
လူမှုကွန်ရက်တွင် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေအောင်ရေးသားဝေဖန်သည်ဟုဆိုကာ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းတွင် ပါဝင်ခဲ့ပြီး အလင်္ကာကြယ်ဟုလူသိများသည့် သက်တော် ၃၇ နှစ်အရွယ် ရဟန်းတော် တစ်ပါးဖြစ်သူ #ဦးသောဘိတ ကို တပ်မတော်အရာရှိ တစ်ဦးက အများဆုံး ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည့် #ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမရပူရ ရဲစခန်းတွင် စက်တင်ဘာ ၂၃ ရက်နေ့က အမှုဖွင့်ခဲ့ သည်။
ရဲက ဦးသောဘိတကို ခေါ်ယူစစ်ဆေးပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ယခုအခါ အမရပူရမြို့နယ် မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ၎င်းကို ကျောင်းတိုက်က နှင်ထုတ်ခဲ့သဖြင့် အမရပူရမြို့နယ် တောင်သမန် ဘဝအလင်း ဆေးခန်းတွင် သီတင်းသုံးနေသည်။ ထိုသို့ အမှုဖွင့်ခံထားရသည့် အပေါ် ဦးသောဘိတကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်။
MN – တပ်မတော်က ဦးပဉ္စင်းကို ဘာကြောင့်အမှုဖွင့်ခဲ့တယ်လို့ ထင်ပါသလဲ။
ဖြေ – အဲဒီပြဿနာကိုပဲ ဦးပဉ္စင်းတို့စဉ်းစားနေတယ်။ အဘက်ဘက်က တိုင်းပြည်အခက်အခဲတွေ ကြုံနေတဲ့အချိန်မှာ၊ အထူးသဖြင့်တပ်မတော်အပေါ်မှာ ပြည်တွင်းပြည်ပ ဖိအားတွေအလွန်များပြားနေတဲ့အချိန်မှာ အမှုမြောက်ဖို့အငြင်းပွားဖွယ်ရာဖြစ်တဲ့စကားလုံးတွေပေါ်မှာအခြေခံပြီး တရားစွဲတာဟာ တခြား ရည်ရွယ်ချက်တွေ ပါသလားလို့ သံသယဖြစ်ဖွယ်ပေါ့။
MN – ဦးပဉ္စင်းဟာ တပ်မတော်၊ မဘသ၊ NLD၊ ကြံ့ခိုင်ရေး စတဲ့ အဖွဲ့အစည်းတွေကို တောက်လျှောက် ဝေဖန် ရေးသားလာခဲ့တယ်။ အဲဒီလိုရေးသားခြင်း ရည်ရွယ်ချက်က ဘာပါလဲ။
ဖြေ – ဦးပဉ္စင်းကအားလုံးကိုဝေဖန်ပါတယ်။ အထူးသဖြင့် NLD နဲ့ပတ်သက်ရင်တော့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အဓိကထားပြီးဝေဖန်တာပေါ့။ များသောအားဖြင့် (နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်) ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီးဦးဝင်းမြင့်တို့ကတော့ ဝေဖန်လောက်တဲ့ အကြောင်းတရား ဘာအကြောင်းမှ မတွေ့ဘူး။ အပြစ်လုပ်တဲ့သူကို ပိုဝေဖန်တာပေါ့။
MN – အခုအမှုဖွင့်ခံရပြီးနောက်မှာရော ဦးပဉ္စင်းအနေနဲ့ ဆက်လက်ရေးသားဝေဖန်သွားဖို့ရှိလား။
ဖြေ – ဦးပဉ္စင်း အကောင့် (Facebook account) ကို ဝင်ကြည့်ရင်သိပါလိမ့်မယ်။ ဦးပဉ္စင်း ပုံမှန်အတိုင်းပဲ ရေးနေတယ်။ ဝေဖန်နေတယ်။ ထူးခြားတာတစ်ခုရှိတယ်။ ဦးပဉ္စင်း အမှုဖွင့်ခံရပြီးနောက်ပိုင်းမှာ စစ်တပ်ပရိုဖိုင် (profile) တွေနဲ့ ခြိမ်းခြောက်တာတွေ၊ ဆဲဆိုတာတွေလျော့သွားတယ်။
MN – အရင်ကခြိမ်းခြောက်ခံရတာလား။ ဘယ်လိုမျိုးပါလဲ။
ဖြေ – စစ်တပ်ကဟုတ် မဟုတ်တော့မသိဘူးပေါ့နော်။ သူတို့က အကောင့်တုတွေနဲ့၊ စစ်တပ်ပရိုဖိုင်တွေနဲ့ လာခြိမ်းခြောက်တယ်။ ဘယ်လိုခြိမ်းခြောက်သလဲဆိုတော့ “သတ်ပစ်မယ်တို့၊ ဆရာတော်မကြာတော့ပါဘူး သတိထားနေတို့၊ ဦးကိုနီ နောက်မကြာခင်လိုက်ရမယ်”တို့ ခြိမ်းခြောက်တယ်။ တရားစွဲပြီးနောက်ပိုင်းမှာတော့ အတော်နည်းသွားတယ်။
MN – ခုလိုဝေဖန်ရေးသားတဲ့ပိုစ့်တွေ ဆက်တိုက်ရေးလာတဲ့အခါမှာရော NLD၊ ကြံ့ခိုင်ရေး၊ မဘသ၊ စစ်တပ် စတဲ့ အဖွဲ့အစည်းတွေက အရှင်ဘုရား မျှော်မှန်းသလောက် ပြုပြင်ပြောင်းလဲလာပါသလား။
ဖြေ – သူတို့အဖွဲ့အစည်းတွေပြောင်းလဲတာ မပြောင်းလဲတာထက် ရဟန်းရှင်လူ ကျောင်းသား ပြည်သူလူထုရဲ့ အသိဉာဏ်တွေကိုဖွင့်ပေးနိုင်တယ်လို့ ဦးပဉ္စင်း ခံယူတယ်။ NLD ကလူတွေကတော့ ဦးပဉ္စင်း ဝေဖန်လိုက်တဲ့အခါ အားချင်းပဲ နောက်နောင်မဖြစ်အောင်ကတိပေးတာမျိုး၊ တောင်းပန်တာမျိုးတွေရှိတယ်။
MN – NLD မှာရော ဝေဖန်လည်းမပြုပြင်တဲ့သူတွေရှိပါသလား။
ဖြေ – ခြွင်းချက်အားဖြင့် ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်ပေါ့။ ဝေဖန်လည်း မကြားတာလား ဘာလားတော့ မသိဘူး။
MN – ဦးပဉ္စင်း သီတင်းသုံးခဲ့တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးတဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ – ဦးပဉ္စင်းကိုလုပ်ချင်တာထက် သံဃာထုကို စော်ကားတယ်လို့မြင်ပါတယ်။ အမှန်တော့ ဦးပဉ္စင်းကို သူတို့က အလုံးအရင်းနဲ့ ဝင်လုပ်ဖို့ကြိုးစားတာ ဦးပဉ္စင်းကိုမမိဘဲ သူတို့ရဲ့မရှိတဲ့ ဂုဏ်သိက္ခာလေးတွေ ကျသွားတာပေါ့။
MN – မဟာဂန္ဓာရုံကျောင်းတိုက်က အပပြု (နှင်ထုတ်) လိုက်တဲ့အပေါ်မှာရော ဦးပဉ္စင်းဘာပြောချင်လဲ။
ဖြေ – အပပြုခြင်း၊ မပြုခြင်းကတော့ တစ်ချိန်ချိန်မှာ ထုတ်ခံရနိုင်တယ် မျှော်လင့်ပြီးသားလေ။ အခန့်မသင့်ရင် စစ်တပ်က ပစ်သတ်တာတောင် ခံရနိုင်တာ ကျောင်းတိုက်က ထုတ်တာလောက်က ဘာမှပြောစရာမရှိဘူး။ ကျောင်းတိုက်ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုတဲ့အပေါ်မှာတော့ အငြင်းပွားဖွယ်ရာပေါ့။
MN – နိုင်ငံတော်သံဃမဟာနာယကကို ကျော်လွန်ပြီး စစ်တပ်က တိုက်ရိုက်အမှုဖွင့်လိုက်တဲ့ အပေါ်မှာရော ဦးပဉ္စင်း ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ – သံဃာ့နာယကကိုက စစ်တပ်ကဖွဲ့စည်းပေးလိုက်တဲ့အဖွဲ့အစည်းပါ။ သူတို့ဖွဲ့ပေးထားတဲ့ သံဃာ့နာယကကို စစ်တပ်ဟာဘယ်တုန်းကမှမလေးစားခဲ့ဘူး။ သူတို့စိတ်ထဲ သူတို့ခိုင်းချင်ရာခိုင်းဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခု အဖြစ်ပဲ သဘောထားတယ်။ တကယ်လို့ သူတို့သာ (မဟနကို) အလေးထားခဲ့မယ်ဆို ရွှေဝါရောင် အရေးခင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြိုခွင်းမှုမျိုး၊ လက်ပံတောင်းတောင်လို အဖြစ်မျိုးဖြစ်လာစရာ မရှိဘူး။ စစ်တပ်ဟာ သူတို့ရဲ့အာဏာကို ထိခိုက်စေတာ တစ်ခုခုလုပ်လာပြီဆိုရင် သမိုင်းတစ်လျှောက် သံဃာ့နာယကကို ခေါက်ထားပြီး လုပ်လေ့လုပ်ထရှိတယ်။ ခုကိစ္စလည်းအဲဒီလိုပါပဲ။
MN – အမုန်းတရားဖြန့်ဝေတဲ့ ဘုန်းကြီးတွေကို ဘာမှအရေးမယူဘဲ ဦးပဉ္စင်းကိုအမှုဖွင့်တဲ့အပေါ်မှာရော ဘယ်လိုမြင်လဲဘုရား။
ဖြေ – အမုန်းတရားဖြန့်တဲ့ဘုန်းကြီးတွေ ဘယ်သူတွေလဲ မေးလိုက်ရင် သူတို့ဘုန်းကြီးတွေပဲလေ။ မတတ်သာလို့ ဖမ်းချင်ဖမ်းမယ် ကိုယ့်လူကိုယ်တော့မဖမ်းချင်ဘူးပေါ့။ တိုင်းသိပြည်သိ ကမ္ဘာသိ သာသနာတစ်ရပ်လုံးရဲ့ ပုံရိပ်ကိုချနေတဲ့ဘုန်းကြီးတွေကိုတောင် ဆွမ်းကပ် ဘာကပ်နဲ့ ကာဗာ (အကာအကွယ်)ပေး ပြီး လုပ်နေကြ တာပဲ။ သူတို့ကို (အရေးမယူ)ဘဲ ဦးပဉ္စင်းကိုမှ (အရေးယူ)တယ်ဆိုတော့ ဒီလောက်ရှင်းနေတာကို ဝေဝါးနေကြတဲ့ ဘုန်းကြီးတွေရှိ တယ်ဆိုရင် အဲဒီဘုန်းကြီးတွေအသိဉာဏ် က တော်တော်ကိုနိမ့်ပါးနေတယ်လို့ ဦးပဉ္စင်းက ပြောရလိမ့်မယ်။
MN – ဦးပဉ္စင်း အမှုဖွင့်ခံရပြီးတဲ့နောက်မှာရော လက်ရှိလုပ်နေတဲ့ ဘဝအလင်းပရဟိတ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါသလား။
ဖြေ – ဦးပဉ္စင်းမရှိလည်း လုပ်ဆောင်သွားမှာပါ။ ရှိနေစဉ်လည်း လုပ်နိုင်တာထက်ပိုလုပ်သွားပါမယ်။ စလုပ်ကတည်းက ယုံကြည်ချက်၊ ရပ်တည်ချက်အပြည့်နဲ့အလုပ်လုပ်ခဲ့တာ ဒီအပေါ်မှာသက်ရောက်မှု မရှိဘူးလို့ခံယူထားပါတယ်။
MN – ‘ဘဝအလင်းပရဟိတ’က ဘာလုပ်ဆောင်ချက်တွေ လုပ်နေပါသလဲ။
ဖြေ – ဦးပဉ္စင်းတို့ ဘဝအလင်း ပရဟိတအသင်းကို ၂၀၁ဝ မှာစထောင်ခဲ့တယ်။ စတည်ထောင်တုန်းကတော့ ပညာရေး ထောက်ပံ့မှုတွေ လုပ်ဖို့အတွက်ပါ။ ပညာရေးအတွက်လုပ်ရင်းလုပ်ရင်း၂၀၁၁ နောက်ပိုင်းမှာ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းတွေ တည်ထောင်နိုင်ခဲ့တယ်။ ဆေးခန်းသုံးခုရဲ့တစ်လကုန်ကျစရိတ်ဟာ ကျပ်သိန်း ၆၀ ဝန်းကျင်မှာ ရှိတယ်။
MN – ရဲစခန်းက ဘယ်နေ့ ထပ်ချိန်းထားပါသလဲ။
ဖြေ – သူတို့တစ်လကျော်ရင် အကြောင်းကြားမယ် ပြောထားပါတယ်။
ဆက်စပ်ဖတ်ရှုရန်
တပ်ဘက်က ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့် ရွှေဝါရောင်ဆရာတော် အာမခံ ရရှိ