ပခုက္ကူမြို့နယ်ရှိ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းတွင် မိဘများနှင့်အတူနေထိုင်သူ မသဉ္ဇာသန်းမင်းသည် ရွေးကောက်ပွဲကျင်းပရန် လပိုင်းအလိုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးရန် ဖိအားပေးခံရသည်ဟု လူမှုကွန်ရက် Facebook ပေါ် ရေးတင်ခဲ့သဖြင့် တပ်မတော်က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားသည်။
“ကျွန်မအဖေက စစ်သားဖြစ်နေလို့ USDP ကို မဲပေးရမယ်တဲ့။ ကျွန်မကတော့ NLD ကို မဲပေးတော့ ကျွန်မအဖေရာထူးကို ခြိမ်းခြောက်နေပါတယ်ရှင့်။ အခု စာလည်းတင်လို့ဆိုပြီး အရေးယူမလား မသိဘူးရှင့်” ဟု အမှတ် ၂၃၅ ခြေလျင်တပ်ရင်းမှ အရာခံဗိုလ်သန်းမင်း၏ သမီးဖြစ်သူ မသဉ္ဇာသန်းမင်းက စက်တင်ဘာ ၂၃ ရက်တွင် ၎င်း၏ Facebook အကောင့်တွင် ရေးတင်ခဲ့ခြင်းဖြစ်သည်။
ဆန္ဒမဲပေးခွင့်နှင့်ပတ်သက်ပြီး တပ်မတော်က ထိုသို့ညွှန်ကြားထားခြင်း မရှိသဖြင့် လူမှုကွန်ရက်တွင် ရေးသားခြင်းက တပ်မတော်ဂုဏ်သိက္ခာကျစေသည်ဆိုကာ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၈ (က)၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်ထားသည့်အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့်ပါ တရားရုံးကို ဦးတိုက် လျှောက်ထားသည်ဟု သိရသည်။
တပ်မတော်ကိုယ်စား တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားခဲ့သူများမှာ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူးကြီးအောင်ခိုင်ဝင်းနှင့် အမှတ် ၂၃၅ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးမျိုးမင်းလွင်တို့ဖြစ်ကြောင်း ရဲစခန်းသို့ ကနဦးအမှုတိုင်ကြားချက်တွင် ဖော်ပြထားသည်။
အဆိုပါတပ်မတော်အရာရှိများက ပခုက္ကူမြို့မရဲစခန်း၌ စက်တင်ဘာ ၂၈ နှင့် ၃၀ တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မသဉ္ဇာသန်းမင်းကို စက်တင်ဘာ ၃၀ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မြို့မရဲစခန်းမှ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။
ထိုအမှုကို ခြောက်ကြိမ်တိုင် စစ်ဆေးပြီးဖြစ်ကာ စွဲချက်တင်မတင် နိုဝင်ဘာ ၂၅ ရုံးချိန်းတွင် ပခုက္ကူမြို့နယ်တရားရုံးက အမိန့်ချမည်ဖြစ်ကြောင်း မသဉ္ဇာသန်းမင်း၏ ရှေ့နေ ဒေါ်ချိုချိုမာက ပြောသည်။
“တရားလိုပြတဲ့ သက်သေတွေ အကုန်လုံးကို စစ်ပြီးသွားပြီ။ ၂၅ ရက်နေ့ကျရင်တော့ စွဲချက်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားရုံးက ကြားနာဆုံးဖြတ်မှာ။ တရားရုံးက ဘယ်လိုလုပ်မယ်တော့ မသိသေးဘူး” ဟုလည်း ဒေါ်ချိုချိုမာက Myanmar Now ပြောသည်။
လက်ရှိတွင် ပခုက္ကူအကျဉ်းထောင်၌ အချုပ်ခံထားရသူ အသက် ၂၅ နှစ်အရွယ် မသဉ္ဇာသန်းမင်းသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး တရားခွင်အတွင်း မိဘဖြစ်သူများ လာရောက်သည်ဟုလည်း ၎င်းက ပြောသည်။
မသဉ္ဇာသန်းမင်းသည် တပ်မတော်အပေါ် အထင်အမြင်လွဲမှားအောင် ပြုလုပ်သည့်အတွက် ဥပဒေအရ အရေးယူရန်ရှိကြောင်း အောက်တိုဘာ ၂၄ တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
“ဒီဟာတွေသည် တပ်မတော်အပေါ် အထင်အမြင်လွဲမှားအောင် လုပ်တာဖြစ်တယ်။ ဖြစ်တဲ့ဖြစ်စဉ်သည် တပ်တွင်းမှာ ဖြစ်တာ။ ဒါကိုမှ Live လွင့်ပြီးမှ ပြောကြားတာဖြစ်တဲ့အတွက်ကြောင့် တည်ဆဲဥပဒေအရ အရေးယူဖို့ အဆင်သ့င်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် တပ်တွင်း၌ ဖိအားပေးခံရသည်ဆိုကာ လူမှုကွန်ရက် Facebook တွင် ရေးတင်ပြီးနောက် တပ်အရာရှိများက စစ်ဆေးရန်ခေါ်ယူခဲ့ရာ ထိုသို့ ခေါ်ယူခံရသည့်အပေါ် မသဉ္ဇာသန်းမင်းက Facebook တွင် ရုပ်သံဖြင့် ထပ်မံလွှင့်တင်ခဲ့သည်။
တပ်အရာရှိက ခေါ်စစ်သဖြင့် တပ်မဌာနချုပ်ရုံးသို့ မိခင်နှင့်အတူ သွားရာတွင် မသဉ္ဇာသန်းမင်း၏ လက်ကိုင်ဖုန်းကို တပ်အရာရှိက တောင်းယူသဖြင့် အချင်းများခဲ့သေးကြောင်းလည်း မသဉ္ဇာသန်းမင်းက စက်တင်ဘာ ၂၄ ရက် ရုပ်သံဖိုင်တွင် ပြောဆိုထားသည်။
“ဖုန်းမယူခိုင်းဘူးဆိုတာ လုံးဝ သဘောမတူဘူး။ နိုင်မယ်ဆိုတိုင်း ဖိမယ်မကြံနဲ့။ Recording (အသံဖမ်း) ဖမ်းမှာ ကြောက်လို့လား။ Live လွင့်မှာ ကြောက်လို့လား။ ကျွန်မဖုန်းကို ကျွန်မ ကိုင်ချင်တဲ့ နေရာကိုင်မယ်။ ဗိုလ်မှူးပိုက်ဆံပါလို့လား” ဟု အဆိုပါရုပ်သံတွင် ပြောဆိုထားသည်ကို တွေ့ရသည်။
ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) အရ ၂ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ပုဒ်မ ၆၈ (က) အရ ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) အရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အမှတ် ၂၃၅ ခြေလျင်တပ်ရင်းတည်ရှိရာ ပခုက္ကူမြို့နယ် ကုက္ကိုလှကျေးရွာအုပ်စု ဆယ်ရွာကျေးရွာ၌ ရွေးကောက်ပွဲတွင် တပ်မဲ ၂၄၉ မဲရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပါတီ (NLD) က လွှတ်တော် သုံးရပ်လုံးအတွက် တပ်မဲ ၃၀ သာ ရရှိခဲ့သည်ဟု NLD အောင်နိုင်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။
(မှတ်ချက် – မူလသတင်းဖော်ပြချက်တွင် ပုဒ်မ ၅၀၅ (ခ) ဟု ရေးသားခဲ့သော်လည်း သက်ဆိုင်ရာတရားသူကြီးကို ယနေ့ (နိုဝင်ဘာ ၂၄) ဆက်သွယ်မေးမြန်းအရ ပုဒ်မ ၅၀၅ (က) ဟု သိရသဖြင့် ပြန်လည်ပြင်ဆင်ထားသည်။)