မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၃) ညက ယူနီဖောင်းဝတ် စစ်ကောင်စီ တပ်သားများ ဖမ်းသွားသည့် ဒေသခံ ၅ ဦးကို ယနေ့ နံနက်တွင် သွေးသောက်ဆိုသည့် ကဒ်ပြားများ ဆွဲလျက် လှီးဖြတ်ဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ ည ၁၂ နာရီဝန်းကျင်ခန့်တွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့ပေါ်မှ အမျိုးသား ၃ ဦးနှင့် မြို့အရှေ့ဘက် ၁ မိုင် အကွာရှိ ထန်းဂွရွာသား ၂ ဦးတို့ကို လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
နံနက် ၆ နာရီခန့်တွင် နွားထိုးကြီးမြို့အနောက်ဘက် ဇရပ်တစ်ခုအနီးတွင် ရုပ်အလောင်း ၁ လောင်း၊ နွားထိုးကြီး -မြစ်သားလမ်းပေါ်ရှိ ထန်းဂွရွာလမ်းဆုံတွင် ၄ လောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည် ဟု နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံ ကိုတွံတေးက မျက်မြင်သက်သေများကို ကိုးကား၍ ပြောသည်။
“အလောင်းတွေမှာ ကျောက်ပန်းတောင်းသွေးသောက်အဖွဲ့ဆိုပြီး ကပ်ပြားတွေ ဆွဲခဲ့တယ်။ ပတ်ဝန်းကျင် မြင်တာကတော့ လာဖမ်းတဲ့အချိန်မှာ စကစယူနီဖောင်းနဲ့ သေနတ်တွေနဲ့ လာဖမ်းသွားတာ။ …တချို့ကျတော့ ခေါင်းဖြတ်ထားတာတွေ ပါတယ်။ အလောင်းတွေမှာက ဓားနဲ့ လည်ပင်းတွေကို လှီးထားတာ။ အကုန်လုံးကတော့ ဒဏ်ရာတွေနဲ့လို့ ပြောတယ်။ ကျည်ဆန်ဒဏ်ရာ မတွေ့ရဘူး”
နွားထိုးကြီးမြို့အထွက် အနောက်ဘက်ရှိ ဇရပ်အနီးတွင် တွေ့ရှိရသူမှာ နွားထိုးကြီးမြို့ပေါ်မှ အသက် ၅၅ နှစ်အရွယ် ဦးကျော်ဆန်းဆိုသူ ဖြစ်ပြီး အခြား ၄ ဦးမှာ နွားထိုးကြီးမြို့ပေါ်မှ ၅၆ နှစ်အရွယ် ဦးလှစိုး၊ ၄၇ နှစ်အရွယ် ဦးသိန်းလွင်နှင့် ထန်းဂွရွာသားများဖြစ်သည့် ၄၂ နှစ်အရွယ် ဦးကျော်မင်းနှင့် ၃၈ နှစ်အရွယ် ဦးဇင်မင်း တို့ ဖြစ်သည်ဟု ဆိုသည်။
နွားထိုးကြီးမြို့နယ်အတွင်း သွေးသောက်အဖွဲ့တံဆိပ်ကပ်၍ ပထမဆုံးသတ်ဖြတ်ခံရခြင်းဖြစ်ပြီး အသတ်ခံရသူများမှာ PDF နှင့် ဆက်နွှယ်မှုမရှိဘဲ သာမန်အရပ်သားများသာဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“(PDF) ထောက်ပံ့တဲ့သူထဲမှာတောင်မှ မပါပါဘူး။ သူတို့ စီးပွားရေးလုပ်ပြီး အေးအေးချမ်းချမ်းနေတဲ့သူတွေပါ။ အားလုံးကို ဖမ်းခေါ်သွားတဲ့အချိန်မှာ စစ်ကောင်စီယူနီဖောင်းတွေ၊ သေနတ်တွေနဲ့ လာဖမ်းသွားတယ်။ သတ်ထားတဲ့အလောင်းကျမှ ကျောက်ပန်းတောင်းသွေးသောက်အဖွဲ့ဆိုပြီး တံဆိပ်ကပ်သွားတယ်။ ကျောက်ပန်းတောင်းအမည်ခံပေမဲ့ သူတို့ (စစ်ကောင်စီ) ပဲ ဖမ်းသွားတာပဲ” ဟု ကိုတွံတေးက ပြောသည်။
အလောင်းများကို လူမှုကူညီရေးအသင်းများက သက်ဆိုင်ရာမိသားစုများထံ ပို့ဆောင်ပေးနေသည်ဟု သိရသော်လည်း ၎င်းတို့၏ လုံခြုံရေးအခြေအနေကြောင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို ရုပ်အလောင်းဓာတ်ပုံများ မရရှိသေးပေ။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူထံမှ တုံ့ပြန်ချက်မရသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ က နွားထိုးကြီး-မြင်းခြံလမ်းပေါ်ရှိ ပျော်ဘွယ်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်ကို နွားထိုးကြီး PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၇ လက် ရရှိသွားပြီးနောက် စစ်ကောင်စီတပ်က ဒေသအတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်။
“အင်အားအများကြီးနဲ့ စစ်ကြောင်းထိုးနေတာ။ (PDF) အစအနက မရှာနိုင်၊ ဖမ်းမိတာလည်း မရှိတော့ လုပ်မိလုပ်ရာ လုပ်တယ်လို့ မြင်တယ်”
“ အဓိကက PDF နဲ့ NUG ကို ထောက်ပံ့မယ်။ ထောက်ခံမယ်။ ယုံကြည်နေမယ်ဆိုရင် သူတို့တွေက ဒါမျိုးတွေလုပ်မယ်လို့ ခြိမ်းခြောက်တာလို့ မြင်တယ်။ အဓိကက ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းတာ” ဟု ကိုတွံတေးက ပြောသည်။
နွားထိုးကြီးမြို့နယ်တွင် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုးလျက်ရှိပြီး၊ နွားထိုးကြီး- တောင်သာ၊ နွားထိုးကြီး – မြင်းခြံ၊ နွားထိုးကြီး- ငါန်းဇွန် မြို့နယ်အစပ်များတွင် အများဆုံး စီးနင်း ရှာဖွေခံနေရသည်ဟု သိရသည်။
ယခုနှစ် ဧပြီနောက်ဆုံးပတ်မှ စတင်၍ သွေးသောက်ဆိုသည့် အဖွဲ့အမည်ခံကာ စစ်တပ်ကို မထောက်ခံသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များကို သတ်ဖြတ်ရန် ကြိုးစားလာခြင်း ဖြစ်သည်။
NLD ပါတီဝင်များ၊ ထောက်ခံသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သူများကို ချေမှုန်းမည့် ‘အနီရောင်စစ်ဆင်ရေး’ စတင်မည်ဖြစ်ကြောင်း သွေးသောက်အဖွဲ့က ဧပြီ ၂၄ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် ကြေညာချက်ထုတ်ပြန်၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
စတင်ပေါ်ပေါက်စဉ်ကတည်းက မန္တလေးမြို့တွင် တစ်လအတွင်း NLD နှင့် ဆက်စပ်သူ ၈ ဦး ရက်စက်စွာ သတ်ဖြတ်ခံရပြီး ကျောက်ဆည်၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်း အချို့ဒေသများတွင်ပါ သွေးသောက်လည်ဆွဲ ဆွဲပေးကာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် သွေးသောက်အဖွဲ့ လှုပ်ရှားမှုများ ငြိမ်သွားရာမှ သွေးသောက်အမည်ခံကာ သတ်ဖြတ်မှုများ ပြန်လုပ်လာခြင်း ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)