သတင်း

အမရပူရတွင် ကွမ်းယာသည်နှစ်ဦး ပစ်သတ်ခံရ

မန္တလေးခရိုင်၊ အမရပူရမြို့ရှိ ကွမ်းသီးတန်းလမ်း ကွမ်းယာဆိုင်မှ အမျိုးသားနှစ်ဦး ယမန်နေ့ (ဒီဇင်ဘာ၂၀) နံနက် ၁၀:၃၀ ခန့်က ပစ်သတ်ခံရပြီး မိနစ်ပိုင်းအကြာတွင် စစ်ကောင်စီတပ်သားအများအပြား ထိုနေရာသို့ ရောက်ရှိလာပြီး လမ်းကို ပိတ်ဆို့၍ စစ်ဆေးရှာဖွေကြသည်ဟု ဒေသခံများထံမှ သိရသည်။

သေဆုံးသူတို့မှာ ပွင့်ကွမ်းယာဆိုင်မှ ကိုနေမျိုး၊ ၎င်း၏တူဖြစ်သူ သားပေါက် ဆိုသူတို့ ဖြစ်သည်။

၎င်းတို့ထံတွင် ကွမ်းယာဝယ်ယူသူက သတ်ဖြတ်ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ယမန်နေ့ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

“တစ်ယောက်က နားထင်မှန်တယ်။ တစ်ယောက်က နဖူး။ ကွမ်းယာဝယ်ပြီး ပစ်သတ်သွားတာလို့ ပြောတယ်။ ပွဲချင်းပြီးပါပဲ”ဟု  မျက်မြင်သက်သေများကို ကိုးကား၍ သူက ပြောပြသည်။

သေဆုံးသူနှစ်ဦးသည် စစ်ကောင်စီတပ်သားများကို သတင်းပေးနေသည်ဟု ဒေသတွင်းနာမည်ကြီးနေသည့်အတွက် ပစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်း ထိုသူက ဆက်ပြောသည်။

Truth Keeping Force (TKF) အဖွဲ့က ထိုပစ်ခတ်မှုကို မြစ်ငယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ Desert Wolf, Mandalay Youngs Force, အစရှိသည့် ပြောက်ကျားတပ်ဖွဲ့များအတူ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

(TKF) အဖွဲ့မှ ဗိုလ်နေလင်းက ထိုနှစ်ဦးသည် စစ်အာဏာသိမ်းမှုကို ထောက်ခံသူများဖြစ်သည်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီဝင်များနှင့် မိသားစုဝင်များကို အကြမ်းဖက်သတ်ဖြတ်နေသည့် “သွေးသောက်” အမည်ခံ အဖွဲ့အစည်းမှ အဖွဲ့ဝင်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ပြောသည်။

“ကျွန်တော်တို့ရောက်တော့ နေမျိုးရယ်၊ သူ့တူရယ်၊ သူ့မိန်းမရယ် ရှိနေပါတယ်။ သွေးသောက်အဖွဲ့ဝင်ဖြစ်တဲ့ သူနဲ့ သူ့တူကိုပဲ ရှင်းခဲ့တယ်။ သူ့မိန်းမကို ဘာမှမလုပ်ခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

ထိုနှစ်ဦးသည် ယာဉ်တော်၊ ကွမ်းသီးတန်း၊ ဈေးချို စသည့်ကျေးရွာများအတွင်း အခြားသွေးသောက်အဖွဲ့များနှင့် စုပေါင်းပြီး ကင်းလှည့်လေ့ရှိသည်ကို တွေ့ရကြောင်း ထိုအဖွဲ့က ဆိုသည်။

အထက်ပါပြောဆိုချက်များနှင့် ပတ်သက်ပြီး သတ်ဖြတ်ခံရသူတို့၏ မိသားစုနှင့် စစ်ကောင်စီ၏ တုံ့ပြန်ချက် ရရှိရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။

ယခုနှစ် ဧပြီလက မန္တလေးနှင့် အနီးတစ်ဝိုက်တွင် သွေးသောက်အမည်ခံ လှုပ်ရှားသူတို့က NLD နှင့် ဆက်စပ်သူအများအပြားကို သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ဖူးသည်။

လက်ရှိတွင် နွားထိုးကြီးမြို့နယ်၌ ထိုဖြစ်ရပ် အများဆုံးဖြစ်ပွားနေသည်ဟု သိရသည်။

သွေးသောက်အမည်ခံပြီး လိုက်လံ ဖမ်းဆီး သတ်ဖြတ်သူတို့သည် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များနှင့်  ပူးပေါင်း လုပ်ဆောင်နေသည်ဟု တော်လှန်ရေးအင်အားစုများဘက်က ဆိုကြသည်။ 

တော်လှန်ရေးအဖွဲ့ဝင်အများအပြား ဖမ်းဆီးခံထားရသော မန္တလေးတွင် စစ်ကောင်စီနှင့် ဆက်စပ်နေသည့် နေရာများ၊ လူပုဂ္ဂိုလ်များတိုက်ခိုက်ခံရမှု အရှိန်လျော့ကျသွားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ညနေကလည်း မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀ နှင့် ၃၆ လမ်းကြားတွင် နေထိုင်သည့် ရတနာဘုမ္မိအရှေ့ရပ်ကွက်မှ အသက် ၆၅ နှစ်အရွယ် အုပ်ချုပ်ရေးမှူးဦးစိန်ဝင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ Special Tesk Force _Mandalay က သတ်ဖြတ်ခဲ့သေးသည်။

လတ်တလောတွင် စစ်ကောင်စီက အမရပူရမြို့နယ်အတွင်း ကျေးရွာများတွင် ရွာစဉ်လှည့်လည်ကာ တစ်အိမ်တစ်ယောက် မလာမနေရဆိုကာ အစည်းအဝေးခေါ်ယူပြီး ဆန်ဝေငှခြင်း၊ ရွေးကောက်ပွဲမဲပေးရေး ဟောပြောခြင်း၊ PDF, NUG ဆန့်ကျင်ရေးဟောပြောခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button