အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော် | ဦးဖြိုးမင်းသိန်းထွက်ဆိုချက် အာဏာရှင်တို့၏ လုပ်ရိုးဇာတ်လမ်းသာဖြစ် 

ယမန့်နေ့ (အောက်တိုဘာ ၁ ရက်နေ့) နေပြည်တော် တရားရုံးကြားနာမှုတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ၎င်း၏ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာခြောက်သိန်းနှင့် ရွှေခုနှစ်ပိဿာ ပေးခဲ့ရကြောင်း ထွက်ဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ ခြံဝင်းထဲတွင် တရားမဝင်စကားပြောစက်တွေ့ရှိသည်၊ ကိုဗစ်ကပ်ဘေးကန့်သတ်ချက်များချိုးဖောက်သည်၊ အာဏာရှိစဉ်က လာဘ်ယူသည်ဟူသော ပုဒ်မမျိုးစုံဖြင့် စစ်ဗိုလ်ချုပ်ကြီးများက တရားစွဲဆိုထားခြင်းများကို မြန်မာပြည်သူတို့က ဒေါသအမျက်ထွက်ရုံမှတစ်ပါး အထူးတလည်စိတ်ဝင်စားခြင်းမရှိပါ။ စစ်တပ်က ထိန်းချုပ်ထားသော တရားခွင်နှင့် တရားဥပဒေစနစ်တွင် တရားမျှတသော၊ မှန်ကန်ဖြောင့်မတ်သော တရားစီရင်မှုကို မရနိုင်သည်ကို ပြည်သူအများစုက နားလည်ပြီးသားဖြစ်သောကြောင့်ဖြစ်သည်။ 

သို့ရာတွင် ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်ကြောင့် အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ဦးဖြိုးမင်းသိန်းကို သတ္တိကင်းမဲ့သည်၊ အာဏာရှိသူတို့နှင့် အလွယ်တကူပေါင်းဖက်တတ်သည် စသဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ကြသည်။ 

ငွေကြေးအတန်အသင့်ကြွယ်ဝသော မိသားစုအသိုင်းအဝိုင်းတွင် ကြီးပြင်းလာသော အသက် ၅၂ နှစ်ရှိပြီဖြစ်သည့် ဦးဖြိုးမင်းသိန်းသည် ၁၉၈၈ ဒီမိုကရေစီအရေးပုံတော်ကြီးတွင် ကျောင်းသားဘဝဖြင့် ပါဝင်ခဲ့သည်၊ ထို့နောက် ၁၉၉၁ မှ ၂၀၀၅ ခုနှစ်ထိ ၁၄ နှစ်ကျော်တိုင်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သည်။ 

၂၀၁၀ နိုင်ငံရေးအကူးအပြောင်းတွင် သူသည် အသစ်တည်ထောင်သည့် နိုင်ငံရေးပါတီတစ်ခုတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး၊ ထိုနှစ်ရွေးကောက်ပွဲကျင်းပရန် လပိုင်းအလိုတွင် ရွေးကောက်ပွဲ တရားမျှတမှုရှိမည်မဟုတ်ဆိုကာ ပါတီမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။ နိုင်ငံရေးရည်မှန်းချက်ကြီးမားသော ဦးဖြိုးမင်းသိန်း၏ ခပ်သွက်သွက်နိုင်ငံရေးခြေလှမ်းများကို လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကျဉ်းသားဟောင်းတချို့က နှာခေါင်းရှုံ့ခဲ့ကြသည်။

စကားအပြောအဆိုတည်ငြိမ်သော ဦးဖြိုးမင်းသိန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အနီးဆုံးလက်ထောက်တစ်ဦးဖြစ်လာကာ နောက်ဆုံး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်လာသည်သာမက၊ တိုင်းနှင့်ပြည်နယ်များအနက် အရေးအကြီးဆုံး ရန်ကုန်တိုင်း၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်တော့ သူက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသော်လည်း NLD ပါတီမဲဆွယ်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

အသက်ပင်ခြိမ်းခြောက်ပါစေ စစ်ကောင်စီ၏ တရားလိုသက်သေအဖြစ်အခြေအနေကို တော်ရုံမည်သည့်နိုင်ငံရေးသမားမှ ပြုမည်မဟုတ်ဟုလည်းကောင်း၊ သူ၏ အပြောင်းအလဲများခဲ့သော နိုင်ငံရေးနောက်ခံများကြောင့်လည်းကောင်း ဝေဖန်သူတို့က သူ၏ သက်သေထွက်မှုကို ရှုတ်ချကဲ့ရဲ့ခြင်းဖြစ်ကြသည်။ ထိုရှုတ်ချမှုများသည် အတိုင်းအတာတစ်ခုအထိ ယုတ္တိရှိသည်ဟု ဆိုနိုင်သည်။

ဖမ်းဆီးခံထားရသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို  ဦးဖြိုးမင်းသိန်းနည်းတူ စစ်ကောင်စီ၏ တရားလိုသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်တရားခွင်တွင် ထွက်ဆိုခိုင်းလျှင် မည်သို့မျှဖြစ်မလာနိုင်ဟု တွေးပါက ဦးဖြိုးမင်းသိန်း၏ လုပ်ရပ်အပေါ် အမှန်တကယ် မကျေမချမ်းဖြစ်စရာရှိသည်။

နိုင်ငံခြားခရီးစဉ်တစ်ခုမှ ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းကြိုဆိုခဲ့ပုံ (မြန်မာ့အလင်း) 

မည်သို့ပင်ဖြစ်စေ ဦးဖြိုးမင်းသိန်းသည် စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော အပြစ်မရှိသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးသာဖြစ်သည်ကို ကျွန်ုပ်တို့မမေ့ရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မတရားထွက်ဆိုရမည့်အလုပ်မှာ သူ၏ နိုင်ငံရေးသမိုင်းသာမဟုတ်၊ သူ့ဘဝတစ်ခုလုံး အဖတ်ဆယ်မရဖြစ်မည်ကို သူသိပြီးဖြစ်မည်မှာ မေးခွန်းထုတ်စရာမလိုပေ။ ထို့ကြောင့် သေချာသည်မှာ သူ၏ ထွက်ဆိုချက်သည် အကျပ်ကိုင် ပြန်ပေးဆွဲခံထားရသူတစ်ဦး၏ ပြောဆိုချက်သာဖြစ်သည်။ 

နေပြည်တော်တရားခွင်သို့ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် လာရောက်ရခြင်းမဟုတ်ကြောင်း၊ နှလုံးမကောင်းသလို ကိုဗစ်နိုင်တင်း နှစ်ကြိမ်ကူးစက်ခံထားရသည်ဟု ဦးဖြိုးမင်းသိန်းပြောကြောင်း၊ သက်သေထွက်ဆိုချိန်တွင်လည်း အသံခပ်အုပ်အုပ်သာ ထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တစ်ချက်မှမကြည့်ခဲ့ကြောင်း စသည့် သူ့အခက်အခဲကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့၏ ပြန်လည်ပြောပြချက်အရ တစ်စိတ်တစ်ဒေသမြင်တွေ့ရသည်။ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်မှာလည်း စစ်ကောင်စီ၏ မတော်မတရားဖမ်းဆီးခံထားရသည်။ 

အာဏာသိမ်းပြီး ရာထူးသက်တမ်းတိုးယူထားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရာထူးသည် ဒီမိုကရေစီဖွံ့ဖြိုးသည့်နိုင်ငံတွင် ညွှန်ကြားရေးမှူးချုပ်အဆင့်သာရှိသည်ဟု ပြောဆိုခြင်းကြောင့်လည်းကောင်း၊ စစ်တပ်၏ ခါးပိုက်ဆောင်အဖွဲ့သဖွယ် လှုပ်ရှားခဲ့သည် မဘသအဖွဲ့သည် မြန်မာနိုင်ငံတွင် မလိုအပ်ဟု ပြောဆိုမှုကြောင့်လည်းကောင်း ဦးဖြိုးမင်းသိန်းသည်  စစ်တပ်ကို အမျက်ထွက်စေခဲ့သည်။ ယခုအခါ သူ၏ နိုင်ငံရေးသေဆုံးမှုသည် စစ်တပ်၏ အောင်ပွဲဖြစ်သည်။ ထို့ပြင် သူ၏ ထွက်ဆိုချက်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းကြေကွဲမှုသည် စစ်တပ်၏ ထပ်ဆင့်အောင်ပွဲဖြစ်သည်။ 

စစ်တပ်၏ ခြေလှမ်းက ပြည်သူအများစုထောက်ခံသော ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို လုပ်ကြံခြင်းမဟုတ်သော်လည်း သူ၏ ကျင့်ဝတ်ကို သတ်ဖြတ်ရန်ကြိုးစားလိုက်ခြင်းပင်။ 

မြန်မာနိုင်ငံသမိုင်းတစ်လျှောက် များစွာသော နိုင်ငံရေးမှုများတွင် စစ်တပ်သည် နိုင်ငံရေးသမားအချင်းချင်းကို တရားလိုသက်သေအဖြစ် ထား၍ ကုလားဖန်ထိုးစီရင်ခဲ့သည်ကို ထောက်၍ ယမန်နေ့က တရားခွင်ပွဲသည် စစ်အာဏာရှင်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးမင်းသိန်းတို့နှစ်ဦးလုံးကို အောက်လုံးနည်းဖြင့် ထိုးသတ်ခြင်းသာဖြစ်လေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button