
ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံထားရသည့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ရွာတွင် စစ်တပ်က ယနေ့ (ဒီဇင်ဘာ ၂၂) နံနက်ပိုင်းက နောက်တစ်ကြိမ်မီးရှို့နေသည်ဟု ဒေသခံသုံးဦးက ပြောသည်။
ရေဦးမြို့မှ ၁၇ မိုင်ခန့်အကွာရှိ ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ငါးစီးဖြင့် လာရောက်ပစ်ခတ်သည့် ဒီဇင်ဘာ ၂၀ ရက်ကတည်းက ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးနေရသည်ဖြစ်ရာ မီးရှို့ခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးဟု အထက်ပါဒေသခံများက ဆိုသည်။
နံနက် ၁၀ နာရီဝန်းကျင်မှစ၍ ရေမြက်ကျေးရွာအတွင်း မီးလောင်ကျွမ်းနေသည်ကို တွေ့မြင်နေရပြီး Myanmar Now က ဆက်သွယ်မေးမြန်းသည့် မွန်းလွဲ ၂ နာရီခွဲခန့်အချိန်အထိ မီးခိုးလုံးများကို အဝေးမှ တွေ့မြင်နေရကြောင်း တိမ်းရှောင်နေရသည့် ထိုရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီနေ့မနက်လည်း ထပ်ရှို့နေတယ်။ မီးခိုးတွေလည်းများတယ်။ မီးတောက်တွေလည်းများတယ်” ဟု ထိုအမျိုးသားက ပြောသည်။
အိမ်ခြေ ၄၀၀ နီးပါးရှိ ရေမြက်ကျေးရွာတွင် စစ်တပ် စတင်တပ်စွဲသည့် ဒီဇင်ဘာ ၂၀ ရက်က တစ်ကြိမ် နေအိမ်အချို့ မီးရှို့ခံရပြီး လုံခြုံရေးအခြေအနေအရ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေး၍ အသေးစိတ်မသိရသေးဟု ၎င်းက ဆက်ပြောသည်။
ထိုအခြေအနေတွင် အနီးအနားရှိ ဂွက်ရွာ၊ နေပူကုန်း၊ ဥယျာဉ်၊ နတ်ကြီးကုန်း၊ ဆင်သေကုန်း အပါအဝင် ကျေးရွာစုစုပေါင်း ၁၀ ရွာနီးပါးမှ ဒေသခံ ငါးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။
“လေယာဉ်နဲ့ပစ်ပြီးတော့ အောက်က (မြေပြင်က) လည်းပစ်တော့ ဂွက်ရွာလည်း တစ်ရွာလုံး ထွက်ပြေးကြတာ။ မနေ့ကတော့ မပစ်ဘူးဆိုပြီး(ဂွက်ရွာ) ခဏပြန်တာ ညမှောင်တော့ (ရေမြက်ရွာကနေ စစ်တပ်က) လှမ်းပစ်တော့ တစ်ရွာလုံးထွက်ပြေးရတာ” ဟု ရေမျက်ရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိ ဂွတ်ရွာမှ ရွာသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၀ ရက် မွန်းတည့်ချိန်ခန့်တွင် ရဟတ်ယာဉ် ၅ စီးဖြင့် ပတ်ခတ်ပြီးနောက် ရေမြက်ကျေးရွာ ရွာတောင်ဘက်၊ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် စစ်သားများချထားကာ ထိုဒေသတွင်း၌ မြေပြင်စစ်ဆင်ရေးလုပ်နေသည်ဟု သတင်းရင်းမြစ်များက အတည်ပြုသည်။
“လေးဖက်လေးတန် အကုန်ပိတ်ပစ်လိုက်တယ်။ ပိတ်ပစ်ပြီးတော့မှ စပစ်တာ၊ သူတို့ဦးတည်ပြီးပစ်သွားတာက ရွာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဦးတည်ပြီး ပစ်သွားတာ။ အပျက်အစီးကတော့ အများကြီးပဲ” ဟု အထက်ပါ ရေမြက်ရွာဒေသခံက ပြောသည်။
ထိုသို့ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ချိန်မှာ ကောက်ရိတ်သိမ်းစဉ်ဖြစ်၍ လုပ်ငန်းခွင်ဝင်နေသူများ နှစ်နာရီနီးပါး ပစ်ကွင်းဖြစ်နေသည့် လယ်ကွင်းများ၌ပင် ပုန်းအောင်းခဲ့ရကြောင်း ရေမြက်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စပစ်တော့ မီးမြင်လိုက်တော့၊ ဝပ်နေမယ်၊ ဝပ်နေမယ်ဆိုပြီး စပါးခင်းတွေကြားထဲမှာ ဝပ်နေရတာ။ အဲဒီအချိန်မှာ လုံးဝမနားတမ်းပစ်တာ။ လက်နက်ကြီးတွေနဲ့ရော တအုန်းအုန်းနဲ့။ စက်သေနတ်တွေနဲ့ရော ရမ်းပစ်တဲ့အချိန်မှာ စပါးပင်ကြားမှာပဲ နေရတာ” ဟု ၎င်းက ပြောသည်။
ရဟတ်ယာဉ်ဖြင့် ပစ်ချိန်တွင် ရေမြက်ရွာအလယ်ပိုင်းတွင် ပိတ်မိနေသူများ၊ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုနှင့် နာမကျန်းသူ ၄၀ နီးပါးကို ယနေ့ (ဒီဇင်ဘာ ၂၂) နံနက်တွင် ရွာ၌ တပ်စွဲထားသည့် စစ်တပ်က ထွက်ခွာသွားရန် အမိန့်ပေးခဲ့၍ အချို့မှာ ရွာပြင်ပသို့ တိမ်းရှောင်လာကြသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီကမူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) အင်အား ၁၀၀ ခန့် ရေမြက်ရွာတွင် အစည်းအဝေးလုပ်သည်ဟု သတင်းရ၍ ဒီဇင်ဘာ ၂၀ ရက်တွင် စီးနင်းခဲ့ကြောင်း နောက်တစ်ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထိုစီးနင်းမှုတွင် လေးဦးကို အသေဖမ်းမိသည်ဆိုသော်လည်း ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည်ကို စစ်ကောင်စီက ထည့်သွင်းဖော်ပြခြင်း မရှိပေ။
အထက်ပါ သတင်းရင်းမြစ်များကမူ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့် အရပ်သားအရေအတွက်မှာ ထို့ထက်များနိုင်သော်လည်း ကျေးရွာအတွင်း စစ်တပ်စခန်းချထား၍ သီးခြားအတည်ပြုရန် ခက်နေသည်ဟု ပြောကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင်သာမက ဒေသအသီးသီးတွင် ဒေသခံ PDF အဖွဲ့များ၏ ရရာလက်နက်ဖြင့် ခုခံတော်လှန်မှုများ အရှိန်မြင့်သထက်မြင့်တက်လာချိန်တွင် စစ်ကောင်စီက ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်းအထန် ဖိနှိပ်ဖြိုခွင်းနေသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကိုလည်း ဒီဇင်ဘာ ၁၇ ရက်တွင် စစ်တပ်က ရဟတ်ယာဉ်သုံးစီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခံရစဉ်အတွင်း ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ခန့်မှန်းထားပြီး၊ ဒီဇင်ဘာ ၁၉ ရက်တွင် ရွာသားအလောင်း ၉ လောင်းကို ရှာဖွေတွေ့ရှိထားသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်း ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်များ၊ မြေပြင်စစ်ကြောင်းများဖြင့် အကြမ်းပတမ်း တိုက်ခိုက်နှိမ်နင်းနေသည့်အတွက် ထောင်ပေါင်းများစွာသော ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်။
ထိုစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများအပြင် အချို့နေရာများတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများကိုပါ ကျူးလွန်နေသည်။
အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်းတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော ဖမ်းဆီးသတ်ဖြတ်မှုများ၊ တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် အင်အားအလွန်အကျွံအသုံးပြုခြင်းနှင့် ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခြင်းများကဲ့သို့သော အချက်များကို ထည့်သွင်းဖော်ပြလေ့မရှိပေ။
သို့သော် စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ဇူလိုင်အတွင်းက ဖြစ်ခဲ့သော လူပေါင်း ၄၀ ခန့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာတွင် ထိုအချက်အပေါ် ငြင်းဆိုခြင်း မရှိကြောင်း BBC World Service ၏ ဒီဇင်ဘာ ၂၀ ရက်နေ့ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)