အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာကို လက်နက်ပိတ်ပင်ရန် Save The Children တောင်းဆို

အာဏာသိမ်းမှု ၁ နှစ်ပြည့်ကာလ ရောက်လာချိန်တွင် ကလေးငယ်များ၊ လူမှုကူညီရေးဝန်ထမ်းများ အပါအဝင် အရပ်သားတို့ အကြမ်းဖက်ခံရမှု ပိုမိုများပြားလာသဖြင့် စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်အရေးယူကြရန် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children က ယနေ့ ရက်စွဲဖြင့် တောင်းဆိုလိုက်သည်။

လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်းမှာပင် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများ၊ ကယားပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးရသူတို့ ခိုလှုံသည့်နေရာ ဗုံးကြဲခံရမှုကြောင့် ကလေးများ အသက်ဆုံးရှုံးနေရသည်ဟု အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကလေးများ အကြမ်းဖက်တိုက်ခိုက်ခံနေရမှု၊ နေရပ်စွန့်ခွာရမှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာရမည်ဟုလည်း ကလေးအခွင့်အရေးဆောင်ရွက်နေသည့် ကုလအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံပြဿနာကို ကိုင်တွယ်ရန်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတို့ကို Save The Children အဖွဲ့ကြီး၏ အကြီးအကဲဖြစ်သူ Inger Ashing က တိုက်တွန်းလိုက်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမျိုးတွေကို ကန့်သတ်နိုင်အောင်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်နက်ပိတ်ပင်ရေးကို မဖြစ်မနေ ဆောင်ရွက်ရပါမယ်” ဟု Inger Ashing က ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ကိုလည်း သူက မြန်မာပြည်အရေးအတွက် ပိုမိုဆောင်ရွက်ရန် တိုက်တွန်းထားသည်။

အာဆီယံက သဘောတူထားချက် ၅ ခုအနက် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရန် ဟူသော အချက်လည်း ပါဝင်ရာ အာဆီယံအနေနှင့် အဆိုပါ အချက် ၅ ချက်ကို ပြန်လည်သုံးသပ်ရေးအတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူရမည်ဖြစ်ကာ၊ ထိုသို့ဆောင်ရွက်မှသာ ကလေးများ၊ ၎င်းတို့၏ ပတ်ဝန်းကျင်၊ ကူညီရေးလုပ်သားများကို အကာအကွယ်ပေးနိုင်မည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့အားလုံး ကလေးများကို အကာအကွယ်ပေးကြရန်လည်း သူက တိုက်တွန်းထားသည်။

အာဏာသိမ်းအပြီး ဖြစ်ပေါ်လာသော ပစ်ခတ်မှုများကြောင့် စစ်ဘေးဒုက္ခသည် ၄ သိန်း ထွက်ပေါ်လာသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်ထားသည်။

ထိုအထဲတွင် အသက်မပြည့်သေးသူအရေအတွက် ၃၇ ရာခိုင်နှုန်းရှိသည်၊ အများအပြားမှာ တောထဲတောင်ထဲတွင် ဖြစ်သလို နေထိုင်ကြရပြီး အစာငတ်ပြတ်မှု၊ ဖျားနာမှု၊ အကာအကွယ်မဲ့မှုတို့နှင့် ရင်ဆိုင်နေရသည်ဟု Save The Children က ဆိုသည်။

ပြီးခဲ့သည့် ခရစ္စမတ်ကာလ ကယားပြည်နယ် ဖရူဆိုမြို့ပြင် မိုဆိုရွာအနီး သတ်ဖြတ် မီးရှို့ခံရသည့် ခရီးသည် ၃၀ ကျော်ထဲမှ အမျိုးသား ၂ ဦးမှာ ၎င်းတို့၏ ဝန်ထမ်းဖြစ်နေသည်ဟု Save the Children က ဒီဇင်ဘာ ၂၈ တွင် ကြေညာထားသည်။  

စစ်ကောင်စီကမူ ထိုနေ့က ထိုနေရာတွင် မော်တော်ယာဉ် ၇ စီးက ရပ်ပေးရန် ငြင်းဆန်သဖြင့် ပစ်ခတ်ခဲ့ကြောင်း နေ့တွင်းချင်း သတင်းထုတ်ပြန်ထားသည်။ 

ကလေးများအပါအဝင် ပြည်သူ ၃၅ ဦးထက်မနည်း သတ်ဖြတ်၊ မီးရှို့ခံရသည့် အဆိုပါ ဖြစ်စဉ် နောက်ပိုင်းတွင်လည်း အရပ်သားများသတ်ဖြတ်ခံရမှုက လျော့ပါးသွားခြင်း မရှိပေ။ 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဘော်ကုန်းကျေးရွာတွင် ဇန်နဝါရီ ၂၆ နံနက်ပိုင်း မိုင်းထောင် တိုက်ခိုက်ခံရသည့် စစ်တပ်က အနီးရှိ ဆယ်နှစ်သားတစ်ဦးအပါအဝင် အရပ်သား ၄ ဦးကို ပစ်သတ်လိုက်သည်။ 

စစ်သားတို့က ဘော်ကုန်းကျေးရွာသား ၄ ဦးကို သတ်ဖြတ်မှု၊ နေအိမ်များမီးရှို့မှု၊ ပစ္စည်းများလုယက်မှု၊ ဒေသခံတို့ကို လူသားဒိုင်းအဖြစ် အသုံးပြုမှု ကျူးလွန်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့နှင့် အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီ ပြန်ကြားရေးဌာန အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသော ဖုန်းနံပါတ်များကို ဆက်သွယ်ခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button