
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် တရားခံများအား ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် နှစ်ဖက်အယူခံတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ယနေ့မနက်ပိုင်းက စတင်ကြားနာစစ်ဆေးခဲ့သည်။
တရားလိုရှေ့နေများက ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကို ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်ပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တရားခံရှေ့နေများက အယူခံလျှောက်လဲခဲ့ခြင်းဖြစ်သည်။
ယနေ့တရားခွင်တွင် ဦးကိုနီ၊ အငှားယာဉ်မောင်း ကိုနေဝင်းတို့၏ ရှေ့နေများနှင့် ဥပဒေချုပ်ရုံးတို့မှ တင်သွင်းသော ရာဇဝတ်ပြင်ဆင်မှု ၃ မှု၊ တရားခံများဘက်မှ တင်သွင်းသော ရာဇဝတ်အယူခံမှု ၂ မှု စုစုပေါင်း ၅ မှုအား ကြားနာစစ်ဆေးခဲ့သည်။
ဇေယျာဖြိုးသည် ဦးကိုနီလုပ်ကြံမှုတွင် ငွေကြေးထောက်ပံ့သူဟု မူလက သေဒဏ်ထိုက်စေသည့်ပုဒ်မ ၃၀၂ (၁) (ခ)/ ၃၄ ဖြင့် စွဲချက် တင်ထားသော်လည်း နောက်ပိုင်းတွင် သက်သေခံ ပျောက်ပျက်စေခြင်း သို့မဟုတ် သတင်းမမှန်ပေးခြင်း ပုဒ်မ ၂၀၁ ဖြင့် ပြောင်းလဲပြီး ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ခြင်းခံခဲ့ရသည်။
ထို့ကြောင့် တရားလိုရှေ့နေများက ဇေယျာဖြိုး၏ ပြစ်မှုနှင့် ပြစ်ဒဏ်အတွက် ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားခဲ့ကြသည်။
“ဇေယျာဖြိုးကို ၂၀၁ ပထမပိုင်းနဲ့ ထောင်ငါးနှစ်ချထားတာက အမှန်တော့ တော်တော်လေးမဖြစ်သင့်တာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို စွဲချက်အမိန့်ချထားတာ ၃၀၂(၁)(ခ) ၁၀၉နဲ့ စွဲချက်တင်ထားတာ။ တကယ်တမ်းအားဖြင့် ကြည့်မယ်ဆိုရင်လည်း မူလစွဲချက်တင်ထားတဲ့ ပုဒ်မနဲ့ပဲ အပြစ်ပေးထိုက်တာ”ဟု တရားလိုရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဌေးက ပြောသည်။
ဦးကိုနီအမှုကို မူလကစစ်ဆေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးက ဇေယျာဖြိုးအား ပြစ်မှုကျူးလွန်ပြီး နောက်ပိုင်းမှသာ ဦးကိုနီလုပ်ကြံမှုသက်သေခံစ္စည်းများ (တယ်လီဖုန်းနှင့် စာရွက်စာတမ်း)ကို ဖျောက်ဖျက်ရန် စီစဉ်ညွှန်ကြားသည့်အပိုင်းတွင် ပါဝင်သည်ဟု ကောက်ချက်ချကာ ရာဇသတ်ကြီးပုဒ်မ ၂၀၁ ပထမပိုင်းဖြင့် လွဲမှား အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဦးခင်မောင်ဌေးက ရှင်းပြသည်။
“ပြစ်မှုကျူးလွန်ပြီးတဲ့ နောက်ပိုင်းမှာမှ ဇေယျာဖြိုးပါဝင် ပတ်သက်တယ်ဆိုပြီး ကောက်ချက်ချလိုက်ပြီး ၂၀၁ ပထမပိုင်းနဲ့ ချလိုက်တာ။ သို့သော် မူလရုံးရဲ့ ထွက်ချက်ထဲမှာ ပါနေတာက ဒီပစ္စည်းတွေဟာ အောင်ဝင်းခိုင် လက်ထဲမှာသာရှိရင် နေပြည်တော်က ဇေယျာဖြိုးရုံးခန်းကိုတောင် သွားစရာမလိုဘူး။ ဘယ်နေရာမှာပဲ မီးရှို့ရှို့ ရှို့လို့ရတယ်”ဟု ဦးခင်မောင်ဌေးက ဆိုသည်။
သို့သော် ဇေယျာဖြိုး၏ရှေ့နေ ဒေါ်ပပဝင်းက ဦးကိုနီအား သတ်ရန် ဇေယျာဖြိုးက အောင်ဝင်းခိုင်ကို ငွေထုတ်ပေးမှုမပေါ်ပေါက်ခြင်း၊ တရားစွဲ အဖွဲ့အစည်းကလည်း ဇေယျာဖြိုးက ဦးကိုနီအား လုပ် ကြံရန် ပူးပေါင်းပါဝင်မှုတွင် သက်သေမပြနိုင်ခြင်းအပြင် ဇေယျာဖြိုး ၏ အိမ်တွင်တွေ့ရသည့် သေနတ် အိတ်နှစ်အိတ်မှာ လက်ဆောင်ပေးရန်သာဖြစ်ကြောင်း ချေပခဲ့သည်။
သို့သော် တရားလိုရှေ့နေများက အောင်ဝင်းခိုင်မီးရှို့ ဖျက်ဆီးလိုက်သော စာရွက်စာတမ်းများနှင့်ဖုန်းတို့သည် သက်သေခံပစ္စည်းများဟုတ်၊ မဟုတ်ကို တရားခံရှေ့နေများက ငြင်းဆိုမှုမရှိကြောင်း၊ မီးလောင်ပျက်စီးသွားသော စာရွက်စာတမ်းများနှင့်ပတ်သက်၍လည်း ဇေယျာဖြိုးက ရှင်းလင်းခုခံချက် မရှိသောကြောင့် သက်သေခံစာရွက်စာတမ်းများဟု သတ်မှတ်သည်ဟု ဆိုသည်။
နေပြည်တော်ရွှေကြာရပ်ရှိ ဇေယျာဖြိုးရုံးခန်း၌ ၎င်း၏ဝန်ထမ်းများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့သော စာရွက်စာတမ်းများတွင်ပါရှိသော အကြောင်းအရာများကို ဇေယျာဖြိုးအနေဖြင့် ဦးကိုနီ လုပ်ကြံသတ်ဖြတ် မခံရခင်ကတည်းက သိနှင့်ပြီးဖြစ်ကြောင်း၊ သို့သော် ဇေယျာဖြိုးအနေဖြင့် သက်ဆိုင်ရာသို့ ကြိုတင်အကြောင်းကြားပြီး လူသတ်မှုကို မတားဆီးခဲ့တာကြောင့် ပြစ်မှုဖြစ်ပေါ်စေရန် အားပေးကူညီသည့် ပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်သင့်သည်ဟု ဦးခင်မောင်ဌေးက ဆိုသည်။
“မီးရှို့လိုက်တယ်ဆိုတော့ သူတားစရာရှိတာကို မတားဘူး။ မတားဘူးဆိုတာဟာ ဥပဒေမျက်စိနဲ့ကြည့်မယ်ဆိုရင် ပြစ်မှုကို အားပေးကူညီတာပါ။ ဒါကြောင့် ပြစ်မှုကို ဖြစ်ပေါ်စေဖို့ အားပေးကူညီတဲ့ပုဒ်မနဲ့ စွဲချက်တင်ထားပြီးပြီ။ ဒါကိုလည်း တရားဥပဒေချုပ်ရုံးက အတည်ပြုပြီးပြီ။ ဒီပုဒ်မနဲ့ အပြစ်ပေးဖို့ကောင်းတယ်”ဟု ဦးခင်မောင်ဌေးက ပြောသည်။
“ အမှုမဖြစ်ခင်ကတည်းက ဒီမှာရှိနေတဲ့ပစ္စည်းမဟုတ်ဘူးလို့ အခုချိန်ထိ ငြင်းမသွားဘူး”ဟု ၎င်းက ဆိုသည်။
ဦးကိုနီကို သတ်ဖြတ်ခဲ့သော သေနတ်သမားကြည်လင်းကို လိုက်လံဖမ်းဆီးရင်း ပစ်သတ်ခံရသည့် တက္ကစီယာဉ်မောင်း ဦးနေဝင်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇေယျာဖြိုးကို ပြစ်ဒဏ်တိုးမြှင့်ချမှတ်ဖို့ ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားသည့်အပြင် အောင်ဝင်းထွန်းအတွက်လည်း ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားခဲ့သည်။
အခြားတစ်ဖက်မှာတော့ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကလည်း ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် နစ်နာသည်ဟုဆိုကာ အယူခံမှုတင်ထားကြသည်။
“တရားလိုဘက်က ရော တရားခံဘက်က ပြောနေကြတာ တူညီတဲ့တစ်ချက်ရှိတယ်။ ဘာလဲဆိုတော့ တရားမျှတမှု မရှိဘူးဆိုတဲ့စကားပါ။ ဘယ်ကိစ္စဟာ ဘယ်သူ့အတွက် တရားမျှတမှုမရှိဘူးလဲ ဆိုတာဟာ အမိန့်မချသေးတဲ့အတွက် ဘယ်သူမှ မသိဘူး။ဒါက ထူးခြားချက်ပါ”ဟု အောင်ဝင်းထွန်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။
ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် Senior Leadership Programme သို့ တက်ရောက်ပြီး အပြန် ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
ယခုအမှုအတွက် အချိန်နှစ်နှစ်ကျော် ကြာခဲ့ပြီး ရုံးချိန်းပေါင်း ၁၀၄ ချိန်း၊ စုစုပေါင်းသက်သေ ၁၁၀ တို့ကို စစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အမိန့်ချမှတ်သည်။ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းနှင့် ထိုလုပ်ကြံမှုကို စေခိုင်းခဲ့သူ ဟု ဆိုသော အောင်ဝင်းဇော်တို့ကို မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်ခဲ့သည်။
ဦးကိုနီကို ကိုယ်တိုင်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ ကြိုးကွင်းစွပ်သတ်ရန်၊ ထိုနေ့က ၎င်းကိုဖမ်းဆီးရန်ကြိုးစားသည့် အငှားယာဉ်မောင်း ကိုနေဝင်းကို သတ်ဖြတ်မှုအတွက် ပုဒ်မ ၃၀၂(၂) အရ ထောင်ဒဏ်နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှုအတွက် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ) အရ ထောင် ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။
အောင်ဝင်းဇော်သည် ထိုလူသတ်မှုတွင် ကြည်လင်းကို နောက်ကွယ်မှ စေခိုင်းသူအဖြစ် ထင်ရှားကြောင်း တရားသူကြီးက ဆုံးဖြတ်ကာ ၃၀၂(၁)(ခ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် လည်း အမိန့်ချသည်။
ထို့ပြင် အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင် ကူညီခဲ့သူ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ်၊ ထိုလူသတ်မှုကို ငွေကြေးထောက်ပံ့သူဟု မူလက စွဲချက်တင်ခံထားရသူ ဇေယျာဖြိုးကို ပုဒ်မပြောင်းပြီး ထောင်ဒဏ် ငါးနှစ်စီ အသီးသီးချမှတ်ခဲ့သည်။
အဓိက တရားခံဖြစ်သူဟု ယူဆပြီး ရဲက အလိုရှိနေသည့် တရားခံ အောင်ဝင်းခိုင်မှာမူ ယနေ့အချိန်ထိ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။