တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်းပိတ်ဆို့ထားသဖြင့် တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာ ၉ ရွာမှ ဒေသခံ ၉၀၀၀ ကျော်မှာ ရိက္ခာနှင့် ဆေးဝါး ပြတ်တောက်မှုဖြင့် ကြုံတွေ့နေရသည်။
ထို့နောက် တောင်ပျောက်တိုက်နယ်၏ အဓိကဝင်ပေါက် သဲချောင်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲလိုက်ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသောကြောင့် ထိုသို့ အခက်အခဲကြုံနေရခြင်း ဖြစ်သည်။
“ကျွန်မတို့ တိုက်နယ်ကို ကုန်းလမ်း၊ ရေလမ်း ဘယ်လမ်းကြောင်းကမှ ဝင်လို့မရအောင် လမ်းကြောင်းဟူသမျှကို ဖြတ်လေးဖြတ်ပုံစံနဲ့ ပိတ်ထားတာ အခုဆိုရင် စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက ဖြတ်ထားတာ ဒီနေ့အထိပဲ” ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TYC-LPDF ရိက္ခာတာဝန်ခံက ပြောသည်။
ဖြတ်လေးဖြတ်ဆိုသည်မှာ ငွေကြေး၊ ရိက္ခာ၊ သတင်းအချက်အလက်နှင့် တပ်သားသစ်စုဆောင်းမှုကို ဖြတ်တောက်ခြင်းဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တိုက်ခိုက်မှုကို ဖြိုခွဲနှိမ်နင်းရန် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းက အသုံးပြုခဲ့သည့် စစ်တပ်၏ နည်းလမ်းဟောင်းဖြစ်သည်။
မြိတ် – ထားဝယ်ကားလမ်း အရှေ့ဘက်ခြမ်းတွင်ရှိသည့် တောင်ပျောက်တိုက်နယ်တွင် ကျေးရွာ ၁၀ ရွာရှိပြီး စစ်တပ်တပ်စွဲထားသည့်၊ စစ်တပ်တည်ထောင်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပိုမိုအားကောင်းသည့် သဲချောင်းကြီးကျေးရွာတွင်သာ ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသေးဟု သိရသည်။
ထိုဒေသအတွင်း ၂၀၂၁ စက်တင်ဘာလကုန်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားလာသည်။
စစ်တပ် တပ်စွဲထားသည့် သဲချောင်းကြီးကျေးရွာနှင့် ၄ မိုင်အကွာ မယ်ကဲကျေးရွာတွင် ဆေးဝါးနှင့် ရိက္ခာ ခက်ခဲနေပြီး ရှိသည့် စားနပ်ရိက္ခာများကို တစ်ရွာလုံး ဝေမျှစားသောက်နေရသည်ဟု မယ်ကဲကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစုကြိုင်နှင့် ဒေသခံတို့ထံမှ သိရသည်။
“ဆေးဝါးနဲ့ ရိက္ခာကတော့ အားလုံးလိုအပ်နေတာကြီးပဲ၊ ဘာလိုအပ်တယ်ဆိုတာကို ပြောဖို့တောင် ခက်နေတယ်။ အခြေခံစားသုံးကုန်ကတော့ ပိုလိုအပ်တာပေါ့။ ဆိုင်ကယ်တွေတောင် ဆီမရှိလို့ မောင်းလို့မရတဲ့အနေအထားမှာ ရှိတယ်” ဟု ဦးစုကြိုင်က ပြောသည်။
“တောင်ယာက ဆန်တွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဝေစားမျှစားနေကြတယ်။ မျှပေးဝေပေးနေရတာပဲ။ မငတ်ရုံတစ်မည်ပေါ့။ စီမံပေးနေရတယ်”
ပုံမှန်ဝင်ငွေ ကျပ် သိန်း ၄၀ မှ ၆၀ ကြားရှိသည့် ကွမ်းသီးခြံလုပ်ငန်းကို လုပ်ကိုင်သည့် မယ်ကဲရွာသား ဦးအောင်အောင်က ယခုကာလ ဝင်ငွေတစ်ပြားမရှိသည့်ပြင် စုဆောင်းထားသည့်ရိက္ခာမှာ ကုန်တော့မည်ဖြစ်သည်ဟု ဆိုသည်။
“ဒီလိုပဲ ကျွန်တော်တို့ရွာမှာတော့ ဒီလိုပဲ ဝေမျှပြီးစားနေကြရတာပဲ။ ရွာမှာ ဝေမျှစားစရာ မရှိတော့ဘူးဆိုရင် စျေးကြီးပေးပြီး ဝယ်ရတာပေါ့။ ခုဟာက ဆန်တစ်အိတ်ကို ၄ သောင်းတောင် ပေးဝယ်လို့ မရဘူးတော့ဘူး။ ပိုက်ဆံရှိလဲ ဝယ်လို့မရဘူး။ လမ်းတွေက အကုန်ပိတ်ထားတာ” ဟု ဦးအောင်အောင်က ပြောသည်။
ထို့ပြင် ၎င်း၏ သိုလှောင်ထားသည့် ကွမ်းသီးခြောက်များ အချိန်မီ ရောင်းမထွက်ပါက ပိုးကျ ဆုံးရှုံးနိုင်သည့်အတွက် စိုးရိမ်နေရသည်ဟု ဆိုသည်။
ဒေသခံကာကွယ်ရေးတပ်များ အခက်တွေ့စေရန် စစ်ကောင်စီက ဖြတ်လေးဖြတ်စစ်ဆင်ရေးဖြင့် ပိတ်ဆို့ထားချိန်တွင် ဒေသခံများကို ကူညီနေရသည်ဟု TYC-LPDF ရိက္ခာတာဝန်ခံအမျိုးသမီးက ပြောသည်။
“ကိုယ့်ဆီမှာရှိတဲ့ ရိက္ခာကို စစ်ရှောင်တွေ ခက်ခဲနေတဲ့ ပြည်သူလူထုတွေကို မျှဝေပြီးတော့ ကျွေးနေရတာပေါ့။ စုထားတဲ့ရိက္ခာတွေဟာ ကျွန်မတို့ ကာကွယ်ရေးအဖွဲ့ဝင်တွေအတွက်ပဲ မဟုတ်ဘူး၊ ကိုယ့်မှာ ဘယ်လောက်ရှိရင် သူတို့ဘယ်လောက်ပေးလိုက်ရမယ်ဆိုပြီးတော့ စီမံခန့်ခွဲပြီးတော့ ကျွေးနေရတာပေါ့” ဟု ၎င်းက ဆိုသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအားကောင်းသည့် စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ကယားပြည်နယ်တွင်လည်း စစ်ကောင်စီက ကျေးရွာများကို မီးရှို့ခြင်း၊ ရိက္ခာနှင့်ဆေးဝါး တင်သွင်းသည့် လမ်းကြောင်းများကို ပိတ်ဆို့ခြင်းများ ပြုလုပ်ပြီး ဖြတ်လေးဖြတ်စစ်ဆင်ရေးကို အသုံးပြုလျက်ရှိသည်။
စစ်တပ်သည် အဆိုပါနည်းလမ်းကို ယခင်က တိုက်ပွဲများပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်တွင် အသုံးပြုခဲ့၍ ဒေသခံတို့မှာ အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရသည်။
တိုက်ပွဲနယ်မြေတွင် ပိတ်ဆို့ထားသဖြင့် ထောင်နှင့်ချီသော ဒေသခံတို့ အခက်တွေ့ရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို ဤရက်ပိုင်းအတွင်း တနင်္သာရီတိုင်းတိုက်ပွဲသတင်းကို စစ်တပ်က ထုတ်ပြန်ခြင်း မရှိသေးပေ။
တောင်ပျောက်တွင် ပိတ်ဆို့ခံရသည့် ရွာများမှာ မယ်ကဲ၊ ရေဗျတ်၊ ကျောက်အိုင်၊ ဝင်းကဖော်၊ ကျွဲခြံ၊ တောင်ပျောက်၊ ရေပူရွာ၊ လယ်စု၊ ဗျက်ဝိသားတို့ ဖြစ်သည်။
ကျေးရွာအုပ်စု ၄ အုပ်စု၊ ကျေးရွာ ၁၀ ရွာဖြင့် ဖွဲ့စည်းထားသည့် တောင်ပျောက်တိုက်နယ်သည် ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ ၄ တပ်ရင်း ၁၂ နယ်မြေထဲတွင် ပါဝင်သည်။
စစ်အာဏာသိမ်းပြီး မြန်မာတစ်ပြည်လုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများ စတင်ခဲ့ချိန်ကတည်းက တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာများမှ ဒေသခံတို့လည်း တက်ကြွစွာပါဝင်ခဲ့ကြသည်။
ထို့နောက် ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံ သပိတ်ခေါင်းဆောင်များကို နေအိမ်များတွင် ရှာဖွေဖမ်းဆီးရာမှ ပဋိပက္ခပြင်းထန်လာခဲ့ပြီး ပြန်လည်ခုခံသည့် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည်ဟု အထက်ပါ TYC-LPDF ရိက္ခာတာဝန်ခံက ဆက်ပြောသည်။
“အာဏာရှင်ဘက်က ဒီတိုက်နယ်ထဲကို လာပြီးတော့ ကြမ်းကြမ်းတမ်းတမ်း လာဖိနှိပ်တာတွေ ရှိနေတယ်။ သပိတ်ခေါင်းဆောင်ပိုင်းတွေကို အိမ်တွေကို လာဝင်ဖမ်းတာတွေရှိတယ်။ တကယ်တမ်းဖြစ်တာက သူတို့ နယ်မြေရှင်းလင်းရေးဆိုပြီးဝင်လာလို့ မချိတင်ကဲနဲ့ပဲ တူမီးလေးနဲ့ပဲ တိုက်ပွဲတစ်ကြိမ် စဖြစ်ခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် သရက်ချောင်းမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဆက်ရှိနေသည်။ ယမန်နေ့ (ဇန်နဝါရီ ၇) ကလည်း ကင်းရှေ့ရွာအနီး စစ်ကောင်စီကား လက်လုပ်မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အနီးရှိ ပန်းရန်လုပ်ကိုင်နေသည့် အသက်မပြည့်သေးသူများအပါအဝင် လူငယ် ၄ ဦးကို စစ်သားများက အနီးကပ်ပစ်သတ်ခဲ့ကြသည်။
၂၀၂၁ စက်တင်ဘာ ၇ ကလည်း သရက်ချောင်းမြို့နယ်အတွင်း ဖယ်သွယ် သို့မဟုတ် တောင်ပျောက်တိုက်နယ်ဟု ဒေသခံတို့ခေါ်သော နေရာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KNU တပ်မဟာ (၄) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)