သတင်း

ဦးဂျင်မီနှင့် ဖြိုးဇေယျာသော်ကို သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီထုတ်ပြန် 

လအတန်ကြာ ဖမ်းဆီးခံထားရပြီး သတင်းအစအနပျောက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည)တို့အရ ၎င်းတို့နှစ်ဦးကို သေဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ယနေ့ (ဇန်နဝါရီ ၂၁) ထုတ်ပြန်ချက်က ဆိုသည်။​

စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဦးဂျင်မီမှာ ၂၀၂၁ အောက်တိုဘာ ၂၃ ညပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်ကာ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာ ၁၈ က ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ နှစ်ဦးကို သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီကြေညာချက်မှာ ပြည်သူများ၏ အောင်ပွဲဟုဆိုနိုင်သည့် Total ရေနံကုမ္ပဏီက မြန်မာနိုင်ငံမှထွက်ခွာမည့် သတင်းအပေါ် အာရုံလွှဲခြင်းသာဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က မှတ်ချက်ပြုသည်။

“တကယ်တော့ ပြည်သူတွေ အားတက်စရာကောင်းတဲ့ ကမ္ဘာကြီးဆီက တုံ့ပြန်မှုကို ရတာလေဗျာ။ တိုင်းပြည်ဝင်ငွေ ရာခိုင်နှုန်းအများဆုံးထဲမှာပါတဲ့ ရေနံလုပ်ငန်းကနေ နုတ်ထွက်ဖို့ ကြေညာလိုက်ရတာပေါ့ဗျာ။ ဒါက စစ်ကောင်စီအတွက် ဘဏ္ဍာရေးအရရော ရုပ်ပိုင်းဆိုင်ရာအရရော အရှိုက်ကို ထိစေတာဗျ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ရှုံးပြီဆိုတာ နှလုံးသွင်းမိသွားပြီဖြစ်သည့်အတွက် ရှေ့လျှောက် ရှုံးမဲမဲမည်ဖြစ်ကြောင်း၊ ပြည်သူအားလုံးအနေဖြင့် တော်လှန်ရေးအောင်မှဖြစ်မည်ဆိုသည့် စိတ်ကို ပိုပြီး ခိုင်မာစေသည်ဟုလည်း ဦးမင်းကိုနိုင်က ဆိုသည်။ 

“တောင်ကုန်း ၁ ကုန်း၊ စခန်း ၁ ခု၊ သူတို့ ရကောင်းရလိမ့်မယ်။ အလုံးစုံစစ်ပွဲ သူတို့ရှုံးမှာပဲ၊ ငါတို့ပြည်သူနိုင်မှာပဲ” ဟု ၎င်းက ဆိုသည်။​ 

ဖမ်းဆီးခံထားရသည်မှာ သုံးလနီးပါးရှိပြီဖြစ်သော ဦးဂျင်မီနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ဘဲ အကြမ်းဖက်လုပ်ငန်းများနှင့် ပတ်သက်၍ ဦးဖြိုးဇေယျာသော် ဝန်ခံထားသည်ဆိုသော ရုပ်သံဖိုင်တစ်ခုကိုမူ စစ်ကောင်စီက ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ 

၎င်းတို့နှစ်ဦးကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၌ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။​

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် ဦးဆောင်ကျူးလွန်ခဲ့သည်ဆိုသော ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများအကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ဦးဂျင်မီသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ စုစည်းတည်ထောင်ထားသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈/ငြိမ်းပွင့်) အဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ 

၎င်းသည် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်အပါအဝင် အခြားထင်ရှားကျော်ကြားသူအချို့နှင့်အတူ စစ်တပ်က အာဏာသိမ်းအပြီး ဆယ်ရက်ခန့်အကြာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅−ခ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။

ဦးဂျင်မီသည် ၁၉၈၈ မှ ၁၉၉၆ အတွင်းလည်းကောင်း၊ ၂၀၀၇ မှ ၂၀၁၂ အထိလည်းကောင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရဖူးသူဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ မှ ယမန်နေ့ ဇန်နဝါရီ ၂၀ အထိ ဖမ်းဆီးခံခဲ့ရသူ ၁၁,၆၆၅ ဦးရှိပြီး ၎င်းတို့အနက် ၈,၇၁၆ ဦးမှာ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

ထို့ပြင် စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ထားသူ ၆၃၅ ဦးရှိကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ဦးအပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၂ ဦးရှိသည်ဟု သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button