ဆောင်းပါး

အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေအတွက် အခရာကျခဲ့သူ ရှေ့နေကြီး ဦးကိုနီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လူမြင်ကွင်း၌ လုပ်ကြံခံခဲ့ရသည်မှာ ယနေ့ ဇန်နဝါရီ ၂၉ တွင် လေးနှစ်ပြည့်ပြီဖြစ်သည်။​ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရန် မလိုအပ်ဘဲ နိုင်ငံဦးဆောင်နိုင်မည့် အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအခွင့်အလမ်း ဖော်ဆောင်ပေးခဲ့သူအဖြစ် ဦးကိုနီကို နိုင်ငံရေးအသိုင်းအဝိုင်းတွင် လူသိများသည်။

လုပ်ကြံခံရချိန်တွင် အသက် ၆၄ နှစ် ပြည့်ရန် ရက်ပိုင်းသာလိုတော့သည့် အစ္စလာမ်ဘာသာဝင် ရှေ့နေကြီး ဦးကိုနီသည် ဒီမိုကရေစီလမ်းစဉ်များနှင့် မညီညွတ်ဟု အပြင်းအထန်ဝေဖန်ခံရသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကြောင်း တစိုက်မတ်မတ် နှိုးဆော်ဟောပြောခဲ့သော အခြေခံဥပဒေပညာရှင်တစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထွက်ပေါက်တွင် ဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရမှုသည် မြန်မာနိုင်ငံ၏ ဆိုးရွားသော တရားဥပဒေစိုးမိုးရေးအခြေအနေကို ထင်ဟပ်သည့် ပြယုဂ်တစ်ခုဖြစ်ခဲ့ပြီး အာဏာရ NLD ပါတီအတွက်လည်း အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ခုဖြစ်သည်။

ဦးကိုနီလုပ်ကြံခံရမှု လေးနှစ်မြောက်ချိန်တွင် ၎င်းသက်ရှိထင်ရှားရှိစဉ်က ကြိုးပမ်းမှုအချို့ကို လုပ်ဖော်ကိုင်ဖက်များက ထုတ်ဖော်ပြောကြား ရေးသားမှုများရှိလာခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ဖြစ်ပေါ်လာရသည့် ကျောထောက်နောက်ခံ အခြေအနေအချို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးမထမ်းဆောင်နိုင်ရန် ပိတ်ပင်တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များကို ကျော်လွှားနိုင်သော ‘ထွက်ပေါက်’ တစ်ခုကို ဦးကိုနီက ဖန်တီးပေးခဲ့သည်ဟု လုပ်ဖော်ကိုင်ဖက်ရှေ့နေလည်းဖြစ်၊ ၎င်းလုပ်ကြံခံရမှုတွင် မိသားစုရှေ့နေအဖြစ်လည်း ဆောင်ရွက်ပေးခဲ့သူ ဦးခင်မောင်ဌေးက Myanmar Now ကို ပြောသည်။  

“ပါတီဥက္ကဋ္ဌက နိုင်ငံရေးတာဝန်ကို ယူခဲ့ရရင် တိုင်းပြည်အတွက် ပိုပြီးအလုပ်လုပ်နိုင်မယ်ဆိုတဲ့ အနေအထားမျိုးမှာ ဖွဲ့စည်းပုံက ကန့်ထားတဲ့အခါကျတော့ ဒါအများကြီး အခက်အခဲတွေ့တယ်။ အဲဒီဟာရဲ့ ထွက်ပေါက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေပဲ။ သူ ဖွဲ့စည်းပုံကို ကြည့်ပြီးတော့ပဲ … ထွက်ပေါက်တစ်ခုရအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ NLD ပါတီဥက္ကဋ္ဌဟာ တိုင်းပြည်အကျိုးကို ပိုပြီးသယ်ပိုးလို့ရအောင် ဒါမျိုးတွေ သူလုပ်ခဲ့တာပဲ” ဟု ၎င်းက ပြောပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မရပါက ဖွဲ့စည်းပုံပေးထားချက်ကို မဆန့်ကျင်ဘဲ ဆောင်ရွက်နိုင်ရန် NLD ပါတီ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးကိုနီက ၎င်း၏ Laurel Law Firm လုပ်ဖော်ကိုင်ဖက်ရှေ့နေများနှင့်အတူ ငြင်းခုန်ကြံဆခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေဦးခင်မောင်ဌေးက ဆိုသည်။

“ငြင်းရင်းငြင်းရင်းနဲ့ပဲ ဒါက ပေးထားချက်၊ ဒီလို ဒီအတိုင်းဆိုရင် ဒါ မဆန့်ကျင်ဘူး၊ ဒီဥပဒေပြလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုပ်နိုင်ကိုင်နိုင်တဲ့အခွင့်အလမ်း အများကြီးပေါ်သွားလိမ့်မယ်၊ သမ္မတကိုတော့ ကျော်လို့မရဘူး၊ ဖွဲ့စည်းပုံမှာ ပါတဲ့အတိုင်းဆို သမ္မတက နိုင်ငံရဲ့အထွတ်အထိပ်ပဲ။ အထွတ်အထိပ်ပုဂ္ဂိုလ်နဲ့ သူနဲ့ဟာ တန်းတူနီးပါးလောက် ကပ်ထားလို့ရတဲ့ နေရာအနေအထားဆိုပြီး လုပ်ခဲ့ကြတယ်” ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။

ဦးကိုနီယူဆောင်လာသည့် မူရင်းစိတ်ကူး “လက်ရာသန့်သန့်” ကို ၎င်းအပါအဝင် လုပ်ဖော်ကိုင်ဖက်ရှေ့နေ ၈ ဦးခန့်က ရုံးခန်းအတွင်း အတူတကွ ငြင်းခုန်ကြရင်း နှစ်လခန့်အကြာတွင် ရုပ်လုံးပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဦးခင်မောင်ဌေးက ဆိုသည်။ ထို့နောက် အဆင်သင့်ဖြစ်ပြီဟု ၎င်းတို့ယူဆနိုင်ချိန်တွင် ယင်းအကြမ်းထည်ကို NLD သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဦးကိုနီ၏ စိတ်ကူးနှင့် အကြံပေးချက်များကို အခြေခံထားသည့် “နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်း” သည် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ NLD ပါတီကိုယ်စားလှယ်အများစုဖြင့် အသက်ဝင်ခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်များ၏ ပထမဦးဆုံး ဥပဒေပြုဆောင်ရွက်ချက်လည်း ဖြစ်ခဲ့သည်။  

NLD အစိုးရသစ် စတင်တာဝန်ယူသည့် ပထမဦးဆုံးရက် ၂၀၁၆ မတ် ၃၁ တွင် အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် NLD အမတ် ဦးအောင်ကြည်ညွန့်က အမျိုးသားလွှတ်တော်၌ အဆိုပြုခဲ့သည်။ အတိုက်အခံပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှ ၇ ရက်အတွင်း လွှတ်တော်နှစ်ခုလုံးတွင် ထောက်ခံမဲအများစုဖြင့် အတည်ပြုနိုင်ခဲ့သည်။

ဥပဒေကြမ်းတင်ခဲ့သူ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကမူ အဆိုပါဥပဒေကြမ်းဖြစ်ပေါ်လာရသည့် နောက်ခံအကြောင်းတရားများကို မသိရှိခဲ့သဖြင့် ဦးကိုနီ၏ ပါဝင်ပတ်သက်မှုကို အတည်မပြုနိုင်သကဲ့သို့ ငြင်းဆို၍လည်း မရကြောင်း Myanmar Now ကို ပြောသည်။

ဥပဒေကြမ်းအဖြစ် အသေးစိတ်ပြင်ဆင်ချိန်တွင်တော့ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် ၎င်းနှင့် ဒေါက်တာမြတ်ဉာဏစိုးအပြင် ထိုအချိန်က လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် သူရဦးရွှေမန်းတို့ ပါဝင်ခဲ့ကြသည်ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

NLD ပါတီနာယက ဦးဝင်းထိန် ရေးသားထုတ်ဝေခဲ့သည် “သံသရာတကွေ့” စာအုပ်၏ စာမျက်နှာ ၇၅၉ နှင့် ၇၆၀ တွင်မူ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြစ်ပေါ်လာခြင်း နောက်ကွယ်အကြောင်းရင်းအချို့ကို ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၇ တွင် “ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ” ဟု ပြဋ္ဌာန်းထားမှုကို အသုံးချရန် ဦးကိုနီက “အဓိကဖော်ထုတ်အကြံပေးတဲ့သူ” ဖြစ်ကြောင်း ရေးသားထားသည်။

စာမျက်နှာအားဖြင့် သုံးမျက်နှာခန့်သာရှိသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေတွင် အခန်းငါးခန်း ပါရှိပြီး အခန်း (၃) တာဝန်ပေးအပ်ခြင်းခေါင်းစဉ်အောက်၌ ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက်ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်ဟု ပါရှိသည်။

တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များဆိုင်ရာ ပြဋ္ဌာန်းချက်တွင် အခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များပေးရမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်ဟုလည်း ဖော်ပြထားသည်။

ဥပဒေကြမ်းကို လွှတ်တော်အတွင်း ဆွေးနွေးခဲ့ချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဝင်များက အဆိုပါဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဥပဒေတွင် ထည့်သွင်းဖော်ပြမထားသင့်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ဆွေးနွေးခဲ့ကြသည်။

ထိုဝေဖန်မှုများနှင့် ပတ်သက်၍ ဥပဒေကြမ်းတင်သွင်းခဲ့သူ ဦးအောင်ကြည်ညွန့်က NLD သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၇ အရသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အနေအထားနဲ့ ခန့်အပ်ခွင့်ရှိတဲ့သူတစ်ယောက်မှာ ဘယ်သူ့ကိုမဆိုပေါ့ ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ၊ ခန့်အပ်နိုင်တယ်ဆိုတာကို ပြဋ္ဌာန်းထားပြီးသား ရှိတယ်လေ။ အဲလို ခန့်အပ်တယ်ဆိုကတည်းကိုကတော့ ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်အပ်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တစ်ဦးဦးရဲ့ နာမည်နဲ့ မခန့်အပ်ရင် ယေဘုယျ ခန့်အပ်လို့မှ မရတာ” ဟု ၎င်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိပြီး သတင်းထောက်များနှင့် အင်တာဗျူးပြုလုပ်ရာတွင် သမ္မတလုပ်ခွင့်မရှိပါက အစိုးရအဖွဲ့ကို မည်ကဲ့သို့ ဖွဲ့စည်းမည်နည်းဟူသော အမေးကို NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မက သမ္မတအပေါ်က နေမှာ” ဟု အရွှန်းဖောက်၍ အင်္ဂလိပ်ဘာသာဖြင့် ဖြေကြားခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်းချိန်တွင်တော့ ယင်းအဖြေ၏ အဓိပ္ပာယ်ကို အားလုံးက သဘောပေါက်နားလည်သွားကြသည်။

ယင်းဥပဒေကြမ်းသည် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ပြည်သူများ၊ နိုင်ငံတကာမှ နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကိုလည်း အံ့ဩစေခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက နိုင်ငံ့အကြီးအကဲဖြစ်သော်လည်း နိုင်ငံ့ခေါင်းဆောင်မှုကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကသာ ပြုနေသည်မှာ မည်သူမျှ ငြင်းမရသည့် အချက်ဖြစ်သည်။

“နိုင်ငံတော်အတိုင်ပင်ခံတစ်ဦးအနေနဲ့ ဘယ်လောက်အထိ ဦးဆောင်သွားပြီးတော့ ဘယ်လောက်အထိ နိုင်ငံရေးအရ နိုင်ငံတကာရေးရာရော၊ နိုင်ငံရေးရာရော ပြည်တွင်းပြည်ပရေးရာမှာ ဆောင်ရွက်သွားနိုင်ခဲ့သလဲဆိုတဲ့ ဒီငါးနှစ်တာရဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး အထူးတောင် ထပ်ပြောစရာမလိုဘူးလို့ ထင်တယ်။ တိုင်းပြည်အတွက် အများကြီး အကျိုးကျေးဇူးရှိခဲ့တယ်လို့တော့ ပြောလို့ရပါတယ်” ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေခဲ့ရသည့် အခြေခံဥပဒေအကျပ်အတည်းတစ်ခုကို ဦးကိုနီက ထွက်ပေါက်ပေးခဲ့သည်ဟုပင် ဆိုနိုင်သည်။ ယင်းဥပဒေအသက်ဝင်ပြီး တစ်နှစ်မပြည့်ခင်အချိန် ၂၀၁၇ ဇန်နဝါရီတွင် ဦးကိုနီ လုပ်ကြံခံခဲ့ရသည်။ ၎င်း၏ အကြံပြုချက်ဖြင့် တည်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ သက်တမ်းမကုန်ခင်အချိန်တွင် ဦးကိုနီ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဒေါက်တာဖေမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် Senior Leadership Program လေ့လာရေးခရီးစဉ်မှအပြန် ဇန်နဝါရီ ၂၉ ညနေ ၅ နာရီ ၇ မိနစ်တွင် ရန်ကုန်လေဆိပ် Terminal-1 မှ အထွက် ကားပါကင်၌ ၎င်းကို လာရောက်ကြိုဆိုသော မြေးငယ်ကို ပွေ့ချီထားစဉ် သေနတ်သမားကြည်လင်းက ဦးခေါင်းနောက်စေ့နေရာကို အနီးကပ်ပစ်ခတ်ခဲ့သည်။

သေနတ်ဒဏ်ရာဖြင့် လဲကျနေသော ဦးကိုနီကို ပြည်သူအချို့က ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်ရန် ကြိုးပမ်းခဲ့သော်လည်း အခင်းဖြစ်နေရာတွင်ပင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ် ၎င်း၏ မြေးငယ်အပြင် သမီးကြီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်လည်း ရှိနေခဲ့သည်။

ဦးကိုနီကို ပစ်ခတ်ခဲ့သည့် သေနတ်သမား ကြည်လင်းနှင့် လုပ်ကြံမှုကို ကြံစည်သူ အောင်ဝင်းဇော်ကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သေဒဏ်ကျခံရန်၊ တရားခံကို ကာကွယ်၍ သက်သေဖျောက်ဖျက်မှုဖြင့် ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်၊ တရားခံကို လက်သင့်ခံမှုဖြင့် အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ် စသည်ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၉ ဖေဖော်ဝါရီတွင် အပြီးသတ်အမိန့်များ ချမှတ်ခဲ့သည်။ လုပ်ကြံမှုကို စီစဉ်ကြိုးကိုင်သူအဖြစ် သံသယတရားခံ အောင်ဝင်းခိုင်မှာမူ လက်ရှိအချိန်အထိ တိမ်းရှောင်နေဆဲ ဖြစ်သည်။

တပ်ဘက်အရာရှိဟောင်းများဖြစ်ကြသည့် ဇေယျာဖြိုးနှင့် ဝရမ်းပြေး အောင်ဝင်းခိုင်သည် ‘လူငယ်သဘာဝ’ ပုဂ္ဂိုလ်ရေးမကျေနပ်မှုအပေါ် အခြေခံ၍ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ပြီး အစီအစဉ်အတွက် သိန်းထောင်ချီသုံးစွဲခဲ့သည်ဟု လုပ်ကြံမှုအပြီး တစ်ပတ်ခန့်အကြာတွင် ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဇော်ဝင်းက ပြောဆိုခဲ့သည်။

ရဲချုပ်ဇော်ဝင်းက ထိုသို့ပြောဆိုခဲ့သော်လည်း ဦးကိုနီလုပ်ကြံခံရခြင်းသည် နိုင်ငံရေးနွယ်သည့် အမှုဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ခံယူထားကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး ဟောပြောမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သဖြင့် ရန်ငြိုးထားခံရခြင်း ဖြစ်နိုင်သည်ဟု ဦးဝင်းထိန်ကလည်း ယူဆသည်။

ရဲတပ်ဖွဲ့၏ ထုတ်ဖော်ပြောကြားချက်များအရ ဦးကိုနီကို လုပ်ကြံရန် တပ်မတော်အရာရှိဟောင်း အောင်ဝင်းဇော်နှင့် ညီဖြစ်သူ ဒုဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်သည် ၂၀၁၆ မေလ မတိုင်မီကတည်းက လူမိုက် သို့မဟုတ် သေနတ်သမားကို ငွေပေးငှားရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်သည် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေအတည်ပြုပြီးချိန်လည်း ဖြစ်သည်။

လုပ်ကြံမှုနောက်ကွယ်တွင် မည်ကဲ့သို့သော အကြောင်းတရားများ ရှိခဲ့သည်ဆိုကာမူ ဦးကိုနီကို ဆုံးရှုံးလိုက်ရခြင်းသည် NLD အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရန် အခရာကျသည့် ပညာရှင်တစ်ဦး ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။

ဦးကိုနီသည် သက်ရှိထင်ရှားရှိခဲ့စဉ်က NLD ကိုယ်စားလှယ်များနှင့် ပါတီဝင်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေဆိုင်ရာသင်တန်းများ ပို့ချပေးခဲ့ပြီး NLD ၏ ဥပဒေအကြံပေးတစ်ဦးအပြင် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။

ဦးအောင်ကြည်ညွန့်ကမူ ဦးကိုနီလုပ်ကြံခံရမှုသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတွင် ဖြစ်ကောင်းသည့်ကိစ္စတစ်ရပ် မဟုတ်ဟု ခံယူသည်။

“ဒီလို လေးနှစ်ပြည့်သွားတဲ့အခါမှာ ဦးကိုနီကို သတိရတယ်ဆိုတဲ့ အနေအထားမျိုးမှာ ဒီလိုမျိုး ဖြစ်စဉ်မျိုးနဲ့ သတိရရတယ်ဆိုတဲ့ အခြေအနေဟာ သမိုင်းရဲ့ အမည်းကွက်တစ်ခုအဖြစ် ထင်ကျန်နေရစ်ခဲ့မှာပဲလို့ ကျွန်တော် စိတ်မကောင်းစွာနဲ့ သုံးသပ်လိုက်ပါတယ်” ဟု ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောသည်။

ဦးကိုနီနှင့် နှစ်ပေါင်း ၃၀ ကျော် စီနီယာနှင့် ဂျူနီယာဆက်ဆံရေး၊ ဆရာနှင့် တပည့်ဆက်ဆံရေး၊ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးတို့ ရှိခဲ့သည့် ရှေ့နေဦးခင်မောင်ဌေးကလည်း ဦးကိုနီလုပ်ကြံခံရမှုသည် အပြောင်းအလဲတစ်ခုဖြစ်လာစေရန် အရင်းအနှီးတစ်ခုပေးလိုက်ရသကဲ့သို့ နိုင်ငံ့သားကောင်းတစ်ဦး ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူနေခဲ့တဲ့မြေ၊ သူရှူခဲ့တဲ့လေအတွက် ပေးဆပ်ရတာပါပဲလေ။ ကောင်းဖို့အတွက် ပေးဆပ်ရတာပါပဲ” ဟု ၎င်း၏ မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်အသိုင်းအဝိုင်းက ခံယူထားသည်ဟု ဦးခင်မောင်ဌေးက ပြောဆိုလိုက်သည်။

Related Articles

Back to top button