သတင်း

မန္တလေးတွင် ဆယ်ကျော်သက်တစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

မန္တလေးမြို့တွင် ဇွန် ၂၃ ညပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရသလို နောက်တစ်နေ့တွင် စစ်သားများ၏ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်။

၅၆ နှစ်အရွယ် ရာအိမ်မှူး ဦးမြတ်ထူးနှင့် ၂၁ နှစ်အရွယ် သားဖြစ်သူ ကိုရဲမြင့်မိုရ်ထူးတို့ ဆိုင်ကယ်စီးပြီး ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၁၀၅ လမ်းနှင့် ၈၄ လမ်းအနီး နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားသည်။

ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက် (၅၀၀) မှ ထိုရာအိမ်မှူးသည် ဦးခေါင်းတွင် ကျည်သင့်ဒဏ်ရာ ၂ ချက် ရကာ ပွဲချင်းပြီးသေဆုံးသည်၊ သားဖြစ်သူမှာ ဝမ်းဗိုက်တွင် ဒဏ်ရာရသွားသည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ယနေ့ ဇွန် ၂၆ မွန်းတည့်အချိန်ထိ သတင်းမထုတ်ပြန်သေးပေ။ 

အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီလက်နက်ကိုင်တို့က ဖမ်းဆီးသတ်ဖြတ်ရာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အရေးပါသည့် နေရာမှ ပါဝင်ဆောင်ရွက်ရသဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။

အလားတူ နောက်တစ်နေ့ (ဇွန် ၂၄) ည ၁၀ နာရီကျော်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်းနှင့် ၅၉ လမ်းအနီး ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးရုံး ဂိတ်စောင့်နေသည့် စစ်သားနှစ်ဦးက လူငယ်တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ထိုမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကောင်လေးက အသက် ၁၇၊ ၁၈ လောက်ပဲလို့ ပြောတယ်။ စစ်သားတွေရှိတော့ ထွက်တော့ မကြည့်ရဲဘူး။ ပစ်ခံရပြီးကတည်းက သိပ်တော့ မလှုပ်ဘူး။ ဆေးရုံအရောက် သေသွားတယ်လို့ ပြောတယ်” ဟု ယင်းနေရာအနီး နေထိုင်သည့် အသက် ၂၀ ဝန်းကျင် ထိုအမျိုးသမီးက မျက်မြင်ကို ကိုးကား၍ ပြောသည်။

“သူတို့ (စစ်သားတွေ) က အဲဒီရုံးရှေ့မှာ ညဆို သောက်စားပြီး အမြဲမူးနေကြတယ်။ မထင်ရင် မထင်သလို ပစ်ခတ်တာတွေ ရှိတော့ ဒီရှေ့ဆို တော်ရုံမြို့ခံက မဖြတ်ရဲကြဘူး”

ဝမ်းဗိုက်နှင့် လက်ဖျံ ထိမှန် သေဆုံးသွားသည့် လူငယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ ဖြစ်ပြီး မန္တလေးရှိ ဆွေမျိုးများထံ အလည်အပတ်လာသည့် စိုင်းခန့်ကျော် ဆိုသူဖြစ်ပြီး မကြာသေးမီကမှ ဆယ်တန်းအောင်မြင်ထားသူ ဖြစ်ကြောင်း၊ စစ်ကောင်စီက မိသားစုကို အလောင်း ပြန်လည်ထုတ်ယူခွင့် မပေးကြောင်း မြို့ခံများထံမှ သိရသည်။

စစ်တပ်ဝါဒဖြန့် ဆိုရှယ်မီဒီယာစာမျက်နှာများတွင်မူ ဂိတ်စောင့်နေသည့် စစ်သား ၂ ဦးက အော်ဟစ် ဆဲဆိုသွားသော ဆိုင်ကယ်စီး လူငယ် ၄ ဦးကို ခြောက်လှန့်ပစ်ခတ်ရာမှ ကျည်ထိမှန်သွားခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားကြသည်။

ထိုလူငယ်အားလုံး အသက် ၁၈ နှစ်အရွယ်များ ဖြစ်ကြသည်ဟု ဆိုသည်။

ဖောက်ခွဲတိုက်ခိုက်မှုများ ရှိတတ်သော မန္တလေးမြို့တွင် ယမန်နှစ်အတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင် အများအပြား ဖမ်းဆီးခံခဲ့ရသော်လည်း စစ်ကောင်စီပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်၊ ဖောက်ခွဲမှုများ မကြာခဏ ဖြစ်ပေါ်နေဆဲဖြစ်သည်။

စစ်ကောင်စီကလည်း မြို့ပြပြောက်ကျားများသာမက မြို့ခံ ဆရာဝန်၊ ပညာရေးဝန်ထမ်းများ၊ ရှေ့နေများ အပါအဝင် ၎င်းတို့ကို ဆန့်ကျင်သူဟု ယူဆရသူမှန်သမျှကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေဆဲဖြစ်သည်။

မန္တလေးမြို့သည် စစ်တပ် အာဏာသိမ်းမှုကို မြို့လုံးကျွတ်ဆန္ဒပြသည့်နည်းဖြင့် တုံ့ပြန်ခဲ့သည်။

မန္တလေးနှင့် ထိစပ်နေသော မတ္တရာနှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မြို့ပြပြောက်ကျားအဖွဲ့များ လှုပ်ရှားနေကာ လက်နက်ကိုင်ခုခံမှု အင်အားကောင်းသော စစ်ကိုင်းတိုင်းအတွင်းမှ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button