
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ တပ်စခန်းနှစ်ခု စီးနင်းခံလိုက်ရသည့် စစ်ကောင်စီတပ်က အရပ်သား ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားပြီး လူငယ် ၆ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မြောင်မြို့ပေါ် ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းများအပါဝင် ဒေသကာကွယ်ရေးအဖွဲ့ ၂၄ ဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက် ညနေက စီးနင်းတိုက်ခိုက်ခဲ့သည်။
မြို့နယ်ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးကို ကာကွယ်ရေးအဖွဲ့ဝင်များက နေရာသုံးခုခွဲ၍ ပစ်ခတ်ရာ တိုက်ပွဲမှာ အချိန် ၅ နာရီကျော် ကြာခဲ့သည်။
ထို့ကြောင့် မြောင်မြို့တောင်ဘက်ကပ်လျက် မရိုးကုန်းရွာမှ ရွာခံအများစုအပါအဝင် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကြောင်းတစ်ခုနှင့် ပက်ပင်းတိုးကာ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။
ထိုနေ့ညက ဖမ်းဆီးခံရသူ ၃၀ ခန့်ရှိသည့်အထဲမှ လူငယ်များကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု CDSOM တာဝန်ရှိသူ ကိုနွေဦးက နိုဝင်ဘာ ၈ တွင် ပြောသည်။
“ရေကြောင်းကနေ စစ်ကူလာတဲ့ဟာက လမ်းမှာတွေ့တဲ့ ရွာသားတွေကို ဖမ်းလာတယ်။ သူတို့ မြို့ပေါ်ကို သွားတဲ့အချိန် ရှေ့ကနေ သွားခိုင်းတယ်။ မြစ်ကမ်းဘေးမှာပဲ သတ်လိုက်ပြီး မြစ်ထဲ မျှောလိုက်တာတွေလည်း ရှိတယ်။ တစ်လောင်းတော့ မနေ့ (နိုဝင်ဘာ ၇) က ပြန်တွေ့ရတယ်”
သတ်ဖြတ်ခံရသူ ၆ ဦးမှာ မရိုးကုန်းရွာသားများဖြစ်ကြသော အသက် ၂၂ နှစ်အရွယ် အောင်ဖြိုးဦးနှင့် ၎င်း၏ညီ ၁၈ နှစ်အရွယ် အောင်ထက်ဦး၊ အသက် ၂၀ နှင့် ၃၀ ကြား အရွယ်များဖြစ်ကြသော ပြည့်စုံမောင်၊ ဖိုးကြီး၊ သက်မောင်မောင်နှင့် အောင်ကျော်သက် ဆိုသူတို့ဖြစ်သည်။
နိုဝင်ဘာ ၇ က မြောင်မြို့အောက်ဘက် ၉ မိုင်ခန့်အကွာ ဧရာဝတီမြစ်အတွင်း တစ်လောင်းပေါ်လာခဲ့ရာ ရွာသားတချို့က ဆယ်ယူခဲ့သည်၊ မည်သူ၏ ရုပ်အလောင်းဆိုသည်ကို မသိရသေးပေ။
စခန်းနှစ်ခု တိုက်ခိုက်ခံရသည့်အတွက် မြောင်မြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မြင်းမူမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ဆီမီးခုံရွာတို့မှ စစ်သားများသည် ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေ ၄ စီးဖြင့် နိုဝင်ဘာ ၃ ညပိုင်း၌ စစ်ကူရောက်လာခြင်းဖြစ်သည်။
စစ်တပ်က ဖမ်းဆီးခံထားသူများကို မြို့ပေါ်ရှိ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့တွင် ခိုင်းစေလျက်ရှိသည်ဟု ကိုနွေဦးက ပြောသည်။
“(အဖမ်းခံရသူ) အရေအတွက်ကတော့ မတည်ငြိမ်သေးဘူး။ ဖမ်းပြီး ပျက်သွားတဲ့ ဘန်ကာတွေကို ပြန်ဆောက်ခိုင်းနေတယ်။ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေဆိုတာက သူတို့ (စစ်တပ်) ကိုယ်တိုင် အပြင်ထွက်လုပ်ရတာဆိုတော့ ကျွန်တော်တို့ တိုက်လို့ရတယ်။ ပြည်သူတွေကို ခိုင်းတော့ တိုက်လို့မရဘူး” ဟု ၎င်းက ဆိုသည်။
“သူတို့ (စစ်တပ်) ဘက်ကတော့ ဘန်ကာတွေကို ခိုင်ခံ့အောင် တည်ဆောက်နေတယ်။ ကတုတ်ကျင်းတွေ ပတ်တူးနေတယ်။ အခိုင်အမာ ကင်းချပြီး လုပ်နေကြတယ်”
အဆိုပါ အခြေနေနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် နိုဝင်ဘာ ၃ က ကာကွယ်ရေးအဖွဲ့တို့၏ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၁၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)