စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

စွမ်းအားရှင်တွေ ဘယ်ကလာသလဲ

ကျွန်တော်စီးလာသည့် တရုတ်အင်ဂျင်တပ် သစ်သားသမ္ဗန်လေးက တငြိမ့်ငြိမ့်တအိအိ စီးနေသည့် လှိုင်မြစ်ကို ကန့်လန့်ဖြတ် ခုတ်မောင်းလာချိန်တွင် စင်ရော်ငှက်တစ်အုပ်က ဦးခေါင်းပေါ်မှ ပျံဝဲလျက်ရှိသည်။ ၁ဝ မိနစ်ခန့်အကြာတွင် ကျွန်တော်သည် စက်ဆန်းရွာ မြစ်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

မတ်လ ၁ဝ ရက်က ကျွန်တော်ရောက်ခဲ့သည့် အဆိုပါ စက်ဆန်းရွာလေးသည် ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းတွင် ရှိသည်။ စွမ်းအားရှင်ဟု ခေါ်နေကြသူများနှင့် ပတ်သက်ပြီး လေ့လာရန် ထိုရွာလေးကို ကျွန်တော် ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မတိုင်မီ ရက်အနည်းငယ်က ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြကျောင်းသားတို့ကို ရဲများက အကြမ်းဖက်ဖြိုခွဲရာတွင် သူတို့ပါဝင်ခဲ့ကြသည်ဟု သိထားကြသည်။

ယင်းဖြစ်စဉ်တွင် ရဲများကို ကူညီမည့်သူတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက စက်ဆန်းနှင့်အနီး ရွာနှစ်ရွာမှ စုစည်းပေးခဲ့ကြောင်း ကျွန်တော့်ကို လူတစ်ယောက်က ပြောထားသည်။

လူမိုက်ရုပ်ပေါက်နေသူများက ကျောင်းသားလူငယ်တို့ကို တိုက်ခိုက်နေသည့် ဓာတ်ပုံများ ထွက်ပေါ်လာသည့်အခါ ပြည်သူများအကြား ဒေါသပေါက်ကွဲခဲ့သည်။ ပျက်စီးယိုယွင်းနေပြီဖြစ်သော ပညာရေးစနစ် ပြန်လည်တည်ဆောက်ရန် ဟန်ပြင်နေသော မြန်မာပြည်တွင် အဆိုပါ ကျောင်းသားများက ပညာရေးဥပဒေပြင်ဆင်ရေးအတွက် တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ဖြစ်ရပ်နှင့် ပတ်သက်၍ မကျေနပ်ချက်များ ထွက်ပေါ်လာပြီးနောက်တွင် ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် အလုပ်များကို ဘယ်လိုလူတွေက အစိုးရအတွက် လုပ်ပေးနေသနည်း၊ သူတို့က အစိုးရအာဏာပိုင်များနှင့် မည်သို့ဆက်နွှယ်ပတ်သက်နေသနည်း ဆိုသည်များကို ကျွန်တော်သိချင်လာသည်။

စက်ဆန်းရွာလေးက ရန်ကုန်မြို့ကြီးနှင့် ကပ်နေသော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျပြီး သီးခြားလို ဖြစ်နေသည်။ ကျွန်တော် ရွာထဲကို ဝင်သွားချိန်တွင် စုတ်ပြဲနေသည့် အဝတ်အစားဝတ်ထားပြီး ပိန်လှီနေသည့် လူတစ်ယောက်သည် ရွာလမ်းမဟုဆိုသော လေးပေအကျယ်ခန့် ကွန်ကရစ်လမ်းအတိုင်း လျှောက်လာသည်။ လမ်းထောင့်တစ်နေရာတွင် အပေါ်ပိုင်း ဗလာကျင်းထားသည့် ဗလတောင့်တောင့်လူတစ်စု ဖဲရိုက်နေပြီး၊ နောက်တစ်အုပ်စုကတော့ အနားတွင် ကြက်တိုက်နေကြသည်။ အိမ်တစ်အိမ်ရှေ့တွင် အမျိုးသမီးနှစ်ယောက်က ဆောင့်ကြောင့်ထိုင်ပြီး သန်းရှာနေကြသည်။

လူစိမ်းဖြစ်သည့် ကျွန်တော့်ကို မသင်္ကာသူတစ်ယောက်အဖြစ် လှမ်းကြည့်ကြသည်။ သို့သော်လည်း ရွာရှိ အမျိုးသမီးတစ်ယောက်နှင့် စကားပြောခွင့်ရခဲ့ပြီး သူ့ကို ဆန္ဒပြပွဲဖြိုခွဲပုံကို ရိုက်ထားသည့် ဓာတ်ပုံများကို ပြလိုက်ရာ သူက ဓာတ်ပုံထဲမှ အမျိုးသားငါးဦး၏ အမည်ကို ချက်ချင်းပြောပြသည်။ ဆန္ဒပြပွဲဖြိုခွင်းရန် ရွာထဲတွင် လူစုခဲ့သူတစ်ဦး၏ အမည်အပါအဝင် ၎င်းတို့၏ လိပ်စာကိုပါ အတိအကျပြောပြသည်။

ဆန္ဒပြမှုဖြိုခွင်းစဉ် ပါဝင်သူများမှာ လူဆိုးလူမိုက် ထောင်ထွက်များဖြစ်သဖြင့် ၎င်းတို့ကို ရွာက ကြောက်ရကြောင်း၊ ၎င်းတို့ပုံများ အင်တာနက်တွင် ပလူပျံထွက်ပေါ်လာသော်လည်း ထိုကိစ္စကို တိုးတိုးတိတ်တိတ်သာ ပြောရဲကြောင်း သူကဆိုသည်။ ဆန္ဒပြမှုကို ဖြိုခွဲပုံများ မီဒီယာအသီးသီးတွင် ဖော်ပြကြရာ ထိုသတင်းစာ၊ ဂျာနယ်များ ရွာကို ရောက်လာသည့်အခါ လှေဆိပ်တွင်ပင် ၎င်းလူမိုက်များက ဆုတ်ဖြဲ ဖျက်ဆီးခဲ့ကြသည်ဟု အဆိုပါအမျိုးသမီးက ပြောသည်။

သားဖြစ်သူအပါအဝင် ရွာလူမိုက်များကို ခေါ်ယူစုစည်းပြီး ဆန္ဒပြမှုဖြိုခွင်းရာတွင် ပါဝင်ခဲ့သူဟု ဆိုကြသော အမျိုးသားတစ်ဦးဖွင့်ထားသော စက်ဆန်းရွာ မြစ်ကမ်းနံဘေးမှ သက်ငယ်မိုး အရက်ဆိုင်သို့ ကျွန်တော်ရောက်ရှိချိန်တွင် ညအမှောင် ကျရောက်နေပြီဖြစ်သည်။ ထိုညတွင် အရက်ဆိုင်တွင်ရှိသူ လူတစ်စုက လွန်ခဲ့သည့် ၅ ရက်က ဖြစ်ရပ်ကို စားမြုံ့ပြန်နေကြသည်။

မြန်မာဆန်ဆန် လည်ကတုံးအင်္ကျီ ဝတ်ဆင်ထားသည့် အသက်လေးဆယ်ကျော်အရွယ် ဆိုင်ရှင်က အခြားလူသုံးယောက်နှင့် ကျယ်လောင်ကျယ်လောင် စကားပြောနေသည်။

ဆိုင်ပိုင်ရှင်က ဆန္ဒပြသူတစ်ဦး၏ မျက်နှာကို သူ မည်သို့ရိုက်နှက်ခဲ့ကြောင်း၊ နောက်တစ်ယောက်၏ ပေါင်ကြားကို မည်သို့ဆောင့်ကန်ခဲ့ကြောင်း ကြွားဝါပြောဆိုနေသည်။ ကျွန်တော့်ကို ကုတ်အချိုရည်ဘူး လာချပေးနေသူ ဆိုင်၏ တစ်ဦးတည်းသော စားပွဲထိုးကို ဆိုင်ရှင်က လက်ညှိုးထိုးပြပြီး သူ့သားကလည်း ဆန္ဒပြသူတစ်ယောက်၏ မျက်နှာကို မည်သို့ရိုက်ခဲ့ကြောင်း ပြောနေသည်။ “နောက်တစ်ယောက်ရဲ့ ခေါင်းက သွေးတွေထွက်လာတာ မင်းတို့မြင်ခဲ့လား။ အဲဒီကောင်ကို ငါ့သားဆော်ခဲ့တာ” ဟု ဆိုင်ရှင်က ပြောသည်။ သူတို့ကို တစ်ချက်လှည့်ကြည့်သွားသည့် လမ်းသွားလမ်းလာတစ်ဦးကို “ဟေ့ကောင် မင်း ထောင်ထဲ ရောက်သွားချင်လို့လား” ဟုလည်း ၎င်းက အော်ပြောလိုက်သည်။

သူတို့ဝိုင်းတွင် ထိုင်စကားပြောနေသူတစ်ဦးက ဆန္ဒပြသူများသည် သူတို့လောက် သန်သန်မာမာမရှိကြကြောင်း ပြောသည်။ သူပြောတာ မှန်သည်။ ဆင်းရဲနွမ်းပါးပြီး ရွာတွင် အာဟာရ ပြည့်ဝစွာ စားသောက်ရပုံမပေါ်သော်လည်း အထမ်းသမားများ၊ သမ္ဗန်ခတ်သူများနှင့် တံငါသည်များအဖြစ် လုပ်ကိုင်စားသောက်နေကြသည့် ၎င်းတို့သည် ခန္ဓာကိုယ်တောင့်တင်း ကြံ့ခိုင်ကြသည်။

ဆန္ဒပြသူများကို ဖြိုခွဲရာတွင် ပါဝင်ခဲ့သည့် အရက်ဆိုင်ရှင်၏သား၊ ခါးပိုက်နှိုက်မှုဖြင့် ထောင်ကျဖူးသည်ဆိုသော အခြားလူငယ်တစ်ဦးတို့၏ ဓာတ်ပုံများသည် ပြည်တွင်းသတင်းစာအများအပြားတွင် ပါလာပြီး Facebook အသုံးပြုသူများအကြားတွင်လည်း ပြန့်နှံ့သွားသည်။ ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြသူများအား ဖြိုခွဲမှုတွင် လက်ပတ်နီဝတ် အဆိုပါ လူရမ်းကားများနှင့် ၎င်းတို့ကို အသုံးချခဲ့သည့် အစိုးရအပေါ် ပြည်သူများက ဒေါသထွက်ခဲ့ကြသည်။ ၎င်းတို့ကို လမ်းတွင်တွေ့ပါက မည်ကဲ့သို့ ပညာပေးလိုက်မည်ဖြစ်ကြောင်း မကျေမနပ်ဖြစ်နေသည့် Facebook အသုံးပြုသူများက မှတ်ချက်ပေး ရေးသားကြသည်။ စက်ဆန်းရွာတွင်တော့ အရက်ဆိုင်ပိုင်ရှင် သားအဖနှစ်ဦးက ဖြစ်ပြီးသည့် ကိစ္စမှာ သူတို့နှင့် မဆိုင်တော့သလိုပင်။ အဖေဖြစ်သူက ရွာတွင် အုပ်ချုပ်ရေးမှူးဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ်ရာရှိသည်။

ဆရာတော် ဦးဝိသာရသည် စက်ဆန်းရွာ၏ တစ်ခုတည်းသော ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်လာသည်မှာ ၂၆ နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သည်။ စွမ်းအားရှင်ဆိုသူများအား ရွာမှ လာရောက်ခေါ်ယူသွားခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာတော်က ဆွေးနွေးရန် ဆန္ဒမရှိသော်လည်း ရွာသားများ စရိုက်ကြမ်းရခြင်းမှာ ဆင်းရဲမှု၊ ပညာရေးနိမ့်ကျမှု၊ ရန်ကုန်နှင့် သီးခြားစီဖြစ်နေမှုတို့ကြောင့် ဖြစ်ကြောင်း မိန့်ကြားသည်။

၁၉၉ဝ ဝန်းကျင် တစ်ရွာလုံး မီးအကြီးအကျယ်လောင်ပြီး နောက်ပိုင်းမှသာ လူသွားလမ်းများ အတည်တကျ ရှိလာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်မှစ၍ ရွာတွင် လျှပ်စစ်မီးရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အနည်းငယ် ရှိလာခဲ့သည်။ သို့သော် လူနေမှုအခြေအနေ များစွာ တိုးတက်မလာသေးကြောင်း ဆရာတော်က ရှင်းပြသည်။

“မြစ်ကြီးခြားနေလို့ အခုလို မဖွံ့ဖြိုးမှုတွေ ဖြစ်ရတာလို့ပဲ ပြောချင်ပါတယ်။ တံတားတစ်စင်းလောက် ဆောက်လိုက်မယ်ဆိုရင် အရာရာ တိုးတက်ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆရာတော်က ပြောသည်။

ရွာသားများ ငွေတိုးချသူတို့ထံမှ ငွေချေးထားကြပြီး အကြွေးနွံနစ်နေရပုံကို အဘွားအိုတစ်ဦးက ရွာ၏ မြစ်ကမ်းဘေး လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပြောပြသည်။ သူသည်ပင် လွန်ခဲ့သည့်နှစ်က အိမ်နီးချင်းတစ်ဦးထံမှ ကျပ် သုံးသောင်း ချေးယူခဲ့ကြောင်း၊ အကြွေးရင်းနှင့် အတိုးတို့ ပြန်မဆပ်နိုင်တော့သောအခါ အိမ်ရောင်းဆပ်ခဲ့ရကြောင်း ပြောသည်။

ထိုသို့ အဘွားအိုပြောနေစဉ်တွင် ပိန်လှီယိုင်ခွေနေသည့် အမျိုးသားတစ်ဦး ဆိုင်တွင်းသို့ လျှောက်လာပြီး သွေးပေါင်အလွန်ကျကာ နေမကောင်းဖြစ်နေကြောင်း၊ ဆေးကုရန်လည်း ငွေမရှိကြောင်း ညည်းတွားပြသည်။

ရွာရှိ နာရေးကူညီမှုအသင်းကို ဦးဆောင်နေသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်က သူတို့အသင်းတွင် ငွေကြေးအခက်အခဲရှိနေပြီး မီးသင်္ဂြိုဟ်မှုများကိုပင် မလုပ်နိုင်ဟု ခပ်ထေ့ထေ့ ပြောလိုက်သည်။ အစိုးရက အတိုက်အခံတို့အား နှိပ်ကွပ်ရန် စွမ်းအားရှင်များကို ငှားရမ်းအသုံးပြု၍ ရနေခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့၏ ဘဝဆင်းရဲမှုဖြစ်သည်ဆိုပါက စက်ဆန်းရွာလေးသည် စွမ်းအားရှင်များကို လွယ်လင့်တကူ စုဆောင်းရရှိနိုင်သည့် နေရာတစ်ခုအဖြစ် နှစ်များစွာအထိ ရှိနေနိုင်သေးသည်။

Show More

Related Articles

Back to top button