သတင်း

ကယားပြည်နယ်တွင် စစ်ကားတိုက်ခိုက်ခံရစဉ် တပ်ရင်းမှူးအပါ လေးဦးသေဆုံး 

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၂၃) က စစ်ကားတစ်စီးကို ကရင်နီတပ်မတော် (KA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးတစ်ဦးအပါအဝင် ကားပေါ်ပါ လေးဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူက အတည်ပြုသည်။  

စစ်ကောင်စီ၏ ဖားဆောင်းမြို့နယ်အခြေစိုက် ခလရ ၁၃၄ တပ်ရင်းမှူး လိုက်ပါလာသောယာဉ်သည် KA တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု KNPP ပါတီမှ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ တပ်ဖွဲ့တွေကတော့ သွားသွားလာလာ လှုပ်ရှားနေတာ ရှိတယ်လေ၊ အဲဒီအချိန်မှာတော့။ သူတို့ကလည်း ကားနဲ့လာတာပေါ့။ ကားနဲ့လာတော့ ထိတွေ့မှုဖြစ်သွားတာပေါ့။ ထိပ်တိုက်တွေ့သွားတာပေါ့။ အဲဒါပါပဲ” ဟု ၎င်းက ပြောသည်။

ကားပေါ်တွင် ပါလာသူ လေးဦးအနက် တပ်ရင်းမှူးဆိုသူမှာ ဗိုလ်မှူးအဆင့်ရှိနိုင်ကြောင်း၊ ကျန်သုံးဦးမှာ ယူနီဖောင်းအပြည့်အစုံ မပါသဖြင့် ရာထူးကို မသိရကြောင်း ဦးအောင်ဆန်းမြင့်က ဆိုသည်။

တပ်ရင်းမှူးကားပစ်ခတ်ခံရစဉ် အတူပါလာသည့် ရဲတပ်ဖွဲ့နှင့် အခြားအနီးကပ်လုံခြုံရေးကားမှာ မောင်းပြေးသည်ဆိုသော အချက်ကိုမူ ၎င်းက အတည်ပြုခြင်း မရှိပေ။ 

အဆိုပါကားကို စောင့်ဆိုင်းတိုက်ခိုက်ခြင်းမဟုတ်ဘဲ ရှားတောမြို့နယ် တောထဲတစ်နေရာတွင် နှစ်ဖက် ရုတ်တရက်တွေ့သဖြင့် KA တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။​

“ကျွန်တော်တို့နဲ့ ထိပ်တိုက်လမ်းဖြတ်ကူးရင်းနဲ့ တွေ့တာက အဲဒီတစ်စီးနဲ့ပဲ ဖြစ်သွားတာပါ။ ဒါတွေက ကျွန်တော်တို့နယ်တွေပဲရော ကျွန်တော်တို့ ခွင်(နယ်မြေ)တွေပဲလေ။ သူတို့ နယ်ကျွံတာတော့ မဟုတ်ပါဘူး။ သူတို့လည်း အဲဒီနားမှာ သွားလာနေရင်းနဲ့ ကျွန်တော်တို့လည်း သွားလာနေတယ်။ အဲဒါပါပဲ” ဟု ၎င်းက ဆက်ပြောသည်။

ကရင်နီပြည်နယ်တွင် KNPP ပါတီ၏ KA နှင့် အာဏာသိမ်းပြီးနောက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ စုပေါင်းဖွဲ့စည်းထားသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်လျက်ရှိရာ နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်နေသည်။ 

စစ်အာဏာရှင် မချုပ်ငြိမ်းသရွေ့ တိုက်ပွဲများ ဆက်ရှိနေမည်ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

“ဒီနေ့တိုက်ပွဲတွေက အရင်တုန်းကလို ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်နဲ့ နှစ်ဖက်တည်းဖြစ်နေတဲ့ တိုက်ပွဲတွေမဟုတ်တော့ဘူးလေ။ ဒီနေ့က လူထုတစ်ရပ်လုံးရဲ့ တိုက်ပွဲဖြစ်သွားပြီလေ။ သူ (စစ်တပ်)ကတော့ သူ့ဘေးပတ်ပတ်လည်မှာ ရန်သူတွေကတော့ အကုန်လုံးရှိနေတာပေါ့နော်” ဟု ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိ ကယားပြည်နယ် (ကရင်နီပြည်နယ်) တွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ နယ်မြေခံတပ်ရင်းများမှ မဟုတ်သောကြောင့် လက်နက်အင်အား အသာစီးရသော်လည်း နယ်မြေမကျွမ်းကျင်မှုကြောင့် အရေးနိမ့်လျက်ရှိကြောင်းလည်း KNPP ပါတီအတွင်းရေးမှူးက ပြောသည်။ 

၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော KNPP ပါတီမှာ ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သော်လည်း သုံးလအတွင်း ပျက်ပြယ်ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ 

မေလမှစ၍ ယနေ့အထိ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က အနည်းဆုံး ၂၀၀ မှ ၃၀၀ အထိ သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်မှ ဆယ်ဂဏန်းမျှရှိသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီကမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် အနယ်နယ်အရပ်ရပ်ရှိ ဒေသခံ PDF များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ထုတ်ပြန်ပြောဆိုလေ့ မရှိပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button