာသော သဘောထား စတင်ပြောင်းလဲလာသည့် လက္ခဏာလုံးဝမဟုတ်ပါ။

ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ အကြီးတန်းကိုယ်စားလှယ်နှင့် ယမန်နေ့(ဩဂုတ်လ ၃ရက်)တွင် တွေ့ဆုံခွင့်ပေးလိုက်ခြင်းကြောင့် ငါးနှစ်ကျော်ကာလတလျှောက် အကြမ်းဖက်အုပ်ချုပ်ခဲ့သည့် စစ်တပ်၏ သဘောထား စတင်ပျော့ပျောင်းလာပြီလားဟု တွေးတောမေးခွန်းထုတ်သူများရှိကြသည်။ 

ထိုမေးခွန်းကို ဖြေရလျှင် စစ်တပ်၏ မူဝါဒ မည်သို့မျှ သဘောထားပြောင်းလဲမှုမရှိကြောင်းသာ ဆိုရမည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က အာဆီယံနှင့်သဘောတူခဲ့သည့် တူညီဆန္ဒ ငါးချက်ကို ပြင်းပြင်းထန်ထန် ပယ်ချထားခဲ့သည်။ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့သည့် ၂၀၂၁ ခုနှစ် ဆွေးနွေးပွဲတွင် အာဆီယံနှင့်သဘောတူခဲ့သည့် အဆိုပါ တူညီဆန္ဒငါးချက်တွင်ပါဝင်သည့် အဓိက အချက်တစ်ချက်မှာ သက်ဆိုင်သူအားလုံးနှင့် နိုင်ငံရေးဆွေးနွေးရန် ဖြစ်သည်။ သို့သော် လက်တွေ့တွင် ကိုယ်တိုင်ခန့် သမ္မတရာထူးရယူ၍ အရပ်သားအရေခြုံထားသော  စစ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်အား ဆွေးနွေးဖက်ပုံစံမျိုးထက် အကွက်ရွှေ့စရာ နယ်ရုပ်တစ်ရုပ်အဖြစ်သာ ပို၍ရှုမြင်ကြောင်း ထင်ရှားလှသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အထိန်းသိမ်းခံရပြီးနောက်ပိုင်း ငါးနှစ်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုနှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံခွင့် ပေးသည်ဆိုသောအချက်ကို ကြည့်ခြင်းဖြင့် စစ်ခေါင်းဆောင်၏ ဒေါ်အောင်ဆန်းစုကြည် ကိုရော၊​ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့နိုင်ငံရေး၏ ဖယ်ထုတ်မရသော ပြယုဂ်အဖြစ် ရှုမြင်နေကြသူများကိုရော မည်သို့သဘောထားရှိကြောင်း အထုပ်ဖြည်ပြခြင်းလည်း ဖြစ်သည်။ သူ့ရှေ့က စစ်အာဏာရှင် များနည်းတူ မင်းအောင်လှိုင်၏စိတ်တွင်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား “သဘောထားကြီး” ပြလိုက်ခြင်းဖြင့် နိုင်ငံတကာမှ ဝေဖန်သံအချို့အဝက်ကို နည်းနည်းငြိမ်သွားအောင်လုပ်ရန် လုံလောက်သည်ဟု ယုံကြည်နေကြောင်း မြင်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံကိုယ်စားလှယ် Arnaud de Baecque (ယာ) ဩဂုတ်လ ၃ ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ- စစ်ခေါင်းဆောင်၏ ပြောရေးဆိုခွင့်ရှိသူ Facebook) 

လွတ်လပ်ခြင်းလည်း မရှိ၊ တရားမျှတခြင်းလည်းမရှိဟု အများက ပြစ်တင် ရှုတ်ချထားကြသည့် အတုအယောင်ရွေးကောက်ပွဲကြီးကို တရားမဲ့ကျင်းပခဲ့သည် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ၎င်းဦးဆောင်သည့်ရုပ်သေးအစိုးရကို နိုင်ငံတကာက တရားဝင်အရပ်သားအစိုးရသဖွယ် ရှုမြင်လာအောင် အသည်းအသန် ကြိုးပမ်းလျက်ရှိသည်။ မကြာသေးမီကပင် တရုတ်နှင့် အိန္ဒိယတို့က စစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်ကို အလည်အပတ်ဖိတ်ခေါ်၍ ဖက်လဲတကင်းကြိုဆိုခဲ့ကြသည်။  ယခု အာဆီယံအလှည့်ဖြစ်သည်။ အာဆီယံသည် အဖွဲ့ထဲ ဂျစ်ကန်ကန် ပေကပ်ကပ် အနိုင်ဆုံး အဖွဲ့ဝင်ဖြစ်သည့် မြန်မာနှင့် ဆက်ဆံရေးအေးစက်ခဲ့ရာမှ ယခု နွေးထွေးစပြုလာနေကြောင်း အရိပ်အယောင်အချို့ စတင်ပြသလာသည်။ ထိုအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်အား ICRC နှင့် လူသားချင်းစာနာမှုရှုထောင့်ထားမှဟုဆိုကာ တွေ့ဆုံခွင့်ပေးလိုက်ခြင်းသည် ဘာမျှ အထူးတလည်ကြီးကျယ်အန္တရာယ်များသည့် ကစားကွက်မဟုတ်ပေ။ စစ်အစိုးရအတွက် သံတမန်ရေးကစားကွက်တွင် နည်းနည်းနှင့် ကျဲကျဲဝိုင်း၍ နိုင်ငံရေးအမြတ်ထုတ်သည့် သဘောသာ ရှိပါသည်။

နယ်စပ်လုံခြုံရေး၊ ဒုက္ခသည်အရေး၊ တိုက်ပွဲများကြောင့် ရပ်ဆိုင်းသွားသည့် ကုန်သွယ်ရေးစသည့် အကြောင်းပြချက်များဖြင့် ထိုင်းနိုင်ငံသည် စစ်အစိုးရနှင့် ပုံမှန်ဆက်ဆံရေး အမြန်ဆုံးပြန်ထူထောင်လိုသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။ ဦးမင်းအောင်လှိုင်သည် ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည်ဟု ကြေညာထားသည်ဖြစ်ရာ ICRC နှင့် တွေ့ဆုံခွင့်ပေးခြင်းကဲ့သို့ အသေးအမွှား လိုက်လျောမှုမျှနှင့်ပင် ထိုင်းနိုင်ငံခေါင်းဆောင်များအတွက် မြန်မာသည် နိုင်ငံရေးပြဿနာများ စစ်စစ်မှန်မှန် ဖြေရှင်းနိုင်မှုနှင့် မည်မျှ ဝေးကွာနေပါစေဦး ယခုအခြေအနေတွင် လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်နေပါပြီဟု ပြစရာတစ်ခုရှိသွားစေမည် ဖြစ်သည်။ 

 အတိတ်ကိုပြန်ကြည့်လျှင် ယခုလို ပေါချောင်ကောင်း လိုက်လျောမှုများက ထင်မှတ်မ ထားလောက်အောင် အလုပ်ဖြစ်ခဲ့သည်။ အကြောက်တရားဖြင့် အုပ်ချုပ်မှုသည် ၎င်းတို့အုပ်ချုပ်ရေး၏ အဓိကလက်နက်ဖြစ်နေသေးဆဲဆိုသည့် အချက် ရှိလင့်ကစား စစ်အစိုးရဘက်က နည်းနည်း လိုက်လျောပြလိုက်သည်နှင့် ထိတွေ့ဆက်ဆံရေးဘက်တော်သား အင်အားစုများအတွက်မူ ယင်းအချက် သည် အားတက်စရာ ဖြစ်ခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး ရက်ပိုင်းအတွင်း ထိုစဥ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ဝန်ကြီးအဖွဲ့ဝင် ဗိုလ်ချုပ်အောင်ကြည်နှင့် လည်းကောင်း၊ ကုလသမဂ္ဂ အထူးကိုယ်စားလှည် အီဘရာဟင် ဂမ်ဘာရီနှင့်လည်းကောင်း တွေ့ဆုံရန်ခွင့်ပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ကြည်နှင့် တွေ့ဆုံမှုကို နိုင်ငံပိုင်ရုပ်သံတွင် စက္ကန့်ပိုင်းမျှ ထုတ်လွှင့်ပြသခဲ့ပြီး ဒေါသမီးတောက်နေသော ပြည်သူလူထုကို ချွေးသိပ်ခဲ့သည်။ ထိုအစည်းအဝေးများမှ မည်သည့်ရလဒ်မျှ ထွက်ပေါ်လာခြင်းမရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်က စိတ်တိုင်းကျ ကုလားဖန်ထိုးကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲပြီးဆုံးသည့်ကာလအထိ နေအိမ်အကျယ်ချုပ်ဆက်လက်ချထားခဲ့သည်။ 

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပါဝင်ဆန္ဒပြသူများကို သွေးထွက်သံယိုပစ်ခတ်နှိမ်နင်းပြီး ထိုနှစ်အောက်တိုဘာလ ၂၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီတို့ ရန်ကုန်တွင် တွေ့ဆုံခဲ့ကြပုံကို စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ (ဓာတ်ပုံ- AFP) 


စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယခင်စစ်ခေါင်းဆောင်၏ နည်းနာကို ပုံတူကူးချ၍ ပြုလုပ်နေခြင်းဖြစ်သည်။ 

လက်ရှိအချိန် နိုင်ငံတဝန်းတွင် စစ်တပ်က နေ့စဉ်နှင့်အမျှ အရပ်သားပြည်သူများကိုပါ မချန် သိမ်းကျုံး၍ လေကြောင်းတိုက်ခိုက်နေဆဲဖြစ်ရာ ယင်းမှာ နွေဦးတော်လှန်ရေးကို အားနည်းစေရန်မှတပါး အခြားမရှိကြောင်း သိနိုင်ပါသည်။ ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ကြီးများတွင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လျှပ်တပြက် ငြိမ်းချမ်းစွာဆန္ဒပြရုံဖြင့် သာမန်ပြည်သူများသည် ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခံနေရဆဲဖြစ်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပါဝင်ဆန္ဒပြသူများကို သွေးထွက်သံယိုပစ်ခတ်နှိမ်နင်းပြီး ထိုနှစ်အောက်တိုဘာလ ၂ ရက်တွင်  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် စစ်ဗိုလ်ချုပ်များက ကုလအထူးကိုယ်စားလှယ်  မစ္စတာ အီဘရာဟင် ဂမ်ဘာရီတို့ တွေ့ဆုံခဲ့ကြကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ (ဓာတ်ပုံ- AFP) 

ယင်းအခြေအနေနောက်ခံတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖျတ်ခနဲမြင်ခွင့်ရခြင်းတစ်ခုတည်းကြောင့် အရပ်သားအရေခြုံစစ်အစိုးရသည် လူကြီးလူကောင်းလို ပြုမူလာရန် အဆင်သင့်ဖြစ်နေပါပြီဟု အဓိပ္ပာယ်မဲ့ ကောက်ချက်မချ သင့်ပါ။ ၎င်းတို့ အမှန်တကယ် သဘောထားပြောင်း မပြောင်း ဆိုသည်မှာ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသလား၊ အရပ်သားများကိုတိုက်ခိုက်မှုများ ရပ်သွားသလား၊ ပြည်သူတို့အပေါ်ကို ဖိနှိပ် တင်းကျပ်နေမှုများ လျော့ကျလာသလား၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်လာသလားစသည့် အခြေအနေများကိုကြည့်၍သာ တိုင်းတာရမည်ဖြစ်ပါသည်။

ထိုအပြုအမူများ မမြင်ရမချင်း ပြီးခဲ့သည့် ICRC နှင့် တွေ့ဆုံခွင့်ပြုမှုသည် စစ်ခေါင်းဆောင်၏ နိုင်ငံရေးအမြတ်ထုတ်မှုမျှသာဖြစ်ပြီး စစ်အုပ်စု၏ ပကတိအခြေအနေကို အရှိအတိုင်း မြင်သင့်သည်။ ပြီးခဲ့သည့်ငါးနှစ်တာပတ်လုံး မြန်မာနိုင်ငံကို ကပ်ကြီးသုံးပါး သင့်စေခဲ့သည့် မူဝါဒများကို ဘာတစ်ခုမျှ ပြောင်းလဲရန်မရှိသည့် စစ်အစိုးရတရပ်၏ အကွက်ရွှေ့ ကစားကွက်အဖြစ်သာ မြင်ရမည်ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် NLD ပါတီခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ဦးဆောင်သော ယာဉ်တန်းအား အကြမ်းဖက်တိုက်ခိုက်ပြီး မကြာမီ နိုင်ငံတကာဖိအားများကို လျော့ပါးစေရန် စစ်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် ညစာပင်အတူစားခဲ့ကြောင်း ၂၀၀၃ ခုနှစ် ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ (ဓာတ်ပုံ-AFP/New Light of Myanmar)

အာဆီယံသည် မင်းအောင်လှိုင် ခေါင်းဆောင်သော အရပ်သားအရေခြုံ စစ်အစိုးရ၏ မျက်လှည့်ပြရန် ကြိုးပမ်းမှုတွင် မျောပါမသွားဘဲ အနည်းဆုံး မူလကိုင်စွဲထားသည့် တူညီဆန္ဒငါးချက်ကို တစ်ပြားမျှ လျှော့မပေးဘဲ တင်းတင်းရင်းရင်းကိုင်စွဲထားရန်လိုအပ်သည်။ ထိုမျှလောက်ကို ဈေးကိုင်မထားနိုင်ပါလျှင် အာဆီယံသည် တစ်ဘို့တည်းသမားများဦးဆောင်နေသည့် အရပ်သားအရေခြုံစစ်အစိုးရတရပ်ကို ဦးကျိုးဆက်ဆံခြင်းနှင့် မခြားတော့ပေ။

Related Articles

Back to top button