အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးကိုနီလုပ်ကြံခံရမှု တရားခံများကို ပြစ်ဒဏ်တိုးရန် အယူခံ ပလပ်ခံရ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် တရားခံများအား ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် တိုးမြှင့်ချမှတ်ပေးရန် တရားလိုရှေ့နေများ၏ လျှောက်လဲချက်ကို ယနေ့ (ဇန်နဝါရီ ၁၀ရက်) တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပလပ်လိုက်သည်။ 

တရားလိုရှေ့နေများက ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကို ပြစ်ဒဏ်များ တိုးမြှင့်ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြီးသတ်အမိန့် ချမှတ်လိုက်ခြင်းဖြစ်ပြီး တရားလိုဘက်မှ အထူးအယူခံ ဆက်တင်မည်ဟုလည်း သိရသည်။ 

ကာယကံရှင်မိသားစု၏ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး အမှုကို အထူးအယူခံဝင်ရန် စဉ်းစားထားသည်ဟု ဦးကိုနီမိသားစု၏ ရှေ့နေဖြစ်သူ ဦးနေလက ယနေ့ တရားခွင် အပြီးတွင် Myanmar Now ကို ပြောသည်။

“ဇေယျာဖြိုးဟာ လုပ်ကြံသတ်ဖြတ်မှုမှာ ပါတယ်လို့ အမှုစစ်ဆေးချက်တွေအရ အမှန်တကယ် ပါဝင်တဲ့လူတစ်ဦး အနေနဲ့ သတ်မှတ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဥပဒေနဲ့အညီ အယူခံဝင်ဖို့ စဉ်းစားမယ်လို့ ပြောတာပေါ့။ ဆုံးဖြတ်ချက် ချတယ်၊ မချတယ်ဆိုတာ ဦးကိုနီ မိသားစုနဲ့ပဲ ပတ်သက်ပါလိမ့်မယ်” ဟု ဦးနေလက ပြောသည်။

ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် Senior Leadership Programme သို့ တက်ရောက်ပြီးပြန်အလာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ယခုအမှုအတွက် အချိန်နှစ်နှစ်ကျော် ကြာခဲ့ပြီး ရုံးချိန်းပေါင်း ၁၀၄ ချိန်း၊ စုစုပေါင်းသက်သေ ၁၁၀ တို့ကို စစ်ဆေးခဲ့ပြီးနောက်  ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ 

သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းနှင့် ထိုလုပ်ကြံမှုကို စေခိုင်းခဲ့သူဟု ဆိုသော အောင်ဝင်းဇော်တို့ကို မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်ခဲ့သည်။ ဦးကိုနီကို ကိုယ်တိုင်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ ကြိုးကွင်းစွပ်သတ်ရန်၊ ထိုနေ့က ၎င်းကို ဖမ်းဆီးရန်ကြိုးစားသည့် အငှားယာဉ်မောင်း ကိုနေဝင်းကို သတ်ဖြတ်မှုအတွက် ပုဒ်မ ၃၀၂ (၂) အရ ထောင်ဒဏ်နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှုအတွက် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ (ဃ)(စ) အရ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။ 

အောင်ဝင်းဇော်သည် ထိုလူသတ်မှုတွင် ကြည်လင်းကို နောက်ကွယ်မှ စေခိုင်းသူအဖြစ် ထင်ရှားကြောင်း တရားသူကြီးက ဆုံးဖြတ်ကာ ၃၀၂ (၁)(ခ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန်လည်း အမိန့်ချသည်။ ထို့ပြင် အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင် ကူညီခဲ့သူ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ်၊ ထိုလူသတ်မှုကို ငွေကြေးထောက်ပံ့သူဟု မူလက စွဲချက်တင်ခံထားရသူ ဇေယျာဖြိုးကို ပုဒ်မပြောင်းပြီး ထောင်ဒဏ် ငါးနှစ်စီ အသီးသီးချမှတ်ခဲ့သည်။ အဓိက တရားခံဖြစ်သူဟု ယူဆပြီး ရဲက အလိုရှိနေသည့် တရားခံ အောင်ဝင်းခိုင်မှာမူ ယနေ့အချိန်ထိ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button