
စစ်ကောင်စီ အသုံးပြုနေသည့် လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်၊ သံချပ်ကာယာဉ်များ ယူဆောင်လာပြီး ပူးပေါင်းလျှင် သို့မဟုတ် ဖျက်ဆီးပေးလျှင် ဆုကြေးငွေ သိန်းသန်းချီ ချက်ချင်းပေးရန် စီမံထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကမ်းလှမ်းလိုက်သည်။
ဧပြီ ၇ ရက်စွဲဖြင့် NUG ထုတ်ပြန်ချက်တွင် ဆုကြေးငွေ ၉ မျိုး ပါဝင်ပြီး လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်တို့နှင့်အတူ စစ်ကောင်စီတပ်ကို စွန့်ခွာလာလျှင် အမြင့်ဆုံးဆုငွေအဖြစ် ကျပ် သိန်း ၁၀,၀၀၀ ချီးမြှင့်မည်ဟု ဖော်ပြထားသည်။
ထိုယာဉ်များကို စစ်တပ်အခြေစိုက်စခန်းများတွင် ရပ်နားထားစဉ် လမ်းခုလတ်၌ အကြီးစားဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ကျပ်သိန်း ၆,၀၀၀၊ လေယာဉ်ဆီသိုလှောင်ကန်တစ်ကန် ဖျက်ဆီးနိုင်လျှင် ကျပ်သိန်း ၂,၀၀၀ ချီးမြှင့်မည်ဟု NUG က ဆိုထားသည်။
ထို့အတူ လက်နက်စက်ရုံ၊ လက်နက်တိုက် ဖောက်ခွဲလျှင်၊ တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပူးပေါင်းလာလျှင်၊ ဖျက်ဆီးပစ်နိုင်လျှင် တစ်စီးလျှင် ကျပ်သိန်း ၂,၀၀၀ ရမည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထုတ်ပြန်ချက်နှင့် အကျုံးဝင်လျှင် ချီးမြှင့်မည့် ဆုငွေများကို မည်သူမဆို ခံစားခွင့်ရှိကြောင်း၊ ထိုယာဉ်များကို ပစ်ခတ်၊ တိုက်ခိုက်၊ ဖျက်ဆီးနိုင်သည့် တော်လှန်ရေးအင်အားစုများလည်း ဆုငွေခံစားခွင့်ရှိကြောင်း NUG က ကြေညာထားသည်။
အချက်အလက်ခိုင်လုံစွာတင်ပြနိုင်သည့် အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဆုကြေးငွေခံစားခွင့်ရှိသည်၊ ထိုသို့ ဆောင်ရွက်ချက်အပေါ် The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရခြင်း မရှိစေရဟု NUG ယာယီသမ္မတလက်မှတ်ဖြင့် ထုတ်ပြန်သည့် ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ပြည်သူ့အခွန်ဘဏ္ဍာနှင့် ဝယ်ယူထားသည့် စစ်လက်နက်ပစ္စည်းများသုံး၍ စစ်ကောင်စီက ပြည်သူကို ပြန်သတ်နေသည့် လုပ်ရပ်များကို ဟန့်တားရန်၊ ဘက်ပြောင်းမည့်သူများ ပစ္စည်းနှင့်တကွ ပူးပေါင်းလာစေရန် ထိုအစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
“ဒီနေ့ဝင်လာရင် ဒီနေ့ချက်ချင်းပေးနိုင်လောက်အောင်အထိ ငွေရေးကြေးရေးအရ ပြင်ဆင်မှုရှိပါတယ်။ ရဲရဲဝံ့ဝံ့သာ ဆုံးဖြတ်ပြီးတော့ ဒီအမိန့်ကြေညာချက်အတိုင်းကိုသာ ဆောင်ရွက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်က ချက်ချင်းပေးအပ်သွားဖို့ အဆင်သင့်ရှိတယ်” ဟု ဝန်ကြီးက ဆိုသည်။
“လေယာဉ်ပိုင်းလော့ကပဲ သူ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တယ်ဆိုရင်လည်း ပေးမယ်။ လေယာဉ်နဲ့ ပတ်သက်ပြီးတော့ လေယာဉ်ပြင်/ထိန်းပိုင်းဆိုင်ရာတို့၊ အင်ဂျင်နီယာအဖွဲ့တို့က အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခဲ့တယ်ဆိုရင်လည်း ဒီဆုကြေးကို ရယူပိုင်ဆိုင်ခွင့်ရှိတယ်”
NUG ၏ ထိုအစီအစဉ်ကို ဗိုလ်ကြီးညီသုတ အပါအဝင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်အရာရှိများက ကြိုဆိုလိုက်ပြီး စစ်ကောင်စီတပ်တွင်း အကြီးအကျယ် ဂယက်ရိုက်နိုင်ကြောင်း၊ အကြီးစားစစ်သုံးယာဉ်များနှင့်တကွ ပူးပေါင်းမည့် စစ်သားများ ရှိလာနိုင်ကြောင်း သုံးသပ်သည်။
“ဒီမှာပေးထားတဲ့ဆုငွေသည် ပြည်သူလူထုရဲ့မေတ္တာတွေ အများကြီးပါတယ်။ နိုင်ငံတော်အနာဂတ်အတွက် ထိုက်တန်တဲ့ဆုကြေးလို့တောင် ပြောလို့ရတယ်” ဟု CDM ဗိုလ်ကြီး ညီသုတက ပြောသည်။
“ဆုကြေးတစ်ခုတည်းကိုပဲ ကြည့်ပြီးလုပ်လုပ်၊ ပြည်သူ့မေတ္တာကို မြင်လို့ပဲလုပ်လုပ် လုပ်ကြလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ မျှော်လင့်ပါတယ်။ အထဲမှာရှိနေတဲ့သူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါပဲ”
လေတပ်တွင် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အာဏာဖီဆန်လာသည့် တပ်ကြပ်ကြီးဇေယျက NUG ကမ်းလှမ်းသည့် ဆုကြေးသည် မက်လောက်စရာဖြစ်ကြောင်း၊ ယာဉ်များကို ဖျက်ဆီးရန် လွယ်ကူသည့် နည်းလမ်းများရှိ၍ အလုပ်ဖြစ်မည်ဟု ယူဆကြောင်း မှတ်ချက်ပြုသည်။
“ဒေါ်လာငါးသိန်းတို့၊ သုံးသိန်းတို့ဆိုတာက နည်းတာမဟုတ်ဘူးလေဗျာ။ လေယာဉ်ကို ဒီဘက်မောင်းလာလို့မရလည်း ဖျက်ဆီးလို့ရတဲ့နည်းတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။
“အင်ဂျင်ထဲကို သဲထည့်လိုက်တာနဲ့ ပျံနေရင်း အပေါ်ရောက်တာနဲ့ ပြန်ပြုတ်ကျတယ်။ ဒါမျိုးတွေတောင် လုပ်လို့ရတယ်” ဟု တပ်ကြပ်ကြီးဇေယျက ဆက်ပြောသည်။
NUG ကမ်းလှမ်းသကဲ့သို့ စစ်သုံးအကြီးစားယာဉ်များနှင့်တကွ ဘက်ပြောင်းလာမည်ဟု မျှော်လင့်နိုင်ခြေနည်းသည်ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်သည်။
“ယာဉ်ကြီးတွေယူလာပြီးတော့ အဲ့လိုမျိုးထွက်လာမဲ့အနေအထားက ရှိချင်လည်း ရှိလာမှာပေါ့။ ဒါပေမဲ့ သိပ်မမြင်ဘူး။ ဒါပေမဲ့ ဒီလိုကမ်းလှမ်းချက်ကတော့ စစ်ကောင်စီတပ်ဖွဲ့တွေအတွက် လုံးဝလှုပ်ခတ်သွားနိုင်တဲ့ အနေအထားတစ်ခုပေါ့နော်” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ တော်လှန်ရေးဘက်ကနေပြီးတော့ သူတို့ကို နောက်ထပ်ပေးနိုင်တဲ့အခွင့်အရေးတွေ ထပ်ပေးလိုက်တယ်လို့ပဲ ကျွန်တော်ကတော့ မြင်တယ်”
ယာဉ်များနှင့်တကွ ပူးပေါင်းလာမည့် စစ်သားများ မည်သို့ ချိတ်ဆက်ရမည်ဆိုသည်ကို စနစ်တကျ စီစဉ်ထားသင့်ကြောင်း ပြည်မြို့အခြေစိုက် စက်လက်နက်ပစ္စည်းစက်ရုံတစ်ခုတွင် တာဝန်ကျခဲ့သူ တပ်သားတစ်ဦးက ပြောသည်။
“ဒီထုတ်ပြန်ချက်အတိုင်းဆို စိတ်ဝင်စားကြမှာပဲဗျ။ ဒါပေမဲ့ အဆက်အသွယ်မရှိဘဲနဲ့တော့ ဘယ်သူမှ မလုပ်ဘူး။ အဆက်အသွယ်ရှိမှပဲ လုပ်မှာ။ အဲဒါတော့ သေချာတယ်” ဟု စစ်ကောင်စီတပ်ကို စွန့်ခွာလာသူ CDM စစ်သား ကိုကောင်းထက်အောင်က ပြောသည်။
NUG ဝန်ကြီး ဦးတင်ထွန်းနိုင်ကမူ CDM ဝင်လာမည့် စစ်သားများကို အကူအညီပေးနေသည့် ပြည်သူ့ပန်းတိုင်၊ ပြည်သူ့ရင်ခွင် အပါအဝင် မည်သည့်အဖွဲ့အစည်းနှင့်မဆို ချိတ်ဆက်ပြီး ပူးပေါင်းနိုင်သည်ဟု ဆိုသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း တပ်ကို စွန်ခွာလာသည့် အခြားအဆင့်နှင့် အရာရှိ ၂၀၀၀ ကျော်ရှိနေပြီး ထိုစာရင်းတွင် ဒုတိယဗိုလ်မှူးကြီးအဆင့် ၃ ဦးထက်မနည်း ပါဝင်သည်ဟု CDM စစ်သားများကို ကူညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့၏ စာရင်းအရ သိရသည်။
ထို့အတူ စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်နေသည့် ကရင်ပြည်နယ်အတွင်း လက်နက်နှင့်တကွ ဘက်ပြောင်းလာသည့် စစ်သည်နှင့် အရာရှိအရေအတွက် တစ်နေ့တခြားတိုးလာနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က အတည်ပြုထားသည်။
စစ်ကောင်စီကမူ ထိုအခြေအနေကို ဘူးကွယ်ထားပြီး အနည်းငယ်သာရှိသည်ဟု ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြောင်း ဖေဖော်ဝါရီ ၂၄ စစ်ကောင်စီထုတ်သတင်းစာတွင် ဖော်ပြထားသည်။
ပြည်သူ့ထံသို့ ဘက်ပြောင်းလာသည့် တပ်မတော်သားများကို ဩစတြေးလျနိုင်ငံက ခိုလှုံခွင့်ပြုသည်ဟု သတင်းထွက်ချိန် မတ်လလယ်မှစ၍ တာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် ရာနှင့်ချီ၍ ဆက်သွယ်စုံစမ်းကြသည်ဟု CDM ဗိုလ်ကြီး ခန့်ကိုက ပြောဖူးသည်။
အာဏာဖီဆန်လာသော စစ်သားနှင့် ရဲများကို ဩစတြေးလျနိုင်ငံက အခြေချနေထိုင်ခွင့်ပေးနေပြီး လက်ရှိတွင် တပ်အရာရှိနှစ်ဦး ရောက်နေပြီဟု မဲလ်ဘုန်းမြို့အခြေစိုက် The Age သတင်းဌာနက မတ်လ ၁၈ ရက်တွင် ဖော်ပြသည်။
အခြားနိုင်ငံတချို့ကလည်း အလားတူ လက်ခံလျက်ရှိရာ ထိုအထဲတွင် အမေရိကန်ပြည်ထောင်စုလည်း ပါဝင်သည်ကို တွေ့ရသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေချိန်၊ တပ် CDM ဦးရေ များလာချိန် မတ် ၂၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် စစ်ခေါင်းဆောင်က တပ်တွင်းစည်းလုံးမှုရှိရန် အလေးပေးပြောဆိုခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)