မေးမြန်းခန်း

“အောင်မြင်တဲ့ ဖြတ်လေးဖြတ် လုပ်နိုင်တဲ့အခြေအနေ မရှိတော့ဘူး” − အင်တာဗျူး

စစ်ကောင်စီက လက်နက်ကိုင်အန်တုသူတို့ကို ဖြတ်လေးဖြတ်စစ်ဆင်ရေးဟု ခေါ်သော ရိက္ခာ၊ ရန်ပုံငွေ၊ သတင်း၊ တပ်ဖွဲ့ဝင်သစ် မရရှိစေရန် ပိတ်ဆို့ဖြတ်တောက်ရေးအတွက် ရွာများကို မီးရှို့ဖျက်ဆီးသည့် နည်းလမ်းသည် ယနေ့ခေတ်တွင် အလုပ်မဖြစ်တော့ကြောင်း နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ပြောသည်။

၇၅ နှစ်အရွယ် ဦးသန်းစိုးနိုင်သည် တရုတ်မြန်မာနယ်စပ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ် ၁၅ နှစ်ခန့် ကျင်လည်ခဲ့ဖူးသူဖြစ်သည်။ 

Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ဦးသန်းစိုးနိုင်က လူထု၏ နာကြည်းမုန်းတီးမှု၊ စစ်ကောင်စီ၏ စစ်ရေးကျယ်ပြန့်မှု၊ PDF တို့၏ အားသာချက်နှင့် အနာဂတ်အလားအလာတို့အကြောင်း ပြောပြထားသည်။

မေး − စစ်ကောင်စီက သူ့ကို ခုခံမှုအားကောင်းတဲ့ ဒေသတွေကို ဖြတ်လေးဖြတ်နဲ့ EAOs တွေကို တိုက်သလိုပဲ လုပ်လာတယ်ဆိုတော့ အရင်တုန်းက ကြုံခဲ့ရတဲ့ ဖြတ်လေးဖြတ်နဲ့ အခု ဘာတွေကွာခြားမလဲ။

ဖြေ − အဲဒီကာလတုန်းက သူလုပ်တဲ့ ဖြတ်လေးဖြတ်က အဲဒီဒေသက ရှမ်းရွာတွေအားလုံးကို ရှင်းထုတ်ပြီးတော့ သူတို့က သေနင်္ဂဟဗျူဟာရွာတွေအဖြစ် ထောင်ပြီးတော့ ချုပ်တာ။ အဲဒီလိုလုပ်တဲ့အတွက် သူတို့အနေနဲ့ လုပ်သာကိုင်သာအခြေအနေ ရှိသွားတာပေါ့ဗျာ။

ဒါပေမဲ့ အဲဒီတုန်းက အဖြစ်အပျက်ဆိုတာက ရှမ်းပြည်ရဲ့ အစိတ်အပိုင်းတချို့ပဲ။ နောက် အဲဒီမှာ သူရင်ဆိုင်နေရတာလည်း အဓိကအားဖြင့် ဗကပရဲ့အရှေ့မြောက်စစ်ဒေသက အင်အားစုတွေကို သတင်းဖြတ်ဖို့၊ ရိက္ခာဖြတ်ဖို့ပေါ့ဗျာ။ အခုအခြေအနေက အဲဒီလိုလုပ်ဖို့အတွက် တော်တော်တော့ အခွင့်မသာတော့ဘူး။

အဲဒီတော့ သူ ရှမ်းပြည်မှာ လုပ်သလို အောင်မြင်တဲ့ ဖြတ်လေးဖြတ် လုပ်နိုင်တဲ့အခြေအနေ မရှိတော့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ရက်စက်မှုကတော့ ရှမ်းပြည်မှာ လုပ်ခဲ့တာထက် ပိုပြီးတော့ ပိုးစိုးပက်စက်နိုင်တာပေါ့ဗျာ။

မေး − မအောင်မြင်နိုင်တော့ဘူးဆိုတာ ဘာကြောင့်များ ဖြစ်မလဲဗျာ။

ဖြေ − ဘာဖြစ်လို့လဲဆိုတော့ အဲတုန်းက အဓိကဖြစ်ခဲ့တာက အလယ်ပိုင်းရှမ်းပြည်မှာ။ အခုက ပြည်နယ်သုံးခုဗျာ၊ ကချင်၊ ကယား၊ ချင်းပေါ့ဗျာ။ ပြီးတော့ ကရင်အမျိုးသားဒေသပါ ထည့်လို့ရသေးတယ်။ နောက်ပြီးတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း။ အဲဒီတော့ ဆိုလိုချင်တာက အဲဒီလောက်ကျယ်ပြန့်တဲ့ စစ်မျက်နှာကြီးရှိနေတယ်။

ရွာပေါင်း သောင်းချီရှိနေတဲ့ ရွာတွေကို သူ့အနေနဲ့ နီးစပ်တဲ့ မြို့တွေထဲမှာ သေနင်္ဂဟဗျူဟာရွာတွေထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဗျ။ အဲဒီတော့ မဖြစ်နိုင်တဲ့အခြေအနေမှာ သူက ရွာတွေထဲမှာ လူတွေမရှိတော့အောင် လူသတ်တယ်။ ပြီးတော့ ဗုံးတွေကြဲတယ်။ နောက်ပြီးတော့ စားနပ်ရိက္ခာတွေ ဖျက်ဆီးတယ်။ လူထုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတယ်။ လုယက်တယ်လေ။

အဲဒီတော့ အခု ဘာဖြစ်သွားပြီလဲဆိုတော့ အဲဒီဒေသအားလုံးက ပြည်သူလူထုနဲ့ သူအဆက်ပြတ်နေပြီ။ ပြည်သူတွေဆီက ဘာသတင်းမှမရဘူး။ အခု ပြည်သူလူထုကလည်း PDF, PDF ကလည်း ပြည်သူလူထုပဲဖြစ်နေတာ။

မေး − ဒါဆိုရင် အဲဒီတုန်းက ဖြတ်လေးဖြတ်စစ်ဆင်ရေး အောင်မြင်ခဲ့တဲ့ အဓိကအားသာချက်က ဘာဖြစ်မလဲ။

ဖြေ − အဲဒီတုန်းက ဖြတ်လေးဖြတ်တုန်းကကျတော့ လူထုက သေနင်္ဂဟဗျူဟာရွာတွေထဲမှာ နေရတယ်။ စစ်တပ်က လုံခြုံရေးယူထားတယ်။ မနက် ဘယ်နှနာရီကနေ ဘယ်နှနာရီ အလုပ်ထွက်လုပ်ဆိုတာမျိုးတွေ သူတို့ လုပ်ခိုင်းလို့ရတယ်။ နောက်ပြီးတော့ သူတို့လိုချင်သလောက် ပေါ်တာဆွဲလို့လည်း ရတယ်ပေါ့ဗျာ။ အဲဒါ သူတို့ဘက်က အားသာချက်ပေါ့ဗျာ။

ကျွန်တော်တို့ တွေ့ရတာ လွိုင်လင်နားမှာ သေနင်္ဂဟဗျူဟာရွာတွေထောင်ပြီးမှ ကျေးလက်မှာ လူတွေအကုန်လုံး မောင်းထုတ်ပြီးတော့ အဲဒီထဲမှာ ထည့်သွင်းထားတာ။ ဒါပေမဲ့ အခုက အဲလိုလုပ်လို့ ရနိုင်တဲ့ အခြေအနေမဟုတ်တော့ဘူး။

အရင်တုန်းက သူလုပ်တာက သတင်းဖြတ်လို့ရတယ်ဗျ။ ဒါပေမဲ့ အခုက သတင်းပြတ်နေတာက သူတို့ပြတ်နေတာ။ လူထုက သူ့ အလိုမရှိတဲ့အခါကျတော့ ဘာသတင်းမှကိုပဲ မရနိုင်တော့ဘူးဗျ။

အဲဒီတော့ သူကလည်း မကောင်းသူထိပ် ကောင်းသူထိပ်ပဲ။ ထိချင်တဲ့သူ ထိပဲ။ မဲမဲမြင်ရင် အကုန်ပစ်တယ်။ ရွာတွေမှာ PDF လှုပ်ရှားမှုတွေ များတယ်ဆိုရင် သူက အဲဒီရွာကို ဗုံးနဲ့ကြဲတယ်။ မီးရှို့တယ်၊ ဖျက်ဆီးတယ်၊ လုယက်တယ်။ လူတွေ ရွာထဲမှာ မနေနိုင်အောင် လုပ်လိုက်တာပေါ့ဗျာ။

မေး − အခုဆိုရင် ဖြတ်လေးဖြတ်လုပ်ခံထားရတဲ့ ဒေသက ပြည်သူတွေက စားနပ်ရိက္ခာ အခက်အခဲကြုံနေရတယ်ဆိုတော့ ရေရှည်ဆိုရင် ဒေသခံတွေက ဘယ်လိုရင်ဆိုင်ကြမလဲ။

ဖြေ − အခုက သူ အဓိက အခုလုပ်နေတာက လူထုကို ဆေးဝါးရိက္ခာတွေ မရဖို့အတွက် လမ်းပန်းဆက်သွယ်ရေးမှာ ဂိတ်တွေဖွင့်ပြီးတော့ ဖြတ်တောက်နေတာပဲ သူလုပ်နိုင်တယ်။ တခြားနည်းလမ်းနဲ့ သူ လူထုကို တားဆီးလို့ မရတော့ဘူး။

အခုက စစ်တပ်က မြို့ထဲမှာပဲ ရှိတော့တယ်။ လူထုနဲ့လည်း အဆက်က ပြတ်နေပြီ။ အဲဒီတော့ စစ်တပ်ကလည်း မစားရတဲ့အမဲ သဲနဲ့ပက်နေတာပေါ့ဗျာ။ ဘယ်သူသေသေဆိုပြီးတော့ PDF လှုပ်ရှားမှုများတဲ့ ရွာတွေဆိုလို့ရှိရင် ဗုံးတွေကြဲ အမြောက်တွေနဲ့ ပစ်၊ ရွာထဲကလူတွေ ထွက်ပြေးအောင်လုပ်တာ။

နောက်တစ်ခုက အဲဒီလိုလုပ်ခြင်းအားဖြင့် ဘာဖြစ်သွားလဲဆိုတော့ PDF တွေထဲ ပြည်သူလူထုကို မောင်းပို့လိုက်သလို ဖြစ်နေတယ်။ ဒါကြောင့် PDF တွေကလည်း အချိန်တိုအတွင်းမှာ အင်အားကြီးထွား များပြားလာတယ်။

အဲဒီတော့ PDF တွေအနေနဲ့ အခု လုပ်ဖို့လိုအပ်တာက ရန်သူက လမ်းကြောင်းတွေ ဖြတ်တောက်ထားတာ၊ အဲဒီဖြတ်တောက်ရေးစခန်းတွေကို ပြန်ပြီးတော့ အဓိက ဦးတည်ပြီးတော့ တိုက်ခိုက်ဖြိုဖျက်ဖို့ပဲ လိုပါတယ်။

ဒါမှသာလျှင် သူတို့ ဘာမှ ဖြတ်တောက်လို့မရတဲ့ အနေအထားဖြစ်မှာ။ အခုတလော အဲဒီလိုပစ်မှတ်တွေကို PDF တွေက အဓိထားတိုက်နေတာလို့ မြင်တဲ့အတွက် ဒီနေ့ PDF တွေရဲ့ တိုက်ခိုက်မှုဟာ မှန်တယ်။ ဒီဖြတ်လေးဖြတ် စိတ်ကူး စီမံကိန်းဟာ မအောင်မြင်နိုင်ဘူးလို့ ကျွန်တော်က ယုံကြည်ပါတယ်။

မေး − ဖြတ်လေးဖြတ်ကြောင့် ပြည်ပထွက်ပြေးကြရတယ်။ မပြေးနိုင်တဲ့သူတွေလည်း လိုအပ်ချက်တွေအများကြီးနဲ့ ဆေးဝါးနဲ့ ရိက္ခာ မလုံမလောက်ဖြစ်ကြရတယ်။ ရှမ်းပြည်မှာ လူတစ်ထောင်ကျော်သေခဲ့တယ်လို့ သိရတယ်။ အခုလည်း လူထုက အဲဒီဖြတ်လေးဖြတ်နဲ့ ပြန်ကြုံနေရပြန်ပြီဆိုတော့ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ − လူထုက နာတာကတော့ အရင်တုန်းကလည်း နာခဲ့တာပဲ၊ အခုလည်း နာတာပဲ။ ဒါပေမဲ့ အခု နာနေတဲ့ လူထုရဲ့ အတိုင်းအတာက ပိုပြီး ကြီးမားကျယ်ပြန့်တယ်။ သူတို့ မထိန်းနိုင်တဲ့အခြေအနေကို ရောက်နေပြီ။

စစ်တပ်က ပြည်သူလူထုကာကွယ်ရေးတာဝန်မယူတဲ့အပြင် အခုက ဓားပြတိုက်၊ သူခိုးကြမ်းပိုးတပ်ဖြစ်နေပြီ။ ရောက်တဲ့အရပ်မှာ ပြည်သူတွေရဲ့ ကြက်၊ ဘဲ၊ ဝက်တွေ တိရစ္ဆာန်တွေ သတ်စားတယ်။ လူထုရဲ့ အိမ်တွေကို ဖောက်တယ်။ ဆန်တွေ၊ ဆီတွေကို မီးရှို့ပစ်တယ်၊ ဓာတ်ဆီလောင်းတယ်ဆိုတော့ အဖျက်သက်သက်ဆိုတော့ ဒီစစ်တပ်အပေါ်မှာ လူထုရဲ့ မုန်းတီးမှုက အရင်ကထက် အဆပေါင်းများစွာ ပိုပြီးများသွားပြီ။

အခုက စစ်တပ်ထွက်လာပြီဆို လူထုက သိပြီလေဗျာ။ အဲဒီတော့ PDF က စောင့်ပြီး မိုင်းထောင်ချိန်ရတယ်၊ စောင့်ပြီး ကြိုက်တဲ့နေရာက တိုက်လို့ရတယ်။ သူက ဘာသတင်းအချက်အလက်မှ မရဘူး။

အဲဒါကြောင့် သူတို့ သေနင်္ဂဗျူဟာရွာတွေ မလုပ်နိုင်ဘဲ စစ်ကြောင်းတွေနဲ့ပဲ လိုက်မွှေနေတာပေါ့။ ပြီးတော့ အခုက PDF နဲ့ လူထုနဲ့က တစ်ဘဝတည်း၊ တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်လာတဲ့အချိန် ဖြစ်တဲ့အတွက် သူတို့စစ်ဆင်ရေးတွေဟာ ဘာဖြစ်ဖြစ် မအောင်မြင်နိုင်ဘူး။ လူထုတော်လှန်ရေး အောင်ပွဲခံလိမ့်မယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်။

မေး − သတင်းအချက်အလက်ဆိုလို့ အခုက အဲဒီဒေသတွေကို အင်တာနက်လိုင်းတွေ၊ တချို့ဒေသတွေဆို ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတယ်။ PDF အတွက် အထိမနာနိုင်ဘူးလား။

လူထုရဲ့ သတင်းစကားပြန့်ပွားမှုဆိုတာက တယ်လီဖုန်းလိုင်းလောက်နီးနီး သွက်လက်မြန်ဆန်မှု ရှိပါတယ်။ ဥပမာဗျာ အခု ကလေးကို စစ်ကူ ဘယ်ကနေဝင်နေပြီ။ အဲဒီဟာက ဘယ်တပ်ဖွဲ့ကို အားဖြည့်တာ၊ နောက် သူတို့ ဘယ်လမ်းကနေထွက်လာပြီ၊ နောက်ပြီးတော့ ရိက္ခာပို့တာ ဘယ်လမ်းကြောင်းကနေ ပို့တယ်ဆိုတဲ့ ကိစ္စကအစ မုံရွာက ထွက်တာနဲ့တစ်ပြိုင်နက် ယောနယ်က သိနေကြပြီ။ အဲဒီတော့ ဒီနေ့က သတင်းခေတ်ကြီးနဲ့အတူ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ကျယ်ပြန့်တဲ့အတွက် အရင်ကထက်ပိုပြီးတော့ ကောင်းတယ်။

ပိုကောင်းဖို့လိုတာကတော့ ဒီအခြေအနေ ဆက်လက်ပြီး ဖြစ်ပေါ်တိုးပွားဖို့အတွက် အဓိကလိုအပ်တဲ့ဟာက PDF နဲ့ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ။ အဲဒီလို ကွန်ရက်ဖြန့်ကြက်လှုပ်ရှားမှုတွေဟာ ပိုပြီးတော့ ထိထိရောက်ရောက် စည်းစည်းလုံးလုံး ဟန်ချက်တွေညီအောင် အကောင်အထည်ဖော်နိုင်ဖို့ပဲ။ အဲဒီနှစ်ခုရဲ့ ဆက်စပ်မှုသာ ကောင်းတယ်ဆိုရင် ကျွန်တော်တို့တော်လှန်ရေး ပြီးတော့မှာ။

မေး − ဒီဖြတ်လေးဖြတ်က ပြီးခဲ့တဲ့ ငါးလလောက်ကတည်းက စပြီး အဲဒီဒေသတွေကို ကန့်သတ်လိုက်တာ တွေ့ရတယ်။ အခုကျတော့ အဲဒီဒေသတွေကို သွားဖို့ စစ်ကြောင်းငါးကြောင်းဆိုတဲ့ ညွှန်ကြားစာတွေလည်း တွေ့ရတော့ လက်တွေ့မြေပြင်အခြေအနေနဲ့က ဘယ်လိုဖြစ်လာနိုင်လဲ။

အရင်ကလည်း မဆလခေတ်တစ်လျှောက်လုံးမှာ တစ်ဖက်က ဖြတ်လေးဖြတ်လုပ်တယ်။ အခြားတစ်ဖက်က စစ်ကြောင်းကြီးငါးကြောင်းဆိုတာ ဝင်တယ်။ အုပ်ချုပ်ရေးတွေ ပြည်သူ့စစ်တွေ မြို့ပေါ်က ဌာနဆိုင်ရာအဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ သွားကြတာပေါ့။ အရင်တုန်းကတော့ အဲဒီလိုနဲ့ အခြေအနေကို ထိန်းနိုင်ခဲ့တယ်။

ဒီနေ့စစ်ရေးအခြေအနေက အဲဒီလိုလုပ်နိုင်တဲ့ အခြေအနေမရှိပါဘူး။ သူတို့က ကျေးလက်မှာ ပြည်သူတွေ မရပ်တည်နိုင်အောင် မောင်းထုတ်နေတဲ့အခါကျတော့ အခု ပြည်သူလူထုက PDF တွေရဲ့ အကာအကွယ်နဲ့ ရပ်တည်နေတဲ့ အခြေအနေပဲ။

အဲဒီအချိန်မှာ စစ်ကြောင်းငါးကြောင်းမဟုတ်ဘူး၊ တိုက်ခိုက်ရေးစစ်ကြောင်းတစ်ကြောင်းတောင်မှ အေးအေးဆေးဆေးသွားလို့မရတဲ့ အခြေအနေကို သူတို့ဘက်က ရောက်ရှိနေပြီ။ အခုစစ်ကြောင်းကြီး ငါးကြောင်းဆိုတာက စဉ်းကို စဉ်းစားနိုင်တဲ့အခြေအနေ မရှိပါဘူး။

အခုက တစ်ခွင်တစ်ပြင်လုံးဖြစ်နေတဲ့ ကိစ္စဖြစ်နေပြီ။ အဲဒီတော့ ဒီညွှန်ကြားချက်တွေဆိုတာက အရင်တုန်းက မက်ခဲ့ဖူးတဲ့ အိပ်မက်ကို ပြန်မက်နေတာပါပဲ။ လက်တွေ့ကတော့ ဘာမှ ဖြစ်နိုင်တဲ့အခြေအနေ မရှိပါဘူး။

မေး − ဟုတ်ကဲ့ခင်ဗျာ။ ဒီနေ့ နေ့စဉ်လိုလိုကို ဖြစ်နေတဲ့ ရွာတွေမီးရှို့ခံရတာ၊ ဒေသခံတွေရဲ့ ပစ္စည်းတွေ လုယက်ခံရတာတွေ နဲ့ပတ်သက်ပြီးတော့ ဘယ်လိုထင်မြင်ချက် ပေးလိုပါသလဲဗျာ။

အဲဒါက စစ်ကောင်စီရဲ့ PDF တွေ အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ ဦးတည်ချက်အောက်မှာ သူ့ရဲ့ စစ်သည်တွေကို လုလို့ယက်လို့ရတယ်၊ မင်းတို့ ကြိုက်တာယူ၊ မင်းတို့ မသယ်နိုင်လို့ရှိရင် ဖျက်ဆီးခဲ့ဆိုပြီးတော့ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေ ဖျက်ဆီးနေတာ၊ ထွန်စက်တွေဖျက်ဆီးနေတာ အများကြီးမြင်နေရတာပဲ။ အခုက ဒေသတစ်ခုကို ရာနဲ့ချီပြီး သေဆုံးနေကြတာ။ ထောင်နဲ့ချီပြီး အဖမ်းခံနေရတာ။

သူတို့က အနှစ် ၇၀ လုံးလုံး အကြောက်တရားနဲ့ လူထုကို လက်နက်ပြပြီး စည်းရုံးလာတာ။ သူက အဲဒီနည်းကို အရှိန်မြှင့်လိုက်ရင် လူထုက ကြောက်လန့်သွားလိမ့်မယ်ဆိုပြီး။ အခုက အနေအထားက ပြောင်းပြန်ဖြစ်သွားပြီဗျ။ အဲဒီလို ပိုလုပ်လေ လူထုက ပိုမုန်းတီးလေပဲ။

အခုက လူထုက စစ်တပ်ကို ဆန့်ကျင်လိုတဲ့ စိတ်ထက် လွန်သွားပြီ။ လူထုက အခု နာကြည်းနေပြီနော်၊ နာကြည်းနေတဲ့အဆင့် ရောက်သွားပြီ။ သူတို့ရှိနေရင် လူထုက ဘာမှ အာမခံချက်မရှိဘူး။ သူတို့လုပ်ကွက်တွေ ဘာမှ အာမခံချက်မရှိဘူး။ သူတို့စည်းစိမ်ဥစ္စာ ကာကွယ်ပေးမဲ့သူမရှိဘူး။

အခု လူထုထဲမှာ ပြဿနာဖြစ်ရင် သွားတိုင်စရာ ရဲဌာနမရှိဘူး၊ တရားစီရင်ရေးရုံးမရှိဘူး။ ဒီလိုအခြေအနေမှာ လူထုက ကိုယ့်နည်းကိုယ်ဟန်နဲ့ စစ်ကောင်စီရဲ့ အင်အားစုကို အမြစ်ပြုတ်ချေမှုန်းနိုင်မှ သူ့တို့ဘဝနဲ့ ရပ်တည်နိုင်မယ်၊ အနာဂတ်ရှိမယ်လို့ ယုံကြည်လာတဲ့အခါမှာ ဒီအခြေအနေဖြစ်လာတာ။

ပိုပြင်းထန်စွာ ဖိနှိပ်လေ လူထုက ကြောက်ပြီးတော့ ငြိမ်သွားလိမ့်မယ်လို့ သူထင်တာ။ လူထုလှုပ်ရှားမှုကို သူက နေရာတိုးချဲ့ပြီးတော့ ဖိနှိပ်လေ၊ လူထုအုံကြွမှုက ပိုပြီး များလာလေပဲ၊ အဲဒီလိုတွေဖြစ်နေတာ။ ဒီစစ်တပ် မနိုင်တော့ပါဘူး။

မေး − တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ပြည့်စုံရင် စစ်ကောင်စီကို နိုင်မယ်လို့ ယုံကြည်နေတယ်။ လက်နက်အင်အား မမျှတတော့ ဖြစ်နိုင်ပါ့မလား။

စခဲ့တဲ့ တိုက်ပွဲက တူမီးနဲ့ G1, G2, G3 ကို တုံ့ပြန်နေရတဲ့ အခြေအနေကနေ စခဲ့တာ။ အခုဆိုလို့ရှိရင် တစ်လုံးထိုးသေနတ်တွေလည်း စစ်ကိုင်းတိုင်းတို့ မကွေးတိုင်းတို့တွေပါ ရောက်လာကြပြီ။ ပြီးတော့ မိုင်းလုပ်တဲ့ပညာဆိုတာက လယ်သမားတွေ ထွန်၊ ထယ်ရင်းနှီးသလို ပြည်သူတွေက ရင်းနှီးနေပြီ။

အဲဒီတော့ မိုင်းစစ်ပွဲကလည်း သူဘယ်နေရာမှ ခြေမချရဲအောင် ဖြစ်နေတဲ့အတွက် လေယာဉ်ပျံတွေ သုံးလာရတဲ့ အနေအထားအထိ ရောက်နေပါပြီ။ အဲဒါတွေက ရေရှည်လည်း မသုံးနိုင်ပါဘူး။

မိုင်းစစ်၊ ပြောက်ကျားစစ်ဟာ ကျယ်ပြန့်တဲ့ စစ်မျက်နှာတွေကို တိုးချဲ့လာနိုင်တဲ့ အလားအလာတော့ ရှိတယ်။ ဒါပေမဲ့ ချေမှုန်းရေးစစ်ပွဲမဆင်နွှဲနိုင်ရင် လက်နက်မရဘူး။ လူထုကလည်း များများတောင်းဆိုနေတာ မဟုတ်ပါဘူး။ အခု အဓိက တောင်းဆိုနေတာက လက်နက်ပါပဲ။

အဲဒီတော့ တစ်ဖက်က လက်နက်တွေ တီထွင်ထုတ်လုပ်မှုတွေ လုပ်၊ ရန်ပုံငွေရှာ ထုတ်လုပ်။ နောက်တစ်ဖက်က တိုက်ပွဲတွေကို မိုင်းစစ်ပွဲကနေ လှုပ်ရှားစစ်နဲ့ ချေမှုန်းတိုက်ခိုက်နိုင်တဲ့ အနေအထားအထိ မြှင့်တင်ပေးနိုင်လို့ရှိရင် ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်လာပါလိမ့်မယ်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button