သတင်း

၃ လကြာ ချီတက်နေသည့် စစ်ကောင်စီယာဉ်တန်းရှည် ဘောလခဲသို့ ရောက်လာ

ကရင်နီဒေသ ခရီးတိုတစ်ခုကို လနှင့်ချီ သွားနေရသည့် စစ်တပ်ယာဉ်တန်းရှည်တွင် လမ်းကြောင်းအတွက် လက်နက်ကိုင် ရာနှင့်ချီ သုံးထားပြီး တော်လှန်ရေးအဖွဲ့များကို ရင်ဆိုင်လျက်ရှိသည်။

ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့မြို့သို့ ဦးတည်သည်ဟု ယူဆရသည့် စစ်ကောင်စီ၏ ယာဉ်တန်းသည် ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည့်ကြားမှ အောက်တိုဘာလ တတိယသီတင်းပတ်တွင် ဘော်လခဲမြို့သို့ ရောက်ရှိလာကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။

ကရင်နီပူးပေါင်းတပ်များ ၄ လ ကြာ ထိန်းချုပ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်မြို့ မယ်စဲ့ကို ပြန်လည်ရရှိရန် ကြိုးပမ်းနေသည့် စစ်တပ်က ယာဉ်အစီး ၄၀ ခန့်ပါ ယာဉ်တန်းကို ဩဂုတ်လမှစတင်ပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းအတိုင်း စေလွှတ်လိုက်ခြင်း ဖြစ်သည်။

နေပြည်တော် သို့မဟုတ် ရှမ်းပြည်နယ်ဘက်မှ လာသော ထိုယာဉ်တန်းသည် ကယားပြည်နယ်မြို့တော် လွိုင်ကော်ကို ဖြတ်သန်းခဲ့ပြီးနောက်ပိုင်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ရင်ဆိုင်နေရခြင်းကြောင့် တစ်ရက်အတွင်း ရောက်မည့် ခရီးကို လနှင့်ချီ ကြာသွားခဲ့ရသည်။

စစ်ကောင်စီယာဉ်တန်း၏ လှုပ်ရှားမှု။

လက်နက်ကြီးအပါအဝင် ခဲယမ်းများ၊ ရိက္ခာများ တင်ဆောင်လာသည်ဟု ယူဆနေကြသည့် အဆိုပါ ယာဉ်တန်းသည် ဩဂုတ်လတွင်ပင် ဖရူဆိုမြို့သို့ ရောက်ရှိခဲ့သည်။

စက်တင်ဘာလလယ်တွင် ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာအနီး အခြေစိုက်သည့် အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ ဆက်လက် ထွက်ခွာလာသည်။

အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်နေ့တွင် ဖရူဆိုမြို့နယ် ထားလဲကျေးရွာမှ ဖြတ်သန်းလာသည့် ထိုယာဉ်တန်း ဘောလခဲမြို့သို့ ရောက်ရှိသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

“ဘောလခဲကနေ ဖားဆောင်း၊ ဖားဆောင်းကနေ မယ်စဲ့ဘက်ကို သွားမယ်လို့ ယူဆရပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ဖရူဆိုမှ ဘောလခဲအထိ တရွေ့ရွေ့ သွားနေသည့် ထိုယာဉ်တန်း လုံခြုံရေးအတွက် လမ်းဘေးဝဲယာ ကျေးရွာများအတွင်း စစ်ကောင်စီတပ်က အင်အား ၇၀၀ မှ ၁၀၀၀ ခန့်အထိ သုံးထားကြောင်း၊ လက်ရှိတိုက်ပွဲတွင် တပ်မ ၅၅ က တာဝန်ယူထားကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲတွေကတော့ အဲဒီလမ်းကြောင်းတစ်လျှောက်မှာတော့ ကြိုးကြားကြိုးကြားဖြစ်နေပါတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ လမ်းပိုင်းကို လုံခြုံရေးယူပေးနေတဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ (တိုက်ပွဲ) ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

တစ်လကျော်ကြာ တားဆီးပိတ်ဆို့ခံရပြီးနောက် စစ်ယာဉ်တန်း ထွက်ခွာလာနိုင်ခြင်းဖြစ်သည်။

ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ယာဉ်တန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယခင်ကလည်း အတွေ့အကြုံ ရှိခဲ့သည်။

စစ်ရေးလေ့ကျင့်ခန်းတစ်ခုတွင် တွေ့ရသည့် စစ်ကောင်စီတပ်၏ မြေပြင်တပ်များ (ဓာတ်ပုံ- စစ်ကောင်စီ)

စစ်ကောင်စီက မယ်စဲ့မြို့ကို လက်လွှတ်ထားရသော်လည်း ထိုမြို့မရောက်မီ ၁၀ မိုင်ခန့်အလိုတွင်ရှိသည့် ပန်တိန်းကျေးရွာတွင် တပ်စွဲထားသည်။

ဇွန်လလယ်ပိုင်းက ထိုရွာရှိ အမှတ် ၁၀၀၅ နယ်ခြားစောင့်တပ်စခန်းမှ တပ်ဖွဲ့ဝင်များ စစ်ကောင်စီကို ပုန်ကန်ကာ စခန်းစွန့်ခွာခဲ့ကြသည်၊ ပုန်ကန်လာသူများမှာ ကရင်နီပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ပြန်လည် ပူးပေါင်းလိုက်ကြသည်။

စစ်ကောင်စီတပ်က ထိုစခန်းတွင် ပြန်လည်နေရာယူထားခြင်း ဖြစ်သည်။

သံလွင်မြစ် အရှေ့ဘက်ကမ်းတွင် ရှိသော မယ်စဲ့မြို့၏ အရှေ့နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် ဘောလခဲမြို့နယ်၊ အနောက်ဘက်တွင် ဖားဆောင်းမြို့နယ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၅) ၏ ထိန်းချုပ်နယ်မြေတို့ ရှိသည်။

ယခုလအတွင်း ထိုဒေသတိုက်ပွဲများ၏ ထိခိုက်သေဆုံးမှုအခြေအနေကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်လ (စက်တင်ဘာလ) အတွင်း  တိုက်ပွဲ ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇၈ ဦး၊ KNDF တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်သည့်နေရာများကို စစ်တပ်က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်သည့်အပြင် လေကြောင်းမှပါ မကြာခဏ တိုက်ခိုက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသာမက အရပ်သားများလည်း ထိခိုက်သေဆုံးနေကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button