သတင်း

မန္တလေးတွင် တစ်လကျော်အတွင်း အလောင်းစွန့်ပစ်မှု ၉ ခုရှိ

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ဇွန်လဆန်းမှ စတင်၍ ပိုင်ရှင်မဲ့အလောင်းများ လမ်းမပေါ် စွန့်ပစ်ထားမှု ၉ လောင်းခန့် ရှိလာပြီး တချို့တွင် သွေးသောက်လည်ဆွဲများ ချိတ်ဆွဲထားကြသည်ဟု ဒေသခံများက ပြောသည်။

ဇွန် ၉ ရက်နေ့က မန္တလေးမြို့နှင့် ကပ်လျက် မတ္တရာမြို့နယ်၊ သာလွန်ဖြူကျေးရွာနှင့် တောင်ပြုန်းရွာအကြား လမ်းပေါ်တွင် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၏ ဒဏ်ရာများနှင့် ရုပ်အလောင်းကို တွေ့ရှိရသည်။ မျက်လုံး အဝတ်စည်း ဖုံးအုပ်ထားသည့် သူ၏ ရုပ်အလောင်းတွင် “အစွန်းရောက်တို့ သွားရာလမ်း” ဟူသော စာသားနှင့် ချိန်ခွင်ပုံပါ လည်ဆွဲကိုလည်း တွေ့ရသည်။

အလားတူ ပိုင်ရှင်မဲ့ ရုပ်အလောင်းများ မကြာခဏ ပေါ်ပေါက်လာသည်ကို ဇူလိုင်လဆန်းအထိ တွေ့နေရသည်။

ဇွန် ၂၁ ရက်နေ့က မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် လမ်း (၄၀) နှင့်လမ်း (၉၀) ကြားတွင် အမျိုးသားရုပ်အလောင်းတစ်လောင်း၊ နောက်တစ်နေ့တွင် ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းပေါ်တွင် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း၊ ဇွန် ၂၈ ၇က်နေ့က ပုသိမ်ကြီးမြို့နယ်၊ မင်းကြီးရန်နောင်လမ်း၊ ရွာရှည်လမ်းဘေးတွင် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း၊ ဇွန် ၃၀ တွင် အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းအနီး လမ်းပေါ်တွင် သွေးသောက်လည်ဆွဲ ချိတ်ထားသော အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို စွန့်ပစ်ထားကြသည်။

ဇူလိုင် ၂ ရက်နေ့က ပုသိမ်ကြီးကျေးရွာနှင့် နဂဲကျေးရွာအနီး၊ အုန်းချော-ရွှေစာရံလမ်းပေါ်တွင် အမျိုးသားတစ်ဦး၊ နောက်တစ်နေ့တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ဝါဆိုကျောင်းရှေ့တွင် အမျိုးသားတစ်ဦး၊ ဇူလိုင် ၄ တွင် ပုသိမ်ကြီးမြို့နယ် ဆည်တာ-မင်းရဲလှ ကျေးရွာချင်းဆက်လမ်းပေါ်၌ အသက် ၅၀ အရွယ်ဝန်းကျင် အမျိုးသားတစ်ဦးတို့၏ အလောင်းများ တွေ့ရှိခဲ့ရသည်။

စစ်တပ်က စစ်ကြောရေးစခန်းများတွင် နှိပ်စက်စဉ် သေဆုံးသွားသူတို့၏ ရုပ်အလောင်းများကို စွန့်ပစ်ခြင်း ဖြစ်သည်ဟု အသက် ၄၅ နှစ်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ယူဆသည်။

“ပိုင်ရှင်မဲ့အလောင်း တော်တော်များများက ဘယ်ရပ်ကွက်က ဘယ်သူပါဆိုတာမျိုး သတင်းထွက်လာတာ မရှိဘူး။ နောက်ပြီး အသတ်ခံရပြီး သွေးသောက်လည်ဆွဲချိတ်ထားတဲ့ လူငယ်တွေကလည်း ကျွန်တော့်အထင် သူတို့ စစ်ကြောရေးကနေ သတ်ဖြတ်ပြီး အလောင်းကို လမ်းပေါ် လာစွန့်တယ်လို့ပဲ ထင်တယ်” ဟု အမရပူရမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။

သွေးသောက်လည်ဆွဲတပ် အမျိုးသားရုပ်အလောင်းနှစ်လောင်း တွေ့ရသည့်နေရာနှင့် မလှမ်းမကမ်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ရာအိမ်မှူးသားအဖနှစ်ဦး အစောပိုင်းရက်များက ပစ်ခတ်ခံထားရသည်။

“သူတို့ဘက်က ပြန်လုပ်ပြတာပေါ့။ သူတို့လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတစ်ဦး ဆုံးရင် ဒေသခံတော်လှန်ရေးသမားတွေကို သတ်ပြတယ်။ အများဆုံးအသတ်ခံရတာကတော့ NLD ပါတီဝင်တွေ၊ ပြောက်ကျားလူငယ်တွေ” ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့က အသက် ၅၆ နှစ်အရွယ် ရာအိမ်မှူး ဦးမြတ်ထူးနှင့် ၂၁ နှစ်အရွယ် သားဖြစ်သူ ကိုရဲမြင့်မိုရ်ထူးတို့ နေအိမ်သို့ ပြန်လာစဉ် သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားရာ ရာအိမ်မှူး နေရာမှာပင် သေဆုံးခဲ့သည့် ဖြစ်ရပ်ကို ပြောခြင်း ဖြစ်သည်။

မန္တလေးမြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ယခုလပိုင်းအတွင်း မြို့အနီးတစ်ဝိုက် လမ်းပေါ် သေဆုံးနေသည့် ပိုင်ရှင်မဲ့အလောင်း ၁၀ လောင်းနီးပါး ရှိပြီဖြစ်ကြောင်း ပြောသည်။

“အဲဒီထဲမှာ အိမ်ခြေရာမဲ့သေဆုံးနေတာ တစ်လောင်းပါတယ်။ ကျန်တာတွေကတော့ သတ်ဖြတ် စွန့်ပစ်ခံရတာတွေချည်းပါပဲ” ဟု အမည်မဖော်လိုသည့် အထက်ပါ အသင်းတာဝန်ရှိသူက ဆိုသည်။

သတ်ဖြတ်အလောင်းစွန့်ပစ်ခံရသူတို့သည် မန္တလေးမြို့နှင့် မတ္တရာနယ်တို့တွင် အများဆုံးဖြစ်ပွားပြီး ကျောက်ဆည်၊ ငါန်းဇွန်မြို့တို့လည်း ပါဝင်ရာ မန္တလေးတိုင်းတစ်တိုင်းလုံးအနေအထားဖြင့်ဆိုပါက အထက်ပါ တစ်လကျော်အတွင်း အလောင်း ၂၀ နီးပါးရှိကာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း မန္တလေးတစ်ဝိုက် အလောင်းစွန့်ပစ်ခံရသူ တစ်ရာနီးပါးရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ဧပြီလ၂၁ တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များကို တုံ့ပြန်ရန်ဆိုကာ သွေးသောက်အဖွဲ့ ဖွဲ့စည်းကြောင်း တယ်လီဂရမ်တွင် ဂရုဖွဲ့ကာ စတင်ကြေညာခဲ့ပြီးနောက် မန္တလေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ပါတီထောက်ခံအားပေးသူများ၊ မြို့ခံတော်လှန်ရေးသမားများ၊ ၎င်းတို့မိသားစုဝင်များ အများအပြားသတ်ဖြတ်ခံခဲ့ရသည်။

သွေးသောက်သုံး၍ သစ္စာပြုထားသူဟု အဓိပ္ပာယ်ရသည့် အဆိုပါအဖွဲ့သည် အာဏာသိမ်းမှု ဆန့်ကျင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်ပြီး သွေးသောက်တံဆိပ်ပါ စာရွက်များ၊ အစွန်းရောက်တို့ သွားရာလမ်း အစရှိသည့် တံဆိပ်များ ချိတ်ဆွဲကာ အများသူငါ သွားလာမှုများသည့် လမ်းများပေါ်တွင် အလောင်းပစ်လေ့ရှိသည်။

အဆိုပါအဖွဲ့တွင် စစ်တပ်က လက်နက်ထုတ်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်သူ အမည်ခံထားသည့် အစွန်းရောက်မဘသများ၊ စစ်တပ်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

“အဓိကကတော့ နိုင်ငံရေးလုပ်ရင် ခုလို အသတ်ခံရမယ်၊ အဖြစ်ဆိုးမယ်ဆိုတာမျိုး ပြချင်တဲ့အတွက် အခုလိုတွေ သတ်ဖြတ် လမ်းပေါ် စွန့်ပစ်နေတာပေါ့။ လူထုကို ကြောက်အောင် တုန်လှုပ်အောင်ပေါ့” ဟု မြို့ခံနောက်တစ်ဦးက ဆိုသည်။

သွေးသောက်အဖွဲ့သည် စစ်ကောင်စီကို ဆန့်ကျင်သူများကို သတ်ဖြတ်ရှင်းလင်းနေသော်လည်း စစ်ကောင်စီကမူ အဆိုပါအဖွဲ့သည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၂၀၂၂ ဧပြီ ၂၇ တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောထားသည်။

ရုပ်အလောင်းတွင် သွေးသောက်နှင့် အခြားတံဆိပ်ကပ်၍ လမ်းပေါ် စွန့်ပစ်ထားခြင်းကို မန္တလေး အပါအဝင် ဒေသတချို့၌ တွေ့ရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button