သတင်း

မြောင်မြို့နယ်ကို ထိန်းချုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆက်လက်ကြိုးပမ်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အဝင်အထွက်လမ်းကြောင်း ၅ ခုနှင့် ချင်းတွင်းမြစ်ကြောင်းကို ဒီဇင်ဘာ ၃ ရက်မှစ၍ စစ်ကောင်စီ၏ လှုပ်ရှားမှုကို ပိုမိုစောင့်ကြည့် ထိန်းချုပ်နေသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

မြောင်မြို့အရှေ့ပိုင်းတွင် မင်းယက္ခနှင့် ဆင်ရိုင်း၊ တောင်ပိုင်းတွင် ဗိုလ်ကျားသစ်၊ အနောက်ခြမ်း ခြင်္သေ့မင်း၊ စစ်ကိုင်းဘက်မှ မြို့အဝင် နတ်မြင်းဟု ကုန်းလမ်းကြောင်းဂိတ်များ သတ်မှတ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်းအတွက် နှလုံးလှဂိတ်ထားရှိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဂိတ်ထားတယ်ဆိုတာ Scout (ကင်းထောက်) ထားတာပေါ့။ ထိန်းချုပ်တယ်ဆိုတာထက် ထောက်လှမ်းတာပေါ့။ သူတို့ဘယ်အချိန်မှာ ဘာတွေအဝင်အထွက်ရှိတယ်။ ဘာတွေလုပ်နိုင်လဲ။ သူတို့ဘာတွေလုပ်နေလဲဆိုတာကို အချက်အလက်ရဖို့ လုပ်တာပေါ့။ ဒါကိုတော့ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ပြီ” ဟု ထိုသူက ဆိုသည်။

ယမန်နေ့ (ဒီဇင်ဘာ ၃) နံနက် ၁၀ နာရီဝန်းကျင်ကပင် ချင်းတွင်းမြစ်အတွင်း မန္တလေးမှ မုံရွာသို့ ခုတ်မောင်းနေသည့် ရွှေဂျိုးဖြူဆီတင်သင်္ဘောနှင့် BOC သင်္ဘော တို့သည် စစ်တပ်ပိုင်မဟုတ်ကြောင်း သက်သေမပြနိုင်သဖြင့် ပြည်သူပိုင်သိမ်းရန် စီစဉ်နေသည်ဟု ထိုသူက ဆက်ပြောသည်။

“(သက်ဆိုင်ရာပိုင်ရှင်) ထောက်ခံပေးဖို့ အကြောင်းကြားတယ်။ ဆက်သွယ်ကြည့်တဲ့အခါမှာ ဘယ်သူမှ ဒီအတွက် (စစ်တပ်နဲ့ မပတ်သက်မှန်း) ထောက်ခံချက် မပေးဘူး”ဟု ၎င်းက ပြောသည်။

သင်္ဘောနှစ်စင်းကို ထိန်းသိမ်းသည့် ဖြစ်စဉ်၊ ကုန်းလမ်းကြောင်း မြို့အဝင်အထွက် ဂိတ် ၅ ခု၊ ရေလမ်းကြောင်းဂိတ်တို့နှင့် ပတ်သက်သည့် အသေးစိတ်ကိစ္စများကိုမူ CDSOM ဘက်က ထုတ်မပြောပေ။

ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းသွားလာနေစဉ် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒီဇင်ဘာ ၃ ရက်တွင် တားမြစ်သိမ်းဆည်းလိုက်သည့် သင်္ဘောတစ်စင်း။ (ဓာတ်ပုံ − CDSOM)

ဂိတ်များ သတ်မှတ်စစ်ဆေးသည့် ကိစ္စမှာ စစ်ကောင်စီနှင့် ပတ်သက်သည့် အရာမှန်သမျှကို ထိန်းချုပ်ရန်သာဖြစ်ပြီး ပြည်သူများကို ဆက်ကြေးကောက်ရန်၊ လာဘ်ပေးလာဘ်ယူပြုရန် မဟုတ်ကြောင်း၊ စစ်ဆေးမှုကို ငြင်းဆန်လျှင်မူ ပြင်းထန်စွာ အရေးယူရန်ရှိကြောင်း CDSOM တာဝန်ရှိသူက ပြောသည်။

မြောင်မြို့နယ်သည် စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး ချင်းတွင်းမြစ်နှင့်ဆုံရာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။

ထိုမြို့နယ်အတွင်း စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မများမရှိသော်လည်း မြို့နယ်ရဲစခန်းနှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ကျောက်ရစ်ကျေးရွာရဲစခန်းတွင် လွန်ခဲ့သည့် နှစ်လခန့်မှစ၍ စစ်အင်အား တိုးမြှင့်ချထားသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ စစ်သားအင်အား အတည်ပြု၍ မရသေးပေ။

မြောင်မြို့နယ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်နိုင်ပြီဟု ယနေ့ (ဒီဇင်ဘာ ၄) တွင် Facebook သုံးစွဲသူတချို့ ရေးသားနေကြခြင်းမှာ ပကတိအခြေအနေနှင့် မကိုက်ညီကြောင်း အမည်မဖော်လိုသည့် ဒေသကာကွယ်ရေးအဖွဲ့တစ်ခု၏ တာဝန်ရှိသူက ပြောသည်။

မြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များ၏ အရှိန်မြှင့်တိုက်ခိုက်၊ စစ်ဆေးမှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ အပြင်ထွက်သွားလာမှု နည်းပါးသွားပြီး ၎င်းတို့၏ သတင်းရရှိ ထိန်းချုပ်နိုင်စွမ်း တိုးလာသည့် အခြေအနေသာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဖောက်ခွဲရေးအား ကောင်းရုံပဲ ရှိသေးတာ။ ဒီနေ့ဆို စစ်သားတွေ ၁၂ ဘီးကားတစ်စီးနဲ့ မုံရွာဘက်ကနေ(မြောင်ရဲစခန်းကို) ဝင်လာတယ်ဗျ။ ဒီသတင်းနောက်ပိုင်း (စစ်ကောင်စီ) က လူအင်အားထပ်ဖြည့်ပုံရတယ်”ဟု ထိုသူက ဆိုသည်။

မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၄၈ ခုရှိသည့် မြောင်မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ထားပြီးဖြစ်သည့် အခြေအနေကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ လှုပ်ရှားမှုများ ပိုမိုအလေးသာလာသည့် သဘောဖြစ်ကြောင်း CDSOM ၏ အထက်ပါ တာဝန်ရှိသူကလည်း ပြောသည်။

“သူတို့ (စစ်ကောင်စီ) ယန္တရားလည်ပတ်မှုမရှိဘူး။ ဒါပေမဲ့လည်း သူတို့လက်ထဲမှာ (ဌာနဆိုင်ရာ) ရုံးဝန်ထမ်းတွေတော့ရှိတာပေါ့။ ဒါပေမဲ့ အရာအားလုံးကိုတော့ ထိန်းချုပ်နိုင်မှုမရှိဘူး” ဟု ၎င်းက ပြောသည်။

မြောင်မြို့နယ် ဒေသကာကွယ်ရေးအဖွဲ့များဘက်က ပြောသည့် ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရယူနိုင်ခြင်း မရှိသေးပါ။

ဒီဇင်ဘာ ၁ ရက်နေ့ကပင် မြောင်မြို့နယ်ရဲစခန်းမှ ကျောက်ရစ်ကျေးရွာရဲစခန်းဘက်သို့ ထွက်ခွာလာသည့် အရပ်သုံးယာဉ်တစ်စီးကို တားမြစ်စစ်ဆေး၍ သေတ္တာ ၆ လုံးဖြင့် ထည့်လာသည့် ရဲအသုံးအဆောင်ပစ္စည်းများ သိမ်းယူနိုင်သည်အထိ ဒေသကာကွယ်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများ အရှိန်မြင့်နေခြင်း ဖြစ်သည်။

မြောင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သိမ်းဆည်းရမိသည့် ရဲအသုံးအဆောင်ပစ္စည်းများ။ (ဓာတ်ပုံ − CDSOM)

မြောင်မြို့နယ်အတွင်းတွင် CDSOM၊ ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF)၊ အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့ (Myaung Women Warriors)၊ Burmese Guerrilla Force, နှလှံးလှလူမိုက်ကြီးများအပြင် အခြားအဖွဲ့အချို့ရှိကာ စစ်ကောင်စီကို လက်လုပ်သေနတ်၊ လက်လုပ်မိုင်းများကိုင်စွဲပြီး အားပြုလှုပ်ရှားနေသည်။

အဆိုပါ အဖွဲ့များသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသကာကွယ်ရေး အဖွဲ့ ၆၀ ကျော်ပါဝင်သည့် မဟာမိတ်အဖွဲ့ဝင်များဖြစ်သည်။

မြောင်မြို့နယ်အတွင်း ထင်ရှားသော တိုက်ခိုက်မှုများအနက် စက်တင်ဘာ ၈ ရက်တွင် စခန်းမှူးအပါအဝင် သုံးဦးကို ဖမ်းဆီးနိုင်ခဲ့သည့် ကျောက်ရစ်ရဲစခန်းဖြစ်စဉ်မှာ ထင်ရှားသည်။ ထိုဖြစ်စဉ်ပြီးနောက်တွင် ထိုစခန်းသို့ စစ်ကောင်စီက စစ်အင်အားပို့လွှတ်ခြင်းဖြစ်သည်။

ထို့အတူ စက်တင်ဘာ၊ အောက်တိုဘာလများအတွင်း နဘက်ကြီးကျေးရွာရဲစခန်းနှင့် မြောင်နှင့် ၉ မိုင် အကွာရှိ နဂါးပေါက်ကျေးရွာ ရဲကင်းစခန်းတို့ကို ထိုအဖွဲ့များ ပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့သည်။

အထက်ပါ ဖြစ်စဉ်များနှင့် နောက်ဆက်တွဲအခြေအနေတို့ကို မေးမြန်းရာ စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ဖြေဆိုရန် ဒေသကာကွယ်ရေးအဖွဲ့များက ငြင်းဆိုသည်။

တောတောင်များမရှိသော မြေပြန့်လွင်ပြင်ဒေသ မြောင်မြို့နယ်တွင် လူဦးရေတစ်သိန်းဝန်းကျင် နေထိုင်ကြသည်။ စပါး၊ ဂျုံ၊ ပဲမျိုးစုံ စိုက်ပျိုးပြီး ရက်ကန်း၊ အမွှေးတိုင်၊ ဂျုံဦးထုပ်၊ အိုးလုပ်ငန်းများ လိုပ်ကိုင်သည့် မြောင်မြို့နယ်၏ အိမ်နီးချင်းမြို့နယ်များမှာ ငါန်းဇွန်၊ ရေစကြို၊ မြင်းခြံနှင့် မြင်းမူတို့ ဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေရာ နိုင်ငံအနှံ့ ခုခံတော်လှန်သည့်အဖွဲ့များစွာ ပေါ်လာသည့်အနက် စစ်ကိုင်းတိုင်းမှာ အဖွဲ့အများအပြား လှုပ်ရှားသည့် ဒေသဖြစ်သည်။

အောက်တိုဘာလမှစ၍ စစ်ကိုင်းတိုင်းအတွင်း ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းသုံးကာ အနော်ရထာအမည်ဖြင့် စစ်ကောင်စီက စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးနေရသလို ပြည်သူတို့၏ အိုးအိမ်များ ဖျက်ဆီးခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button