
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စစ်တပ်၏ လက်နက်ကြီးစခန်းကုန်းကို သွားရောက်တိုက်ခိုက်ရာ နှစ်ဖက် အကျအဆုံးများသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) က မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုင်းနယ်စပ် နယ်ခြားမှတ်တိုင် BP 12 အနီးရှိ ထိုစခန်းကို ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ဖေဖော်ဝါရီ ၂၇ တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နံနက် ၆ နာရီခွဲမှ ၈ နာရီခန့်အထိ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် ၁၀ ဦးခန့် သေဆုံးပြီး ပူးပေါင်းတပ်ဘက်တွင်လည်း ၁၀ ဦး သေဆုံးကြောင်း KMIC သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ခူးညေးရယ်က ပြောသည်။
တောင်ကုန်းပွိုင့်အမှတ် ၁၄၄၁ တွင် အခြေစိုက်ထားသည့် ပထမစခန်းကို တိုက်ခိုက်အပြီး ကိုက် ၄၀၀ ခန့် အကွာရှိ နောက်ထပ်စခန်းတစ်ခုကို တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် စစ်လေယာဉ်များ ဗုံးလာကြဲခဲ့ကြောင်း ၎င်းက ပြောသည်။
လေယာဉ်အရေအတွက်မှာ ပထမအကြိမ်တွင် ၄ စီး၊ ဒုတိယအကြိမ်တွင် ၁ စီး ပါဝင်သည်၊ စခန်းအပြင်ဘက် ဆွဲထုတ်ပြီးသည့် လက်နက်ကြီး ၂ ခုအနက် ၁ ခုကိုသာ ဆွဲယူလာနိုင်သည်ဟု ဆိုသည်။
“သိမ်းတဲ့စခန်းကတော့ လက်နက်ကြီးတွေ ထားတဲ့နေရာပေါ့။ ဖြစ်စဉ်ဖြစ်ပြီးတဲ့အချိန် လေယာဉ်က ဝင်လာတော့ လက်နက်ကြီးတောင်မှ ၁၂၀ မမ တစ်လက်ပဲ ဆွဲနိုင်တယ်။ အပြင်မှာ ရောက်နေတဲ့တစ်လက် ချန်ထားလိုက်ရတာပေါ့။ ဒဏ်ရာလည်း ရပြီ၊ တချို့လည်း ကျပြီဆိုတော့ ပြန်ဆုတ်လိုက်ရတာပေါ့” ဟု ခူးညေးရယ်က ပြောသည်။
“လေယာဉ်က ချက်ချင်းလာတာ။ လေယာဉ်ကလည်း နေပြည်တော်၊ တောင်ငူတို့ဘက်က လာရင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ ရှိတယ်ရော။ အောက်ကနေ ကြည့်ရင် တစ်စီးတည်းပဲ မြင်ရတယ်။ ပစ်မယ့်နေရာကို ရောက်မှ ခွဲသွားတာ”
ပူးပေါင်းတပ်များက ၁၂၀ မမ တစ်လက်၊ ၉ မမ တစ်လက်၊ အာပီဂျီ-၇ တစ်လက်၊ ငါးကြင်းမြီး သေနတ်တစ်လက်၊ အမ်အေ-၂ သုံးလက်၊ အမ်အေ-၄ တစ်လက်၊ အမျိုးအစားမသိရသေးသည့် သေနတ်နှစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
လက်နက်ကြီးကုန်းတွင် စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော် ရှိပြီး နောက်ထပ်စခန်းတစ်ခုတွင် အင်အား ၆၀ ခန့် ရှိနိုင်ကြောင်း၊ အဆိုပါ စခန်းကုန်းများတွင် ဖားဆောင်းအခြေစိုက် ခလရ ၁၃၅၊ လွိုင်ကော်အခြေစိုက် ခလရ ၅၄ နှင့် အမတ ၃၆၀ တို့၏ တပ်များ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲဖြစ်သည့် တောင်ကုန်းသည် ကရင်နီ-ထိုင်းနယ်စပ် BP 12 နယ်ခြားမှတ်တိုင်နှင့် ၂ မိုင်ခန့်သာ ကွာဝေးကြောင်း၊ လက်ရှိတွင် စခန်းကို စစ်ကောင်စီက နေရာပြန်ယူထားကြောင်း ခူးညေးရယ်က ဆိုသည်။
ဒေသခံ နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းများက ကယားဒေသကို ကရင်နီပြည်နယ်ဟု ခေါ်ဆိုကြသည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မှ သံလွင်မြစ်အတိုင်း စုန်ဆင်းလာပြီး ရှားတောမြို့နယ်ရှိ ရှေ့တန်းစခန်းများထံ ရိက္ခာပို့ရန် ခရီးဆက်နေသကဲ့သို့ ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်းနယ်စပ်မှ ကရင်နီပြည်နယ်ထဲ ရိက္ခာပို့ရန် ကြိုးစားနေသည်။
အဆိုပါ ရိက္ခာပို့သည့် နှစ်ဖွဲ့စလုံးကို KA, KNDF ပူးပေါင်းတပ်များက ယခုလအတွင်း ကြားဖြတ် တိုက်ခိုက်ထားသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်တွင်လည်း KA, KNDF, PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်နေသည်မှာ တစ်ပတ်ခန့် ရှိလာချိန်တွင် စစ်တပ်ဘက်က အကျအဆုံးများနေသည်။
စစ်တပ်ဘက်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း ကရင်နီ-ထိုင်းနယ်စပ်အနီး တိုက်ပွဲ ၇ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄၀ ခန့် သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရကြောင်း KMIC က ဆိုသည်။
စစ်ကောင်စီကမူ အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ သတင်းအမှောင်ချထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)