သတင်း

ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ခံထားရသည့် ရခိုင်ဒေသ ရိက္ခာပြတ်နေ

ရသေ့တောင်မြို့နယ်ရှိ စစ်တပ်စခန်း ၂ ခု တိုက်ခိုက်ခံပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်းများပိတ်ဆို့ထားလိုက်ရာ မြို့နယ်တချို့တွင် စားနပ်ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်နေသည်ဟု ဒေသခံများက ပြောသည်။

ပြည်နယ်မြောက်ပိုင်း ရသေ့တောင်ရှိ စစ်ကောင်စီနယ်ခြား စောင့်တပ်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာ ၁၃ နံနက်ပိုင်းတွင် ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

ဆန်နှင့် အခြေခံစားသောက်ကုန်တို့မှာ နိုဝင်ဘာ ၁၆ ကတည်းက စတင်ပြတ်လပ်လာသည်ဟု ဒေသခံ စီးပွားရေးသမားတစ်ဦးက ပြောသည်။

“ဆန်က လုံးဝ မရှိတော့ဘူး၊ ပိုက်ဆံရှိရင်တောင် ဝယ်စားလို့မရတော့ဘူး၊ တချို့ဆိုရင်တော့ ဆန်ကောင်း စားလို့ရသေးတယ်။ တချို့တွေဆိုရင် ထမင်းတစ်နပ် လျှော့စားနေရတယ်။ ဆန်ကွဲတွေ စားနေရတဲ့ သူတွေရှိတယ်” ဟု ကျောက်ဖြူမြို့ခံ အသက် ၄၀ အရွယ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြို့တော် စစ်တွေတွင်လည်း ဆန်ပြတ်လပ်မှုကို ရင်ဆိုင်နေကြရသလို အခြားမြို့နယ်များတွင်လည်း ရှားပါးလာသည့်အခြေအနေကို ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့တွင် မြို့အဝင်ရှိ စစ်တပ် ခြေမြန်တပ်ရင်း အမှတ် (၅၄၃) နှင့် အမှတ် (၅၄၂) ကြားရှိ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်၌ လမ်းပိတ်ဆို့ထားသည်၊ ထို့ပြင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများအပါအဝင် ရေလမ်းအသုံးပြုမှုကိုပါ တားမြစ်ထားသည်ဟု ဒေသခံတို့က ပြောသည်။

“မြို့အဝင်အထွက် ဂိတ်တွေပိတ်လိုက်တော့ မြို့ထဲကို မြို့အပြင်က ပစ္စည်းတွေ သွင်းလို့မရတော့သလို မြို့ပြင်ကိုလည်း မြို့ထဲကပစ္စည်းတွေ ထုတ်လို့မရတော့ဘူး။ ကားလမ်းတွေပိတ်ထားတော့ စားနပ်ရိက္ခာဆိုလည်း ပြည်မဘက်က မှာရတဲ့ ပစ္စည်းတွေ မရှိတော့ဘူး” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

ယခုလအတွင်း တိုက်ပွဲမဖြစ်ပွားမီက ပုံမှန်ဆန် ၄ ပြည်လျှင် ၉,၀၀၀မှ ၁၂,၀၀၀ ခန့်သာရှိသည်။ တိုက်ပွဲပြန်လည်ဖြစ်ပွားချိန်တွင် ၃၀,၀၀၀ မှ ၃၅,၀၀၀ အထိ စျေးမြင့်တက်လာကြောင်း၊ ယခုအခါ ဆန်ကွဲ ၄ ပြည်လျှင် ၁၂,၀၀၀နှင့် ၁၅,၀၀၀ ကြား ပေါက်စျေးရှိကြောင်း သိရသည်။​

“တစ်နေ့ရှာမှ တစ်နေ့စားတဲ့ လက်လုပ်လက်စားတွေကြတော့ အခက်အခဲဖြစ်တာပေါ့။ သူတို့ပိုက်ဆံရတဲ့အချိန် မြို့မှာ ဝယ်စရာမရှိတော့ဘူး။ ဆင်းရဲတဲ့သူတွေအတွက်ကျတော့ ဆန်ကလည်း ပြတ်နေတယ်။ ဆန်စျေးကလည်း တက်နေတော့ ဝယ်မစားနိုင်တော့ဘူး” ဟု ကျောက်ဖြူမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးတက်သလို စက်သုံးဆီဈေးလည်း မြင့်တက်လျက်ရှိသည်ဟု သိရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့က စတင်ကာ လမ်းဘေး ဆီဆိုင်ငယ်များတွင် စက်သုံးဆီ ပြတ်လပ်သွားရာမှစတင်ကာ ယခင် အောက်တိန်း တစ်လီတာ ၄၀၀၀ ကျပ်မှ ကျပ် ၈၀၀၀ ထိ မြင့်တက်သွားခဲ့သည်။

ဩဂုတ်လ ၉ ရက်နေ့က မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာ ရေဘေးဒဏ်သင့်များကို AA က စားနပ်ရိက္ခာ ကူညီနေစဉ်။

စစ်တွေမြို့ ဆန်နှင့် စက်သုံးဆီ အခြေအနေ

မြို့တော်စစ်တွေတွင်လည်း ပိတ်ဆို့မှုကြောင့် ဆန်နှင့် စက်သုံးဆီ ရောင်းချသည့်ဆိုင်တချို့သာ ကျန်တော့ကာ အခြေခံစားသောက်ကုန် ပြတ်လပ်လာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ နိုဝင်ဘာ ၂၀ မှစ၍ မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အများစုမှာ ပိတ်ထားလိုက်ရပြီ ဖြစ်ကြောင်း အဆိုပါ မြို့ခံက ပြောသည်။

“လီတာလိုက်ရောင်းတဲ့ ဆိုင်တွေမှာ ဆီပြတ်သွားတယ်။ သူတို့လည်း ဆီပန့်တွေက ဝယ်မရတော့ဘူးလို့ ပြောတယ်။ ကုန်တန်းရပ်ကွက် BOC ခွက်ဆုံမှာ ရောင်းတယ်ဆိုလို့ သွားတန်းစီတာ ဆိုင်ကယ်တစ်စီးကို ၂ လီတာ ရောင်းပေးလိုက်တယ်။ ဒီကနေ့ ဆီတစ်လီတာ ၁၀၀၀၀ နဲ့ ဝယ်မရဖြစ်သွားပြီ” ဟု အခြား စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

စစ်တွေတွင် ယခင်က ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ၁၁၀၀၀၀ ရှိရာမှ ယခု ၂၂၀၀၀၀ အထိ စျေးတက်ခဲ့သည်၊ ပစ္စည်းပြတ်သဖြင့် နိုဝင်ဘာ ၂၈ မှစ၍ ဆန်ဆိုင်အများအပြားမှာ ပိတ်ထားကြရပြီဖြစ်သည်။

“မြို့ကို ပိတ်ထားတာ နှစ်ပတ် ရှိပြီဖြစ်လို့ စားကုန်တွေ ရှားလာပြီး ဆန်ဈေးတက်လာတယ်။ တချို့ကုန်တွေ ဝယ်မရဖြစ်လာတယ်။ အခု စက်သုံးဆီ ဝယ်မရဖြစ်လာပြီ။ လက်လုပ်လက်စားတွေ ငတ်သေဖို့ပဲ ရှိတော့တယ်။ စစ်ကောင်စီက လူထုကို ဒုက္ခရောက်အောင် လုပ်နေတာ” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင်လည်း ဆန်တစ်အိတ် ၂၄၀,၀၀၀ အထိ မြင့်တက်နေသည်ဟု သိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ပေါက်တောမြို့၊ မင်းပြားမြို့ နှင့် ပုဏ္ဏားကျွန်း မြို့ခံများ ထွက်ပြေးနေကြရသည်။

သမိုင်းထဲမှ ဒုက္ခများ

ရခိုင်ပြည်နယ်သည် မေ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် လူပေါင်းရာချီ သေကျေကာ မုန်တိုင်းအရှိန်ကြောင့် ရေငန်ဝင်ရောက်ပျက်စီးသွားသည့် လယ်ယာများ၊ ငါး၊ ပုစွန်တာတမံများနှင့် တခြားစီးပွားရေးလုပ်ငန်းများသည်လည်း နာလန်မထူနိုင်ဘဲ ရှိနေခဲ့သည်။

တစ်ဖန် ဩဂုတ်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာပေါင်း ၃၉၀ ရေကြီးမှုဒဏ် ခံခဲ့ရသည်။ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့တွင် ရေကြီးမှုကြောင့် လူနေအိမ် ၂၈၀၇၂ အိမ် ထိခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ခဲ့သည်။

မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာ ရေလွှမ်းမိုးခံရသည်ကို ဩဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်။

လူ ၅ ဦးနှင့် ကျွဲနွားတိရစ္ဆာန် ၁၅၀ ခန့် သေဆုံးသည်၊ လယ်ဧကပေါင်း ၇၀၅၃၇ ဧက၊ သောက်ရေကန် ၈၅ ကန်၊ တာတမံ ၅ ခု၊ တံတား ၃ စင်း ပျက်စီးခဲ့သည်ဟု AA က ဆိုသည်။

မုန်တိုင်းသင့် ဒေသခံတို့အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို စစ်ကောင်စီက အကြီးအကျယ် ကန့်သတ်ထိန်းချုပ်ထားသည်။

အာဏာသိမ်းခေါင်းဆောင်ကမူ ၎င်းတို့က ရခိုင်ပြည်နယ်အတွင်း “စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်ပေးခဲ့သည်” ဟု ဆိုသည်။

“ယခုအခါ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ” ဟု နိုဝင်ဘာ ၂၉ နေပြည်တော်စစ်ကောင်စီအစည်းအဝေးတွင် ပြောဆိုထားသည်။

ဖွံ့ဖြိုးမှုနောက်ကျပြီး သဘာဝဘေးအန္တရာယ်နှင့် စစ်ရေးပဋိပက္ခများ ဆယ်စုနှစ်ချီ ခံခဲ့ရသည်ကို သိရှိသည့် ကျောက်ဖြူ ဒေသခံတစ်ဦးက ပြည်သူတို့ အဆင်ပြေစေရန် အခြေခံစားသောက်ကုန်လမ်းကြောင်း ဖွင့်ပေးသင့်သည်ဟု ဆိုသည်။

“စစ်တိုက်တာတော့ စစ်တိုက်တာ တစ်ချက်ပေါ့။ စစ်ကောင်စီဘက်အနေနဲ့တော့ အခြေခံစားသောက်ကုန်တွေတော့ သွင်းတာခွင့်ပြုပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ပြည်သူအားလုံးအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်သမိုင်းတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ် ၁၉၆၇ ခုနှစ် စားနပ်ရိက္ခာ ရှားပါးပြီး အငတ်ဘေးကြုံကြရခြင်းကြောင့် ထိုနှစ် ဩဂုတ်လအတွင်း စစ်တွေမြို့တွင် ဆန်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူတို့ကို မဆလအစိုးရက ပစ်ခတ်နှိမ်နှင်းခြင်းကြောင့် ဒေသခံ ရာနှင့်ချီ သေဆုံးခဲ့သည်၊ ထိုအခင်းဖြစ်ပွားသည့်  ဩဂုတ် ၁၃ ရက်နေ့ကို စစ်တွေ ဆန်ပြဿနာနေ့အဖြစ် ရခိုင်အမျိုးသားတို့က မှတ်တမ်းတင်ထားသည်။

Show More

Related Articles

Back to top button