
(ရန်ကုန်) – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေး တရားလွှတ်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်နေ့က ရန်ကုန်လေဆိပ်တွင် သံသယတရားခံများဖြစ်သည့် အောင်ဝင်းခိုင်နှင့်အောင်ဝင်းဇော် ညီအစ်ကိုနှစ်ဦးနှင့် တွေ့ဆုံခဲ့သည် ဆိုသည့် လေဆိပ်ရဲမှူးကြီးကို သက်သေထွက်ဆိုရန် ခေါ်ယူထားသော်လည်း မလာရောက်နိုင်သည့်အတွက် မြောက်ပိုင်းခရိုင်တရားရုံးသို့ သမ္မန်စာပေးပို့လျှောက်ထားခဲ့သည်ဟု တရားလိုရှေ့နေက ပြောသည်။
တရားလိုရှေ့နေ ဦးမင်းမင်းဇော်က လေဆိပ်ရဲမှူးကြီးဝင်းမင်းသိန်းကို မြောက်ပိုင်းခရိုင်တရားရုံးသို့ လာရောက် သက်သေထွက်ဆိုရန် ဆင့်ခေါ်ထားပြီး ပျက်ကွက်သည်မှာ ရုံးချိန်း သုံးချိန်း ရှိနေပြီဖြစ်ကြောင်း နောက်တစ်ပတ်ရုံးချိန်းတွင် လာရောက်ထွက်ဆိုမည်ဟု ယူဆကြောင်း ၎င်းကပြောသည်။
ယခုတစ်ပတ် ရုံးချိန်းသို့ ပေးပို့လျှောက်ထားသည့် သမ္မန်စာတွင် ရဲတပ်ဖွဲ့အားကစားပြိုင်ပွဲတွင် တာဝန်ယူနေရသည့်အတွက် ရုံးချိန်းသို့ သက်သေထွက်ဆိုရန် မလာနိုင်သေးကြောင်း ပေးပို့ လျှောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။
“ရဲမှူးကြီးဆီကို အောင်ဝင်းခိုင်နဲ့ အောင်ဝင်းဇော် လာမလာပေါ့။ သူနဲ့ ပတ်သက်တာက အဲဒါပေါ့” ဟု ၎င်းကပြောသည်။
ဦးကိုနီ လုပ်ကြံခံရသည့် ၂၀၁၆ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၎င်းတို့ ညီအစ်ကိုနှစ်ဦး လေဆိပ်သို့ ရောက်ရှိနေခြင်းမှာ သားဖြစ်သူ လေယာဉ်မှူး အလုပ်ရရှိရန် ၎င်းအစ်ကို အောင်ဝင်းခိုင်နှင့်သိကျွမ်းသည့် လေဆိပ်ရဲမှူးကြီး ဝင်းမင်းသိန်းကို လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု ယခုနှစ်ဇူလိုင်လတွင် အောင်ဝင်းဇော်ကို စစ်မေးစဉ်က ထွက်ဆိုထားသည်။
သံသယတရားခံအဖြစ် စွပ်စွဲခံထားရသည့် ဇေယျာဖြိုးက အောင်ဝင်းခိုင်နှင့်နောက်ဆုံး တွေ့ဆုံခဲ့သည့် နေပြည်တော်ရှိလူများကို စစ်ဆေးခြင်းမရှိဘဲ ရန်ကုန်တွင် ရဟန်းဝတ်နေသည့် သူ့ကို လာရောက် ဖမ်းဆီးခြင်းမှာ တရားမျှတခြင်း မရှိဟု တရားခွင်ကအထွက်တွင် သတင်းမီဒီယာများကို ပြောသည်။
ယနေ့ ရုံးချိန်းတွင် ဇေယျာဖြိုးနှင့် ဗိုလ်သင်တန်းအပတ်စဉ် အတူတက်ခဲ့ပြီး ဇေယျာဖြိုး ပိုင်ဆိုင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီတွင် လုပ်ကိုင်သူ ဦးဝေမင်းက တရားလိုပြ သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။