ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်တွင် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နှင့် အမှုဖွင့်ထားကြောင်း သံတွဲမြို့ခံများနှင့် မိသားစုဝင်များထံမှ သိရသည်။
ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်သည် ဖေဖော်ဝါရီ ၁၃ တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
သံတွဲမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်က တရားစွဲဆိုထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရကြောင်း ကိုဟန်မျိုးသူရိန်၏ အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းက ပြောသည်။
ယမန်နှစ် ဖေဖော်ဝါရီလအတွင်း သံတွဲမြို့ပေါ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပွဲ ပြုလုပ်နေရာအနီး အဖမ်းခံရသော စျေးသည်တစ်ဦးလွတ်မြောက်ရေး ကြိုးပမ်းခဲ့မှုနှင့် ဆက်စပ်နေကြောင်း သူက ဆက်ပြောသည်။
“ဘိန်းမုန့်ရောင်းနေတဲ့ ဦးလေးကြီးတစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်။ သူက လိုက်ပြီးတော့ ကူညီပေးတာပေါ့နော်။ ရဲတပ်ဖွဲ့ဝင်တွေကို ပြောပြတာပဲရှိတယ်။ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာ ရှိတယ်။ အဲဒါကို သူတို့ဘက်ကနေပြီးတော့ လူအင်အားနဲ့ အတင်းအဓမ္မ တားဆီးပိတ်ပင်တယ်ဆိုပြီးတော့ စွဲဆိုထားတာ ဖြစ်ပါတယ်” ဟု အစ်မဖြစ်သူက ပြောသည်။
အမှုဖွင့်ခံရပြီးနောက် အာမခံဖြင့် လွှတ်ပေးထားကာ တစ်နှစ်ခန့်အကြာ ဂျိတ္တောရပ်ကွက်အတွင်းမှ ဒေသခံတစ်ဦး၏ ဆိုင်ကယ်ပျောက်ဆုံးမှု လိုက်ပါကူညီပေးရာမှ ရဲဝန်ထမ်းတစ်ဦးနှင့် အချင်းများကာ ယခင်အမှုဟောင်းဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
“အမှုနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့က ရှေ့နေတွေငှားပြီး လိုက်ပါဆောင်ရွက်သွားဖို့ရှိပါတယ်။ သူ့ကို အခု သံတွဲမြို့မရဲစခန်းမှာပဲ ထိန်းသိမ်းထားပါတယ်။ ကျွန်မတို့ဘက်က အကောင်းဆုံးရင်ဆိုင်သွားဖို့ပဲ ရှိပါတယ်” ဟု အစ်မဖြစ်သူက ဆိုသည်။
သံတွဲမြို့ခံ အခြားအမျိုးသမီးတစ်ဦးကလည်း ထိုလူငယ်သည် ရဲဝန်ထမ်းတစ်ဦးနှင့် အချင်းများ ရန်ဖြစ်ရာမှ အမှုဟောင်းပြန်ဖော်ခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း ပြောသည်။
“အရင်က အမှုကို တရားစွဲထားတာဘာညာမရှိဘူး။ သူ့ကို ဒီမှာ နေလို့ရအောင် လုပ်ထားတာ။ ဒါပေမဲ့ အခုက ရဲနဲ့ ပြဿနာသွားဖြစ်ပြီးတော့ သူကလည်း ရဲကို တရားစွဲမယ်၊ ရဲကလည်း သူ့ကို တရားစွဲမယ်ဆိုပြီး သံတွဲမြို့မရဲစခန်းကို ရောက်သွားတဲ့အချိန်မှာ သူ့အမှုဟောင်းနဲ့ ပြန်ပြီးတော့စွဲတာလို့ သိရတယ်” ဟု အဆိုပါသံတွဲမြို့ခံ အမျိုးသမီးက ဆိုသည်။
ကိုဟန်မျိုးသူရိန်မှာ ဒေသတွင်း လူမှုရေးလုပ်ငန်းများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး နိုင်ငံတကာလူမှုအဖွဲ့အစည်းတွင်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်သည့် သင်တန်းများပို့ချနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ကိုဇေယျာ
ဖမ်းဆီးခံထားရသူ နောက်တစ်ဦးမှာ သံတွဲမြို့အမှတ်(၁)ရပ်ကွက်၊ စံပယ်လမ်းမှ ၂၈ နှစ်အရွယ် ကိုဇေယျာ ဖြစ်သည်။
ကမန်အမျိုးသား ကိုဇေယျာမှာ သံတွဲမြို့တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ယမန်နှစ်ကတည်းက အမှုဖွင့်ခံရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကြောင်း အထက်ပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။
အတန်ကြာ တိမ်းရှောင်ပြီးနောက် ဖခင်ဖြစ်သူဆီ ပြန်လာနေထိုင်ခဲ့စဉ် ဖေဖော်ဝါရီ ၁၆ တွင် ရဲများက မေးမြန်းစရာရှိသည်ဟု ဆိုကာ ကိုဇေယျာကို ဖမ်းသွားကြောင်း၊ ကိုဗစ်ဖြစ်နေသဖြင့် သံတွဲဆေးရုံ၌ ထိန်းသိမ်းထားသည်ဟု သိရကြောင်း ထိုမြို့ခံအမျိုးသမီးက ပြောသည်။
ကူးစက်မှုမဖြစ်ပွားစေရန် နေအိမ်ကို အဝင်အထွက်ကန့်သတ်လိုက်ပြီး မိသားစုဝင်များကို အသွားအလာကန့်သတ်ထားသည်။
သားဖြစ်သူ အဖမ်းခံရသည့် အမှုနှင့်ပတ်သက်ပြီး မသိရသေးကြောင်း ကိုဇေယျာ၏ မိခင်ဖြစ်သူက ဆိုသည်။
“အန်တီတို့လည်း ဘာမှမသိရဘူး။ အန်တီတို့လည်း လော့ဒေါင်းချခံထားရတယ်။ အပြင်လည်း ထွက်လို့မရဘူးဆိုတော့ ဘာမှကို မသိရသေးဘူး” ဟု ပြောသည်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အရ အမှုထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)