သတင်း

ရှားတောတွင် ရိက္ခာပို့စစ်တပ် တိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံးဟု KNPP ပြော

ကယား (ကရင်နီ) ပြည်နယ် ရှားတောမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၆) က ရိက္ခာနှင့် လက်နက်ခဲယမ်းပို့သည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) က ဆိုသည်။

နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မြို့အရှေ့ဘက် ၉ မိုင်ခန့်အကွာရှိ တာတမောစခန်းမှ မြို့ပေါ်ရှိ ဗျူဟာကုန်းသို့ အရပ်သုံးကားများဖြင့် ပစ္စည်းသယ်ဆောင်လာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ စစ်ဘက်ဆိုင်ရာ သတင်းပြန်ကြားရေးအဖွဲ့ KnIC က ထုတ်ပြန်သည်။

ထောက်ပို့ကားများ ရှားတောမြို့မရောက်မီ ၂ မိုင်ခန့်အကွာတွင် KNPP ၏ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း KNPP ၏ ပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကြာပြီးနောက် စစ်တပ်ဘက်က ပြန်ဆုတ်သွားကြောင်း၊ ကရင်နီပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကြောင်း ၎င်းက ပြောသည်။

သံလွင်မြစ် အနောက်ဘက်ရှိ ရှားတောမြို့အခြေစိုက် စခန်းများကို လွိုင်ကော်မှတစ်ဆင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ရန် အခက်အခဲရှိသဖြင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရှမ်းပြည်နယ်မှ သံလွင်မြစ်အတိုင်း စုန်ဆင်းကာ ရိက္ခာပို့ဆောင်လာကြောင်း ၎င်းက ဆက်ပြောသည်။

“ဇန်နဝါရီလကတည်းက ရှားတောအရှေ့ဘက် တာတမောစခန်းမှာ သူတို့ (ရိက္ခာနှင့် လက်နက်) လာစုထားတယ်လေ။ သူတို့လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့တပ်က ရိပ်မိပြီးတော့ ဖြတ်တိုက်တာပေါ့” ဟု ခူးညေးရယ်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တာတမောစခန်း အပါအဝင် ရှားတောမြို့တွင် အခြေစိုက်သည့် ဗျူဟာကုန်းနှင့် အန္တရာယ်ကွေ့တို့တွင် စစ်ကောင်စီ၏ ဖရူဆိုမြို့အခြေစိုက် ခမရ ၄၂၈ နှင့် ရှမ်းပြည်နယ် ကျိုင်းခမ်းမြို့အခြေစိုက် ခမရ ၅၁၀ တို့ ပူးပေါင်းလှုပ်ရှားနေသည်ဟု ခူးညေးရယ်က ဆိုသည်။

“ရှားတောမြို့ဝန်းကျင် လှုပ်ရှားသွားလာမှုတွေ ရှိတယ်။ သူတို့ အဲ့ (ဗျူဟာကုန်း) မှာ အလှည့်ကျ တစ်ခါတလေ တခြားတပ်တွေ လာထိုင်တယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးစပြီးတဲ့နောက်ပိုင်း သူတို့ ပြန်လို့မရတော့ဘူးလေ” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ရှားတောမြို့နယ်ရှိ ကရင်နီ-ထိုင်းနယ်စပ် BP 10 နယ်ခြားမှတ်တိုင်အနီး စစ်တပ်၏ ကျားပါးစပ်ကြီးစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း၊ အဆိုပါ စခန်းသည် ယမန်နှစ်က KA ဝင်ရောက်စီးနင်းခဲ့ပြီး လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည့် စခန်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ တွင်ပင် မယ်စဲ့မြို့နယ်ရှိ ကရင်နီ-ထိုင်းနယ်စပ် BP 12 နယ်ခြားမှတ်တိုင်အနီးရှိ ဟွေခမောက်စခန်းသို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ကို KA က ပစ်ခတ်ခဲ့ပြီး ထိုရဟတ်ယာဉ် နောက်ပြန်လှည့်သွားကြောင်း KnIC က ထုတ်ပြန်သည်။

“သူ့စခန်းမကျအောင် သူ့ရိက္ခာမပြတ်အောင် ရိက္ခာတော့ ပို့နေဦးမှာပဲ။ ပို့နေရင်တော့ တိုက်ပွဲတော့ ဖြစ်နေဦးမှာပဲ” ဟု ခူးညေးရယ်က ဆိုသည်။

ယခုလအတွင်း ကရင်နီ-ထိုင်းနယ်စပ်နှင့် ရှားတောမြို့နယ်ရှိ ရှေ့တန်းစခန်းများသို့ ရိက္ခာပို့လျက်ရှိသည့် စစ်ကောင်စီတပ် မကြာခဏတိုက်ခိုက်ခံနေရပြီး အသေအပျောက်ရှိသလို အဖမ်းခံရသူများလည်း ရှိနေသည်။

လက်နက်အင်အား သာလွန်ကောင်းမွန်သည့် စစ်ကောင်စီဘက်ကလည်း တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အသုံးပြုလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button