
မေလ ၇ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံအရှေ့ဘက်ဖျား ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်မှ ယာဉ်တန်းတစ်ခု ရွေ့လျားနေသည်။ ဘော်လခဲမြို့နယ်မှ ဖရူဆိုမြို့နယ်သို့ ချီတက်နေခြင်းဖြစ်သည်။ မိုင် ၄၀ ခန့်ကွာဝေးသော ခရီးလမ်းကြောင်းဖြစ်သည်။
အဆိုပါ စစ်ယာဉ်တန်းသည် ဖရူဆိုမြို့နယ်ရှိ အမှတ် (၁၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့ ဦးတည်သွားနေသည်ဟု ယူဆရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ စစ်ဘက်အသုံးအဆောင်နှင့် လက်နက်ခဲယမ်းအချို့ သယ်ဆောင်လာခြင်းဖြစ်သည်။
ထိုစစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရန် ကယားပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ကရင်နီတပ်မတော် (KA) နှင့် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့မှ ဒါဇင်နှင့်ချီသော အဖွဲ့ဝင်များက ဖရူဆိုမြို့နယ် လောကျေခူရွာအနီးတွင်း စောင့်ဆိုင်းနေခဲ့ကြသည်။
လမ်းတစ်ဖက်တစ်ချက် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်ရာ နေရာတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထိုနေရာကို ယာဉ်တန်းမဖြတ်မီ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ် ကင်းလှည့်စစ်ဆေးခဲ့သည့်ပြင် မြေပြင်ရှေ့ပြေးကင်းများလည်း ရှိနေသည်ဟု ထိုနေ့က ချုံခိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် KNDF ဗဟိုကော်မတီဝင်တဦးဖြစ်သူ ခူးရီးဒူက ဆိုသည်။
“သူတို့ကင်းရှိတယ်။ ကျွန်တော်တို့ ဖြတ်တိုက်တာက သူတို့ကင်းနဲ့ နီးနီးလေးပဲ။ လမ်းလျှောက်လို့ရှိရင် ၁၀ မိနစ်စာလောက် မရှိဘူးထင်တယ်။ သူတို့ တောက်လျှောက် ကင်းရှိတယ်။ ရွာထဲမှာ ကင်းရှိသလို လမ်းဘေးမှာလဲ ကင်းရှိတယ်။ တောင်ပေါ်မှာလည်း လမ်းကင်းရှိတယ်” ဟု ၎င်းက ပြောသည်။

ထရပ်ကား ၂၁ စီးပါး စစ်ကောင်စီယာဉ်တန်းမှ လေးစီးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရေးမိုင်းများ၊ မောင်းပြန်ရိုင်ဖယ်သေနတ်များ အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နှစ်နာရီကြာသော ထိုတိုက်ခိုက်မှုတွင် စစ်ကားလေးစီးတွင် ပါလာသော ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိတစ်ဦးနှင့် အခြားအရာရှိနှစ်ဦးအပါအဝင် စစ်ကောင်စီဘက်မှ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့သည်။
သေဆုံးသည့် အရာရှိများအနက် တစ်ဦးမှာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှ အသက် ၃၄ နှစ်အရွယ် ဗိုလ်ကြီးကျော်ဇင်ဝင်းဖြစ်ကြောင်း တိုက်ပွဲအပြီး သိမ်းဆည်းရမိသော စာရွက်စာတမ်းအထောက်အထားများအရ သိရှိရသည်။
စစ်ကောင်စီဘက်မှ တပ်သားတစ်ဦးကိုသာ အသက်ရှင်လျက် ဖမ်းဆီးရမိသည်။ တိုက်ခိုက်မှုဖြစ်စဉ်ကို ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းအရ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတံဆိပ်ပါ တီရှပ်အင်္ကျီဝတ်ဆင်ထားသော ထိုတပ်သားသည် ညာဘက်လက်တွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရသည်။
ထိုသို့ စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ပြီးနောက် မွန်းတည့် ၁၂ ခန့်တွင် စစ်ကူရောက်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအဖွဲ့များ ထပ်မံတိုက်ပွဲဖြစ်ပွားသည်။
“ကျွန်တော်တို့ဘက်က သူတို့နဲ့ မတိမ်းမယိမ်းပဲ။ ဒါကတော့ လူဦးရေအရပေါ့လေ။ လက်နက်ခဲယမ်းမီးကျောက်ကတော့ သူတို့လောက် မပြည့်စုံဘူး” ဟု ခူးရီးဒူ က ဆိုသည်။
“ကျွန်တော်တို့ မိုင်းဆွဲတော့ တစ်စီးလည်း အနည်းငယ်ထိခိုက်ပြီးတော့ မောင်းပြေးသွားတယ်။ ဆိုတော့ လေးစီး ကျန်နေခဲ့တယ်။ ရှေ့မှာသွားတဲ့ ယာဉ်တန်းတွေက နောက်မှာကျန်ခဲ့တဲ့ လေးစီးကို မကူမကယ်ပေးဘူး။ ဘာမှ မလုပ်ကူပေးဘူးပေါ့လေ။ အဲဒီအချိန်မှာ သူတို့ရဲ့ တပ်သားတွေရဲ့ စိတ်ဓာတ်ကလည်း ကျွန်တော်ထင်တယ် ပိုပြီးတော့မှ ကျဆင်းကုန်တယ်လို့ ကျွန်တော်တို့ အဲ့လိုမြင်တယ်” ဟု ၎င်းက ပြောသည်။
ထိုမွန်းလွဲပိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦး ထပ်မံသေဆုံးခဲ့သည်။ ထိုနေ့က တိုက်ပွဲများတွင် ကရင်နီတော်လှန်ရေးအင်အားစုများဘက်မှ တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။
အထိအခိုက်အကျအဆုံးများခဲ့သော ဖရူဆိုမြို့နယ်အတွင်း စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားဆဲဖြစ်သည်။
စစ်တပ်က ဗျူဟာအဆင့် အထိုင်ချထားသည့် ကယားပြည်နယ် ဘော်လခဲမြို့နယ်နှင့် ကပ်လျက်ရှိ ဖူရူဆိုမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလမှစ၍ စစ်ကောင်စီယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံနေရသည်။
ယခုလ ၆ ရက်ကလည်း ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ်ကြားတွင် KA/KNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်သည့်နည်းတူ ၄ ရက်နေ့ကလည်း စစ်တပ်ယာဉ်တန်းတစ်ခု ကြားဖြတ်တိုက်ခိုက်ခံရပြီး မော်တော်ယာဉ်နှစ်စီး မီးလောင်ပျက်စီးခဲ့သည်။
လက်ရှိတွင် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်း မရှိဘဲ ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်ဟု သိရသည်။
“ကျွန်တော်တို့က ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ ပြောလို့ရတာပေါ့။ တကယ်လို့ ဖရူဆိုနဲ့ ဒီးမော့ဆိုတို့ကို ထိန်းချုပ်နိုင်ပြီဆိုရင် သူတို့ရဲ့ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ကျွန်တော်တို့ ပိုပြီးတော့ ဖြတ်တောက်နိုင်မယ်ဆိုတာ ဒါက ကျွန်တော်တို့ စဉ်းစားချက်ပေါ့လေ။ လွိုင်ကော်ကတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ အနေအထားမှာ မရှိပါဘူး” ဟု KNDF ဗဟိုကော်မတီဝင်တဦးဖြစ်သူ ခူးရီးဒူက ပြောသည်။
KNDF အနေဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကို ပြည့်မီသော အနေအထားတွင် မဟုတ်သော်လည်း ထိုက်သင့်သော လက်နက်များ တပ်ဆင်ပေးထားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ချေမှုန်းရေးမှာဆိုရင်လည်း ကျွန်တော်တို့မှာက ပြည့်စုံမှု မရှိဘူး။ ကျည်မရှိဘူး။ ဒါလည်း အခက်အခဲရှိတယ်။ စနိုက်ပါဆိုလည်း ကျွန်တော်တို့ သိပ်မသုံးနိုင်ဘူး။ ရှိတာလေးကို အကောင်းဆုံးဖြစ်အောင် အသုံးပြုတဲ့အနေအထားမှာပဲ ရှိတယ်။ မိုင်းတစ်လုံးရှိရင်လည်း အဲဒီမိုင်းတစ်လုံးကို အကောင်းဆုံး ဘယ်လိုအသုံးချမလဲဆိုတဲ့ အနေအထားမှာပဲ ရှိတယ်” ဟု ခူးရီးဒူက ပြောသည်။
စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဘဲ ဆန္ဒပြခဲ့ကြသော်လည်း အရပ်သားပြည်သူများ ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် ကရင်နီပြည်နယ်ရှိ ဒေသခံများက ရရာလက်နက်ကိုင်စွဲကိုင်လျက် ခုခံတော်လှန်ခဲ့ရာ လာမည့် မေလ ၂၁ ရက်တွင် တစ်နှစ်ပြည့်မြောက်မည်ဖြစ်သည်။
ကရင်နီပြည်နယ်၌ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များတွင် အင်အားထောင်ချီရှိသည့် KNDF မှာ အင်အားအများဆုံးဖြစ်ပြီး ကရင်နီတပ်မတော် (KA) နှင့်အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်။
စစ်တပ်သည် စိတ်ဓာတ်ရေးရာ အကြီးအကျယ် ချွတ်ခြုံကျနေသည့်ပြင် ၎င်းတို့ကို မုန်းတီးရွံရှာသော ပြည်သူများ၏ တိကျသော သတင်းပေးပို့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အင်အားကြီးမားသော စစ်ကောင်စီကို ယခုကဲ့သို့ ခုခံတော်လှန်နိုင်ခြင်းဖြစ်ကြောင်း KNDF ဗဟိုကော်မတီဝင်တဦးဖြစ်သူ ခူးရီးဒူက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)