
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် အထိနာသွားသော စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်သည့် ဒေသတွင် အင်အားဖြည့်တင်းကာ ကင်းထောက်လေယာဉ်များလည်း လာရောက် ထောက်လှမ်းနေသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ (KMIC) ၏ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က ပြောသည်။
မတ်လ ၂၀ မှ ၂၃ ရက်နေ့အထိ ဒေါတမကြီးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မတ် ၂၅ တွင် သတင်းထုတ်ပြန်သည်။ သိမ်းဆည်းရမိသည့် လက်နက်များ၏ မှတ်တမ်းဓာတ်ပုံများလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
တိုက်ပွဲအပြီး ရွာမြောက်ဘက် မိုင် ၂၀ ခန့်အကွာ တနီးလာလဲကျေးရွာတွင် စစ်အင်အားဖြည့်ကာ ကင်းထောက်နေသည်ဟု ခူးညေးရယ်က မတ်လ ၂၆ ရက်တွင် Myanmar Now ကို ပြောသည်။
“(အင်အား) ဘယ်လောက်လဲတော့ မသိဘူး၊ ရွာထဲမှာပဲ ရှိတုန်းဆိုတော့။ သူတို့က (တပ်ရင်း) ၃ ရင်း ၁ ဗျူဟာနဲ့ လှုပ်ရှားတော့ မြောက်ဘက် (တနီးလာလဲ) ကလည်း အနည်းဆုံး သုံးရင်းရှိမှာပဲ” ဟု ခူးညေးရယ်က ပြောသည်။
စစ်ကောင်စီတပ်သည် မတ်လ ၈ ရက်မှစ၍ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းသို့ ရှမ်းပြည်နယ် မိုင်းနောင်မြို့အခြေစိုက်အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ ခလရ (၁၂)၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တို့မှ စစ်သည်အင်အား ၃၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထို့နောက် မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် တိုက်ပွဲများဖြစ်ကာ သေဆုံးမှု များပြားခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီတပ်သားများ ထိုတိုက်ပွဲဖြစ်သည့် နေရာအနီးတွင် ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည်ဟုလည်း အမည်မဖော်လိုသည့် KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကောင်စီစစ်ကြောင်းတွေကတော့ အဲဒီတိုက်ပွဲဖြစ်တဲ့ နေရာအနီးဝန်းကျင်မှာပဲ ရှိနေတုန်းပါခင်ဗျ။ သူတို့ကတော့ ဒီးမော့ဆိုအရှေ့ခြမ်းကို အပြီးချေမှုန်းမယ့် ရည်မှန်းချက်ရှိပုံရပါတယ်” ဟု သူက ပြောသည်။
ယနေ့ မတ်လ ၂၈ ရက်တွင်မူ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဟု မွန်းလွဲပိုင်း စုံစမ်းမေးမြန်းချက်အရ သိရသည်။
ခူးညေးရယ်၏ အဆိုအရ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ ထီးသဲကလိုး၊ ဒေါလော်ခူ၊ ဒေါတဖျရွာသစ်၊ ဒေါကော့၊ ဒေါတမကြီး၊ ဒေါညေးခူ စသည့် ကျေးရွာများမှ လူဦးရေ ၇၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
လူထုတွေ စစ်ဘေးရှောင်ရတာ တော်တော်လေး ဒုက္ခရောက်နေပြီပေါ့။ အခုဆိုရင် ရေရှားပါးတဲ့ရာသီဖြစ်တယ်။ ဆေးဝါးတွေလိုမယ်၊ ရိက္ခာလိုမယ်၊ နေရာထိုင်ခင်းအတွက် အမိုးအကာတော့ အမြဲတမ်းလိုပါတယ်။ တစ်နေရာနဲ့ တစ်နေရာ ဆက်ဆက်ရွှေ့နေရတော့ အခက်အခဲတော့ တော်တော်ဖြစ်တာပေါ့” ဟု ခူးညေးရယ်က ပြောသည်။
ဒီးမော့ဆိုအရှေ့ခြမ်းအပြင် ရှားတော၊ ဘောလခဲနှင့် မယ်စဲ့မြို့နယ်တို့ရှိ ထိုင်းနယ်စပ်အနီးတွင်လည်း စစ်ကောင်စီရှေ့တန်းစခန်းများသို့ ရိက္ခာပို့သည့် စစ်ကြောင်းများ လှုပ်ရှားလျက်ရှိသည်။ ကယားပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင်လည်း ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေသည်။
ဒေါတမကြီးတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားသည်။ အာဏာသိမ်းတပ်ခေါင်းဆောင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို့ကို ကူညီပံ့ပိုးပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူမည်ဟု မတ်လ ၂၇ ရက်တွင် ပြောသည်။
အာဏာသိမ်းတပ်က လက်တုံ့ပြန်ဖွယ်ရှိသည်ဟု ခူးညေးရယ်က ပြောသည်။
“သူတို့ကလည်း အဲဒီဘက်ကို မဲပြီးထိုးလာတယ်ဆိုတာက စစ်ဘေးရှောင်တွေ များတယ်၊ စစ်ဘေးရှောင်ရှိတဲ့နေရာမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ ရှိနိုင်တယ်ဆိုတဲ့ အနေအထားမှာ အဲဒီခွင်ကို သဲကြီးမဲကြီး ထိုးလာတော့ ကျွန်တော်တို့ဘက်ကလည်း ခုခံရမှာပဲပေါ့” ဟု ခူးညေးရယ်က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်တို့တွင် စစ်ဘေးရှောင် ၂၅၀,၀၀၀ အထိ ရှိလာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) ထံမှ သိရသည်။
ဒီးမော့ဆိုအရှေ့ခြမ်းတွင်သာမက ရှားတော၊ ဘောလခဲနှင့် မယ်စဲ့မြို့နယ်တို့ရှိ ထိုင်းနယ်စပ်နှင့် နီးစပ်သည့် နေရာများတွင်လည်း စစ်ကောင်စီရှေ့တန်းစခန်းများသို့ ရိက္ခာပို့သည့် စစ်ကြောင်းများ လှုပ်ရှားလျက်ရှိသည်။
တိုက်ပွဲများမှာ ကယားပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင်လည်း ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)