ဆောင်းပါး

နိုင်ငံအလယ်ပိုင်းသို့ ရောက်လာသော ဖြတ်လေးဖြတ်စစ်ဆင်ရေး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှ အသက် ၅၀ အရွယ် တောင်သူ ဦးလူချွန်သည် စစ်ကောင်စီတပ်၏ရန်ကြောင့် နေရပ်စွန့်ခွာပြီး ပိုမိုလုံခြုံမည့် ကျေးရွာများတွင် ရွှေ့ပြောင်းခိုလှုံနေရသည်မှာ တစ်နှစ်တိတိပြည့်ပြီဖြစ်သည်။

ဗုံးသံ၊ သေနတ်သံ၊ လေယာဉ်သံများ နားစွင့်ပြီး ထိုသို့ တိမ်းရှောင်စဉ် မိသားစုအတွက် သယ်ဆောင်သည့် ပစ္စည်းကို စစ်တပ်ဂိတ်က စစ်ဆေးတတ်ပြီး များသည်ဟု ယူဆလျှင် စစ်သားတို့က လုယူထားတတ်ကြသည်ဟု ဦးလူချွန်က ပြောသည်။

“ပါရာစီတမော့ဆို တစ်ကတ်ထက် ပိုသယ်လို့မရဘူး။ ဆေးဆိုင်တွေမှာ ဝယ်ခဲ့ရင်လည်း သူတို့က ကြားကနေဖြတ်ပြီး အကုန်ယူတာတွေဖြစ်တယ်။ ပြီးခဲ့တဲ့ ရက်က ဒီကိုသယ်တာ ဆန်ငါးအိတ် သယ်တာကို သုံးအိတ် ချယူထားတယ်၊ နှစ်အိတ်ပဲပေးလိုက်တယ်”

ဦးလူချွန်တို့ကဲ့သို့ ကျေးလက်ပြည်သူများ အိမ်မီးရှို့ခံရသည့်ပြင် တိမ်းရှောင်နေရစဉ်မှာပင် ကူညီထောက်ပံ့သည့် သို့မဟုတ် ဝယ်ယူလာသည့် ပစ္စည်းများသည်လည်း မုံရွာနှင့် မင်းကင်းကြား စစ်တပ်ဂိတ်များကြောင့် မရောက်နိုင်တော့ပေ။

စစ်တပ်က ဤသို့ ဖျက်ဆီး၊ ပိတ်ပင်ခြင်းမှာ ရန်ဘက်အဖွဲ့သို့ ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အား မရောက်ရှိစေရန် စနစ်တကျ စီစဉ်ဟန့်တားခြင်းဖြစ်ပြီး ဖြတ်လေးဖြတ်မူဝါဒဟု ထင်ရှားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများတွင် ကျင့်သုံးခဲ့သည့် ဤမူဝါဒကို စစ်တပ်က မြန်မာပြည်အလယ်ပိုင်း လက်နက်ကိုင်ခုခံသူတို့ကို တိုက်ခိုက်ရာတွင် အသုံးပြုလာရာ ကျယ်ပြန့်လွန်းသည့် စစ်မြေပြင်နှင့် ဆက်စပ်နေသည့် ပြည်သူတို့ အကြီးအကျယ်ခံစားနေရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့က နတ်ချောင်းရွာသည် ဧပြီ-၁၀ တွင် ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး မီးမလောင်ဘဲ ကျန်နေသော ကျောက်ဆင်းတုဘုရားတစ်ဆူအား တွေ့ရသည်။ (ပုံ-အောင်ဆန်းလင်း)

ဖြတ်လေးဖြတ်စစ်တလင်းက အနိဋ္ဌာရုံများ  

စစ်တပ်က ဖြတ်လေးဖြတ်မူဝါဒ ကျင့်သုံးသည့် နယ်မြေမှာ အနက်ရောင်နယ်မြေဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါနေသော ဗိုလ်ကြီးဇင်ယော်က ပြောသည်။ 

အနက်ရောင်မှာ စစ်တပ်ထိန်းချုပ်နိုင်မှု လုံးဝမရှိသောဒေသ၊ အဖြူရောင်မှာ စစ်တပ် အပြည့်အဝထိန်းချုပ်နိုင်သည့် နယ်မြေဖြစ်ပြီး၊ အညိုရောင်မှာ တစ်ဝက်တစ်ပျက် ထိမ်းချုပ်နိုင်ထားသည့်နယ်မြေဖြစ်သည်ဟု ဆိုသည်။

“အနက်ရောင်နယ်မြေလို့ သတ်မှတ်လိုက်ပြီဆိုရင် အထဲထဲကဟာကို သူတို့ အကုန်လုံး ကျူပင်ခုတ် ကျူငုတ်မကျန်အောင်ပေါ့။ အထဲထဲမှာ ပြည်သူလူထုရှိနေရင်လည်း ပြည်သူလူထုပါ သူတို့က အမြစ်ဖြတ်လိုက်တာ။ ဘာဖြစ်လို့တုန်းဆိုရင် သူတို့က သောင်းကျန်းသူကို ပြန်ပြီးတော့ ထောက်ပို့လုပ်မှာ စိုးလို့ဆိုပြီးတော့၊ အဲဒီလိုမျိုး ဖြတ်ပစ်လိုက်တယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“တော်လှန်ရေးသမားနဲ့ တော်လှန်ရေးအင်အားစုတွေ ထောက်ပံ့ပေးတဲ့ နေရာတွေကို စစ်မီးမွေးခြင်း၊ စစ်တလင်းလုပ်ပစ်ခြင်းပဲ။ ဒါဟာ နောက်ဆုံး အရက်စက်ဆုံးစစ်နည်းဗျူဟာ၊ ပြည်သူကိုပါ မီးလှောင်တိုက်သွင်းတဲ့ နည်းဗျူဟာကို သုံးနေတာ”

ထိုဗျူဟာသည် လက်နက်ကိုင်တပ်ဖွဲ့များထက် ထိုဒေသရှိ ပြည်သူများသာ ပို၍ ဒုက္ခရောက်စေကြောင်း ယခင်စစ်အာဏာရှင်တွေအဆက်ဆက် ကျူးလွန်ခဲ့သော ဖြစ်ရပ်များက သက်သေထူခဲ့ပြီး ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ လှုပ်ရှားနယ်မြေအတွင်း ဖြတ်လေးဖြတ်လုပ်ခံရသော ကျေးလက်နေပြည်သူများ၏ အတွေ့အကြုံကို မှတ်တမ်းပြုစု၍ “လက်လှမ်းမီနိုင်သေးသော အမှန်တရားများ” ခေါင်းစဉ်ဖြင့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ၂၀၁၉ စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။

၂၀၀၅ တွင်လည်း ဖြတ်လေးဖြတ်လုပ်ခံရသော သံတောင်မြို့နယ်ရှိ ဒေသံရွာများမှာ လက်နက်ကြီးဖြင့် အပစ်ခံရခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်း၊ အရပ်သားများ သတ်ဖြတ်ခံရခြင်း၊ စားနပ်ရိက္ခာများ လုယက်ဖျက်ဆီးခံရခြင်း၊ အရပ်သားများကို ဖမ်းဆီးကာ အထမ်းသမား (Porter) များ အဓမ္မစေခိုင်းခြင်း စသည့် အကြမ်းဖက်မှုများစွာ ခံစားခဲ့ကြရသည်။

အလားတူပင် ရှမ်းပြည်နယ်အတွင်း စစ်တပ်က ထိုနည်းဗျူဟာကို သုံးခဲ့သောကြောင့် ဒေသခံ ၁၀၀၀ ကျော် အသတ်ခံရပြီး၊ အမျိုးသမီးရာနှင့်ချီ အဓမ္မပြုကျင့်ခံရကာ စစ်ဘေးရှောင်ဦးရေ သန်းချီရှိခဲ့ကြောင်း ရှမ်းအဖွဲ့အစည်းများက  မှတ်တမ်းတင်ထားသည်။

ယခု စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စစ်တလင်းအဖြစ် ကန့်သတ်ခံထားရသည့် နေရာများမှာ ခုခံတော်လှန်မှုအားကောင်းသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် (ကရင်နီ) နှင့် ကရင်ပြည်နယ်ဒေသအချို့ ပါဝင်နေသည်။

သို့တိုင်အောင် အာဏာသိမ်းပြီး တစ်နှစ်ကျော်အထိ စစ်ကောင်စီက ထိုနယ်မြေများကို အပြည့်အဝ မစိုးမိုးနိုင်သေးပေ။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ နီးပါးရှိသော်လည်း စစ်ကောင်စီက အထောက်အပံ့ကို ရွာ ၃ ရွာကိုသာ ပေးခဲ့သည်။ (ပုံ-စစ်ကိုင်းတိုင်း စစ်ကောင်စီရုံး)

ဤအတောအတွင်း စစ်ကောင်စီက မြန်မာပြည်အလယ်ပိုင်း ရွာတချို့တွင် လူထုကို စည်းရုံးလာသည်။ ပုလဲမြို့နယ်ရှိ ပြည်သူများကို ထောက်ပံ့ခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားကြသည်။ 

ဒေသခံတို့ကမူ ထောက်ပံ့မှုလက်ခံသော ရွာများမှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးရွာများဖြစ်သည်ဟု ဆိုသည်။

နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်ရသော ပုလဲဒေသခံတစ်ဦးက ၎င်းတို့အနေဖြင့် စစ်ကောင်စီနှင့် ကင်းကင်းနေလိုသည်ဟု ပြောသည်။

“ကုန်ကုန်ပြောရရင် စစ်ကောင်စီက လာပေးတာ မပြောနဲ့၊ ကိုယ့်ရွာသားချင်း စစ်ကောင်စီထောက်ခံခဲ့တဲ့ ကောင်က ထမင်းတစ်လုတ် ကျွေးမယ်ဆိုတောင် မစားဘဲ ပြန်မှာ။ အဲဒီလောက် ပြတ်တယ်” ဟု သူက ပြောသည်။

၂၇ နှစ်အရွယ် ထိုအမျိုးသားနေထိုင်ရာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အရပ်သားတို့၏ နေအိမ် ၁၆၅၁ လုံး မီးရှို့ဖျက်ဆီးခံထားရကြောင်း Data For Myanmar ၏ စာရင်းအရ သိရသည်။ ကျေးရွာပေါင်း ၁၈၉ ရွာ၊ လူဦးရေ ၁ သိန်းခွဲနီးပါးရှိသော ပုလဲမြို့နယ်တွင် မွေ့တုံ၊ ပမ်းရွာ၊ ချောင်းဦး၊ ကိုင်းတွင်းစသည့် ရွာများမှာ အများဆုံး မီးရှို့ဖျက်ဆီးခံထားရသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုတစ်နှစ်အတွင်း ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည် ၄၄၁,၅၀၀ ခန့်သည် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။  

ပုလဲမြို့နယ်အတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး နေစရာအိမ်မရှိတော့သည့် အညာသားများက စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြ တောင်းဆိုနေဆဲဖြစ်သည်။ (ပုံ- ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

တော်လှန်သူတို့၏ သန္နိဋ္ဌာန် 

စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စစ်တလင်းပြင်သည် နှစ် ၇၀ ကျော် ပြည်တွင်းစစ်အတွင်း တောတောင်လျှိုမြောင်များ ပေါများရာ ကျေးလက်ဒေသရှိ တိုင်းရင်းသားရွာငယ်လေးများသာ ဖြစ်ခဲ့သော်လည်း ယနေ့ဖြတ်လေးဖြတ်သည် လူနေထူထပ်ရာ မြို့တွေပါမကျန် စစ်တလင်းပြင်လုပ်ခံထားရသည်။

စစ်အုပ်ချုပ်ရေး ကျဆုံးလုနီးပါးဖြစ်နေသော ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂,၃၀၀ ကျော်ဖြင့် ဘဲဥပုံတည်ရှိသော ထန်တလန်မြို့သည် ၂၆ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခံရသည်။

ပင်လယ်ရေမျက်နာပြင်အထက် ပေ ၅,၀၀၀ နီးပါးအမြင့်တွင် ရှိသော ထန်တလန်မြို့လေးသည် ပြီးခဲ့သည့် ဆောင်းရာသီမှာ စစ်မီးတောက်များ ဝါးမျိုခံလိုက်ရပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံ ၁၉ လုံး၊ လူနေအိမ် ၁,၀၀၀ ကျော် ပြာပုံအတိ ရောက်ခဲ့ရသည်။

နိုင်ငံ၏ အသေးဆုံးနှင့် လူဦးရေအနည်းဆုံးဖြစ်သော ကယားပြည်နယ်သည်လည်း စစ်အာဏာသိမ်းပြီးနောက်တွင်း မြို့တိုင်းနီးပါး ဖြတ်လေးဖြတ်လုပ်ခံထားရသည်။ ဖရူဆိုမြို့တွင် ဒေသတွင်း ခရီးသွား  ၃၀ ကျော် မီးရှို့ခံခဲ့ရပြီး ထိုအထဲတွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save The Children မှ ဝန်ထမ်း ၂ ဦးလည်း ပါဝင်ခဲ့သည်။   

လက်နက်ကိုင်ခုခံမှုအားကောင်းသော ချင်းပြည်နယ်သည် ယမန်နှစ် စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကို ရင်ဆိုင်လာရသော ဒေသဖြစ်သည်။ 

 ချင်းပြည်နယ်ကို ဖြတ်လေးဖြတ်လုပ်ဆောင်ထားခြင်းသည် PDF များကိုသာ ပစ်မှတ်ထားခြင်းဟု အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းတစ်ပုဒ်တွင် ဖြေထားသည်။

“တပ်မတော်က လုပ်ဆောင်တာ မရှိပါဘူးဗျာ။ တပ်မတော်အနေနဲ့ လုပ်ဆောင်တာ တစ်ခုပဲရှိတယ်။ PDF နဲ့ PDF အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့နေတဲ့ဟာတွေပဲ လုပ်ဆောင်တာ ရှိတယ်” ဟု ၎င်းက ပြောထားသည်။

စစ်ကောင်စီတပ်က ၂၆ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့သော ချင်းပြည်နယ်က ထန်တလန်မြို့။

ဖြတ်လေးဖြတ်ကြောင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အခြေခံလူသုံးကုန်များ ဈေးနှစ်ဆခန့် မြင့်တက်နေ၍ ထိုဒေသတွင် စစ်ဘေးဒဏ်ခံနေရသော ပြည်သူများမှာ “ဘူးလေးရာ ဖရုံဆင့်” ဆိုသလို ပို၍ ခက်ခဲသည့် အခြေအနေကို  ရင်ဆိုင်လာရသည်။

ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကလည်း အလားတူ ပြောသည်။

“ဆီဈေး၊ ဆန်ဈေး အဓိက အခြေခံအသုံးအဆောင်ပစ္စည်းတွေက ဈေးနှစ်ဆလောက် တက်နေတယ်။ ကုန်ဈေးနှုန်းတွေက ဆီဈေးဆိုလည်း တော်တော်လေး တက်တယ်။ ဆန်ဈေးဆိုလည်း တက်တာပဲ” CJDC ၏ အတွင်းရေးမှူးဖြစ်သူ Timmy က ပြောသည်။ 

“ဒါ မြေပြင်မှာ ကြုံတွေ့နေရတဲ့ ဟာပေါ့။ မလိုလားအပ်တဲ့ ကုန်ဈေးနှုန်းတက်မှုတွေဖြစ်တာပေါ့။ ခုနောက်ပိုင်းဆိုရင် မီးတွေကအစ အကုန်လုံးဖြတ်ထားတဲ့အခါကျတော့ ဆက်သွယ်ရေးပိုင်းမှာ လုံးဝအဆင်မပြေဘူး”

၎င်းထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်လည်း အကြိမ် ၂၀ နီးပါး ခေါ်ဆိုရသည်။ ထို့နောက် စကားသံ ပြတ်တောင်းပြတ်တောင်းဖြင့်သာ နှစ်ကြိမ်ခန့် ဖုန်းပြောခွင့်ရလိုက်သည်။

ပလက်ဝတွင် စျေးအတက်ဆုံးမှာ စားအုန်းဆီဖြစ်ပြီး စျေး ၇ ဆ တက်နေသည်၊ ဆန်က ၂ ဆ တက်သည်ဟု သိရသည်။  

ထိုနည်းတူပင် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့မှာလည်း ဖြတ်လေးဖြတ်နှင့်အတူ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဒေသအများအပြားရှိသည်။ 

စစ်တပ်၏ နယ်မြေရှင်းလင်းရေးအစီအစဉ်များကြောင့် ပြည်သူအများအပြား သေဆုံး၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ကို နိုင်ငံတကာက ကန့်ကွက်နေကြသော်လည်း စစ်တပ်က ရှေ့တိုးလုပ်ဆောင်သည့် အရိပ်အယောင်သာ ပြနေသည်။

၂၀၂၁ မတ် ၂၇ တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ဖြတ်လေးဖြတ်မူဝါဒမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ တပ်များကို တိုက်ခိုက်ရာတွင် အလုပ်ဖြစ်ခဲ့သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

“၁၉၆၂ နောက်ပိုင်း ပဲခူးရိုးမတွင် အခြေစိုက်လာခဲ့သည့် ဗကပများကို ပြည်သူလူထုနှင့် ပူးပေါင်းပြီး ဖြတ်လေးဖြတ်စနစ်နဲ့ စစ်ဆင်ရေးကြီးတွေ ဆင်နွှဲခဲ့သည့်အတွက် ၁၉၇၅ ခုနှစ်မှာ ပဲခူးရိုးမဒေသအတွင်း ဗကပတို့၏ လှုပ်ရှားမှုများကို အဆုံးသတ်စေခဲ့ကြောင်း” ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ဗကပအဖွဲ့ဝင်ဟောင်းဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဦးသန်းစိုးနိုင်ကမူ စစ်တပ်က ကျယ်ပြန့်သည့် စစ်မျက်နှာဖွင့်ထားသဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်များ၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲဖြစ်နေသဖြင့် ဖြတ်လေးဖြတ်နည်းလမ်းဟောင်းက အဆုံးအဖြတ်ပေးတော့မည်မဟုတ်ဟု ဆိုသည်။ 

“အခု ဘာဖြစ်သွားပြီလဲဆိုတော့ အဲဒီဒေသအားလုံးက ပြည်သူလူထုနဲ့ သူအဆက်ပြတ်နေပြီ။ ပြည်သူတွေဆီက ဘာသတင်းမှမရဘူး။ အခု ပြည်သူလူထုကလည်း PDF, PDF ကလည်း ပြည်သူလူထုပဲဖြစ်နေတာ” ဟု ဦးသန်းစိုးနိုင်က မှတ်ချက်ချသည်။

ဇန်နဝါရီလတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့(MSPDF) မှ အထူးကွန်မန်ဒို အပတ်စဉ် ( ၂ ) သင်တန်းသား ၂၀၀ ဆင်းထားသော်လည်း လက်နက်ကိုယ်စီ တပ်ဆင်နိုင်ခြင်း မရှိသေးပေ။ (ပုံ-ဗိုလ်မုန်တိုင်း)

ကချင်လွတ်လပ်ရေးတပ်မတော်  (KIA) ၏ ပြန်ကြားရေးတာဝန်ခံကလည်း တိုက်ပွဲများသည် ဒေသတချို့တွင်သာ ပေါ်ပေါက်နေခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်သည်ကို သတိထားသင့်သည်၊ လူထုကိုယ်တိုင် တော်လှန်ရေးလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထောက်ပြသည်။  

“(ဖြတ်လေးဖြတ်က) အချိန်တိုအတောအတွင်းမှာကတော့ ထိရောက်မှုကတော့ ရှိပါတယ်။ ဒါပေမဲ့ ရေရှည်မှာကတော့ ဘာမှ သုံးလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုတွေလည်း ခံနိုင်ရည်ရှိတယ်၊ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း ခံနိုင်ရည်ရှိသွားတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသော မင်းကင်းမြို့နယ်မှ အသက် ၅၀ အရွယ် စစ်ဘေးရှောင် ဦးလူချွန်ကလည်း စစ်ကောင်စီနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များနည်းတူပင် ခံစားချက်က ပြတ်သားလှသည်။

“စစ်ကောင်စီနဲ့ လုံးဝမှ မပတ်သက်ချင်တော့ဘူးဗျ။ အဲတော့ စစ်အာဏာရှင် အမြန်ဆုံးကျဆုံးပါစေလို့သာ ကျွန်တော်တို့ပြည်သူတွေက ဆုတောင်းနေရပါတယ်။ အရေးတော်ပုံ မြန်မြန်အောင်မှပဲ ကျွန်တော်တို့ ပြည်သူတွေက လွတ်မြောက်မှာ” ဟု ဦးလူချွန်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button