ရွေးကောက်ပွဲ

PPP ပါတီမဲဆွယ်ရာတွင် ဆိုင်ကယ်သမားများ အခကြေးငွေရကြောင်းရေးတင်သူ အမှုဖွင့်ခံရ 

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ မဲဆွယ်စည်းရုံးရေးတွင် လိုက်ပါခဲ့သူ ဆိုင်ကယ်သမားများ အခကြေးငွေရကြောင်း Facebook လူမှုကွန်ရက်တွင် ရေးတင်ခဲ့သူကို PPP ပါတီ၏ သန်လျင်မြို့နယ်ကိုယ်စားလှယ်လောင်းက ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်ကြားထားသည်။

“ပီသုံးလုံး (PPP) ရဲ့ စည်းရုံးရေးခရီးစဉ်က အားရကျေနပ်စရာ ကောင်းလှပါတယ်ဗျာ။ ဆိုင်ကယ်တစ်စီးကို ၁၅,၀၀၀ တောင် ပေးပါတယ်။ လက်လုပ်လက်စား ကယ်ရီသမားလေးတွေ ခုလိုအခြေအနေမှာတော့ အဆင်ပြေကြတာပေါ့။ ကျေးဇူးတင်ပါတယ် PPP ရယ်” ဟု ရေးသားကာ PPP ပါတီ၏မဲဆွယ်စည်းရုံးရေးဓာတ်ပုံများနှင့်အတူ ဦးဝင်းဆန်းက ၎င်း၏ ‘လူမှန်ကြီး’ Facebook အကောင့်ဖြင့် စက်တင်ဘာ ၁၇ ရက်တွင် ရေးတင်ခဲ့ခြင်းဖြစ်သည်။ 

သန်လျင်၊ ခရမ်း၊ သုံးခွမြို့နယ်များ၌ PPP ပါတီက မဲဆွယ်စည်းရုံးရာတွင် လိုက်ပါသူ ဆိုင်ကယ်သမားများ ငွေကျပ် ၁၅,၀၀၀ ရကြောင်း Facebook ပေါ်ရေးတင်ခဲ့သူ ဦးဝင်းဆန်းကို PPP ပါတီကိုယ်စားလှယ်လောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် သန်လျင်မြို့မရဲစခန်းတွင် စက်တင်ဘာ ၁၉ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့က Facebook မှာ ဖြစ်နေတဲ့အရာကြီးကို လိုက်ပြီးလုပ်နေဖို့ အချိန်မရှိဘူး။ ဘာကြောင့် လိုက်ပြီး အရေးတယူပြုနေရလဲဆိုတော့ အကောင်တုနဲ့ တိုက်ခိုက်တာနဲ့ အကောင့်စစ်နဲ့နာမည်ဖျက်တာ မတူပြန်ဘူး။ ကိုလူမှန်ကြီး (ပို့စ်တင်သူ) က အကောင့်အစစ်၊ ရုပ်ပုံအမှန်နဲ့ တင်ထားတယ်။ သူ့ရဲ့ စွပ်စွဲချက်ကို မရှင်းဘူးဆိုရင် ကျွန်တော်တို့ အရမ်းသိက္ခာကျတယ်” ဟု သန်လျင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁  မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် PPP ပါတီကိုယ်စားလှယ်လောင်း ဦးထွန်းမင်းခိုင်က ပြောသည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါကျရောက်နေချိန် ကာလတွင် ခက်ခဲနေသည့် အငှားဆိုင်ကယ်မောင်းသူများ အဆင်ပြေသည့်အပေါ် ပျော်လွန်း၍ မေတ္တာဖြင့်‌ကျေးဇူးတင်ကြောင်း ရေးသားခြင်းဖြစ်သည်ဟု အမှုဖွင့်ခံရသူက ဦးဝင်းဆန်းက ပြောသည်။ 

“ဒီစကားလုံးတွေမှာ ကျွန်တော့်မေတ္တာတွေ ဘယ်လောက်ဖုံးလွှမ်းနေလဲဆိုတာ ကျွန်တော်အသိဆုံးပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူလည်းဖြစ်သည့် ဦးဝင်းဆန်းက ပြောသည်။

ဆိုင်ကယ်များတွင် PPP ပါတီအလံနှင့် စတေကာများတပ်ဆင်ကာ ပါတီတံဆိပ်ပါအင်္ကျီအပြာရောင်များ ဝတ်ဆင်လျက် သန်လျင်၊ သုံးခွ၊ ခရမ်းမြို့များသို့ မဲဆွယ်စည်းရုံးရေးလိုက်ပါခဲ့ပြီး ဆိုင်ကယ်ဆီဖိုးအဖြစ် ကျပ် တစ်သောင်းခွဲစီ ရရှိခဲ့ကြောင်း ဆိုင်ကယ်သမားလေးဦးက Myanmar Now ကို ပြောသည်။ 

နတ်စင် ၁၀၀ ကျောင်းတိုက်အနီးတွင် ဂိတ်ထိုးထားသည့် ဆိုင်ကယ်သမားများကို စက်တင်ဘာ ၁၈ ရက်က တွေ့မြင်ရစဉ်။  (ဓာတ်ပုံ – ဖြိုးထက်အောင်/ Myanmar Now) 

“ဒီရက်မှာတော့ ခက်ခဲတယ်။ စားဝတ်နေရေးခက်ခဲတော့ တစ်သောင်းခွဲပေးတော့ လိုက်တာပေါ့။ ဘာမှ မလုပ်ရတာ။ ဒီရက်မှာတော့ ခက်ခဲတယ်။ အခုပဲကြည့်လေ။ တစ်ယောက်မှ လာငှားတဲ့သူ မရှိဘူး” ဟု PPP ပါတီ၏ မဲဆွယ်စည်းရုံးရေးတွင် လိုက်ပါခဲ့သူ ဆိုင်ကယ်သမား ဦးလှမျိုးလွင်က ပြောသည်။ 

မဲဆွယ်စည်းရုံးလိုက်ပါခဲ့သဖြင့် ငွေကြေးရရှိသည်ဟု ဆိုင်ကယ်သမားများက ပြောဆိုသော်လည်း ပါတီအနေဖြင့် ငွေပေးခဲ့ခြင်းမရှိကြောင်း PPP ပါတီကိုယ်စားလှယ်လောင်း ဦးထွန်းမင်းခိုင်က ပြောသည်။ 

“တခြားကိုယ်စားလှယ်လောင်းတွေက မခံမရပ်နိုင်ဖြစ်တာပေါ့။ ကျွန်တော်တို့ ပါတီက အရမ်းသန့်ရှင်းတယ်။ ကျွန်တော်တို့မှာ ဘာထောက်ပံ့မှုမှ မရဘူး။ ကျွန်တော်တို့ အသိဆုံးဒါကို။ ဗဟိုက အင်္ကျီ ၁၀၀၊ ဦးထုပ် ၁၀၀၊ ဒါပဲ ထောက်ပံ့မှုယူတယ်” ဟု ၎င်းက ပြောသည်။

PPP ပါတီကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သောကြောင့် ဆိုင်ကယ်သမားများ အခကြေးငွေရကြောင်း Facebook တွင် ရေးတင်ခဲ့သူကို ပို့စ်ဖြုတ်ချပေးရန် တောင်းဆိုခဲ့သော်လည်း ဖြုတ်မပေးသည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်းလည်း ဦးထွန်းမင်းခိုင်က ပြောသည်။ 

PPP ပါတီကိုယ်စားလှယ်လောင်းများက ပို့စ်ကို နာရီပိုင်းအတွင်း ဖျက်ပေး၍ တောင်းပန်ရန်ပြောဆိုခြင်း၊ ရဲစခန်းတွင်အမှုဖွင့်ထား၍ အိမ်တွင်စောင့်နေရန် ဖုန်းဆက်ပြောခြင်းများသည် ခြိမ်းခြောက်သည်ဟု ယူဆသဖြင့် အပြန်အလှန်တရားစွဲဆိုမည်ဟု ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူ ဦးဝင်းဆန်းက ပြောသည်။

သန်လျင်၊ ခရမ်း၊ သုံးခွမြို့နယ်များ၌ PPP ပါတီက မဲဆွယ်စည်းရုံးရာတွင် ဆိုင်ကယ်သမားများ လိုက်ပါခဲ့ခြင်းမှာ နတ်စင်ဆရာတော်က စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရှိနားလည်ထားကြောင်း ဦးထွန်းမင်းခိုင်က ပြောသည်။ 

“ဆရာတော်ကြီးက ဘယ်လိုမိန့်လဲဆို ငါ့သားသမီးလေးတွေလည်း အယောက် ၃၀ လောက် မင်းတို့ကို လိုက်ပါဝန်းရံပေးလိမ့်မယ်လို့ ဒီလိုပဲ မိန့်ခဲ့တယ်။ တင်ပါ့ဘုရား၊ ကျွန်တော်တို့က ဒီလောက်ပဲ။ ကျေးဇူးတင်တာပေါ့။ ဆရာတော်ကြီးက အဲဒီလိုမိန့်တော့လည်း” ဟု ၎င်းက ပြောသည်။

နတ်စင် ၁၀၀ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇကို  Myanmar Nowက လျှောက်ထားမေးမြန်းရာတွင် ဆိုင်ကယ်သမားများ လိုက်ပါရန် ၎င်းအနေဖြင့် စီစဉ်ပေးခြင်းမဟုတ်ဘဲ ကျောင်း၏အငှားယာဉ်မောင်းသမား ကိုကျော်ကြီးဆိုသူ စီစဉ်ပေးခြင်းဖြစ်ကြောင်း မိန့်ကြားသည်။

သန်လျင်မြို့ရှိ နတ်စင်တစ်ရာဘုန်းကြီးကျောင်းတွင် PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် လှူဒါန်းမှုများပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ – ဦးထွန်းမင်းခိုင် Facebook) 

ပါတီအတွက် ၎င်းနှင့်သူငယ်ချင်းများက ငွေစိုက်ထုတ်ကာ ဆိုင်ကယ်သမားတစ်ဦးလျှင် ၁၅,၀၀၀ ကျပ်စီ ပေးကာ နိုင်ငံရေးပါတီတစ်ခုအတွက် ဆောင်ရွက်ပေးခဲ့ခြင်းသာဖြစ်သည်ဟု ဦးမျိုးမင်းကျော် (ခ) ကိုကျော်ကြီးက ပြောသည်။ 

“ပါတီရန်ပုံငွေ မဟုတ်ဘူး။ ပါတီနဲ့ ဘာမှမပတ်သက်ဘူး။ လာခဲ့ NLD လာမလား။ ကြံ့ခိုင်ရေးလာမလား။ ဒီပြင် ပါတီတွေရှိတယ်။ ကျွန်တော်လည်း နာမည်တွေ သိပ်အစုံအလင် မသိဘူး။ လာခဲ့။ ကယ်ရီသမားတွေ မေးလိုက်မယ်။ မင်းတို့ အားပေးချင်လား၊ အားပေးချင်ရင် ငါပေးမယ်။ ကျွန်တော်တို့ ပေးမယ်” ဟု ၎င်းက ပြောသည်။ 

သန်လျင်မြို့နယ်ရှိ နတ်စင် ၁၀၀ ဘုန်းကြီးကျောင်းတွင် PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဆွမ်းကပ်ခြင်း၊ ပရိတ်ပဋ္ဌာန်းနာကြားခြင်းနှင့် ဆုံးမဩဝါဒခံယူခြင်းများ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ နတ်စင်ဆရာတော်ကျောင်းတွင် နိုင်ငံတော်အလံ၊ သာသနာ့အလံများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ဒေါ်သက်သက်ခိုင်၏ PPP ပါတီအလံများလည်း လွှင့်ထူထားသည်ကို တွေ့ရှိရသည်။ 

Show More

Related Articles

Back to top button