စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ရဲစခန်းတစ်ခုကို သိမ်းပိုက်နိုင်ရန် ဩဂုတ် ၂၃ က စတင်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ကလည်း လေကြောင်းပစ်ကူ အားပြုပြီး ပြန်လည်ခုခံနေသည်ဟု သိရသည်။
နှစ်ပတ်နီးပါးကြာမြင့်နေသည့် ထိုတိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့က ကျောက်ရစ်ရွာ ရဲစခန်းကို ပိတ်ဆို့ထားသည်၊ စစ်ကောင်စီတပ်က ရဲစခန်းနှင့်ကပ်လျက် ကျောက်ရစ်တိုက်နယ်ဆေးရုံတွင် နေရာယူထားသည်။
မြောင်-ပရိမ္မကားလမ်းပေါ်တွင်တည်ရှိသည့်၊ မကြာခဏ တိုက်ခိုက်ခံရသည့် ထိုစခန်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၅၀ ခန့် တပ်စွဲထားသည်ဟု ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင် တစ်ဦးက ပြောသည်။
“ရဲစခန်းနဲ့ ဆေးရုံနဲ့ကပ်လျက်ပေါ့။ စစ်တပ်ဘက်က ဆေးရုံကို တပ်စွဲထားပြီးတော့ ဆေးရုံဘေး ပတ်ပတ်လည်ကို ဘန်ကာလုပ်ပြီးနေကြတာ။ အုတ်တံတိုင်း ပတ်ပတ်လည်မှာကို ဘန်ကာ ၄ ခုလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၂ နံနက် ၆ နာရီဝန်းကျင်တွင် MI 35 စစ်ရဟတ်ယာဉ် လာရောက်တိုက်ခိုက်ရာ ကျောက်ရစ်ရွာနှင့် တစ်ဆက်တည်းရှိသည့်ဘူးကိုင်းရွာရှိ နေအိမ်များ ထိခိုက်ခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရသွားသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
“ကျောက်ရစ်ကို လာပစ်သွားတယ်။ ဘူးကိုင်းဆယ်ရွာဘက်ပစ်သွားတာ၊ ဘူးကိုင်းရွာက အိမ်တွေ အပစ်ခံရပြီး မသီအေးထိသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ကျောက်ရစ်ရွာတိုက်ပွဲတွင် စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၈)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းစသည့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များပါဝင် တိုက်ခိုက်နေသည်။ ထို့အပြင် မြောင်မြို့တစ်ဖက်ကမ်း ရေစကြိုမြို့ရှိ Urban Underground Revolution Foce -YSO အဖွဲ့ကလည်း ဒရုန်းဖြင့် ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။
ကျောက်ရစ်ရွာ တိုက်ပွဲကြာမြင့်နေရခြင်းမှာ ၎င်းတို့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်နေခြင်းကြောင့် ဖြစ်သည်၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကလည်း လက်နက်ခဲယမ်း ပိုမို ဖြည့်တင်းပေးသင့်သည်ဟု တော်လှန်ရေးသမားတစ်ဦးက သုံးသပ်သည်။
“နယ်မြေခံ တပ်ရင်းတွေ ကာကွယ်ရေးအဖွဲ့တွေ အတူလက်တွဲ မလုပ်ကြလို့။ ပူးပေါင်းမှုအားနည်းလို့။ ကျွန်တော်တို့ အလယ်ပိုင်းမှာက ပကဖ တပ်ရင်းတွေ၊ ပေါင်းစည်းမှုတွေ အားနည်းတယ်” ဟု Urban Underground Revolution Force-YSO မှ ရဲဘော်ကိုချမ်းက ပြောသည်။
“တပ်ရင်းတွေမှာဆို ကျည်လုံလောက်မှုမရှိဘူး၊ MOD ကလည်း ပြည့်စုံအောင် ချမပေးဘူး။ ဒါတွေက အားနည်းချက်တွေပေါ့” ဧရာဝတီနှင့်ချင်းတွင်းမြစ်ဆုံရာတွင်တည်ရှိသည့် မြောင်-ပရိမ္မကားလမ်း ပေါ်မှ ကျောက်ရစ်ရွာမှာ မြောင်မြို့နှင့် ၁၃ မိုင်ကွာဝေးသည်။ စစ်ကိုင်း၊ မန္တလေးနှင့်မကွေးတိုင်း ဒေသသုံးခု ပေါင်းဆုံသည့် နေရာတွင် တည်ရှိခြင်းကြောင့်လည်း တော်လှန်ရေးတပ်ဖွဲ့များအတွက် အရေးပါသည့် ဒေသဖြစ်သည်။