အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီလို ထင်ရှားသူတစ်ဦးကို ရန်ကုန်လေဆိပ်ကဲ့သို့ အများပြည်သူမြင်ကွင်းတွင် လုပ်ကြံရဲသည့်ကိစ္စမျိုး ထပ်မံမပေါ်ပေါက်စေရန် နမူနာအဖြစ် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ရေး တရားလိုရှေ့နေများက ထပ်မံကြိုးပမ်းလျက်ရှိသည်။
ဦးကိုနီကို အနီးကပ်လုပ်ကြံပြီးနောက် ထွက်ပြေးစဉ် လိုက်လံတားဆီးသူ အငှားယာဉ်မောင်း ကိုနေဝင်းကိုပါ ပစ်သတ်ခဲ့သူ သေနတ်သမားကြည်လင်းနှင့် နောက်ကွယ်မှ စေခိုင်းသူ အောင်ဝင်းဇော်ကို သေဒဏ်ကဲ့သို့ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း အခြားပူးပေါင်းပါဝင်သူနှစ်ဦးသည် ထောင်ဒဏ်သုံးနှစ်နှင့် ငါးနှစ်သာ ကျခံခဲ့ရသည်။
အဆိုပါ လုပ်ကြံမှုသည် ၂၀၁၇ ဇန်နဝါရီ ၂၉ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ သုံးနှစ်ခွဲကျော် ကြာမြင့်ပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံမှ ဆွေးနွေးပွဲတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရာ၌ အဓိကကြိုးကိုင်သူဟု ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည့် အောင်ဝင်းခိုင်ကိုမူ ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။
၂၀၁၉ ဖေဖော်ဝါရီ ၁၅ တွင် ကျူးလွန်သူများကို ယင်းပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးပြစ်ဒဏ်များ ပြင်ဆင်ချမှတ်ပေးရန် ရန်ကုန်တိုင်းတရားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ထံ လျှောက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်သို့ ရာဇဝတ်အထူးအယူခံတက်ရန် ယနေ့ (စက်တင်ဘာ ၁) တွင် လာရောက်လျှောက်ထားခြင်းဖြစ်ကြောင်း တရားလိုရှေ့နေများက ပြောသည်။
လုပ်ကြံမှုအတွက် ငွေကြေးပံ့ပိုးခဲ့သည်ဟူသော မူလစွဲချက်အရ သေဒဏ်ကျခံရနိုင်သည့် ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဇေယျာဖြိုးကို အောင်ဝင်းခိုင်လွတ်မြောက်စေရန် ကူညီမှု၊ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုများဖြင့်သာ ပြောင်းလဲကာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ငါးနှစ်သာ ပြစ်ဒဏ်ချခြင်းမှာ မဖြစ်ထိုက်ဟု ၎င်းတို့က ပြောသည်။
“နောင် ဒါမျိုးအလားတူ မပေါ်ဖို့ သေချာတားသင့်တဲ့ ကိစ္စပဲလေ။ ဒါကြောင့် ကျွန်တော်တို့က ဒီလိုကိစ္စမျိုးတွေ နောင် ဘယ်တော့မှ ဖြစ်မလာအောင် ကြိုတင်ကြံစည်မှုတွေ တားလို့ရအောင်၊ သိတဲ့အဆင့်မှာ ဖြတ်လို့ရအောင်၊ ဖြစ်လာခဲ့လို့ရှိရင်လည်း အခြေအနေတွေ ဘယ်လိုလည်း ဆိုတာကို ပြတ်ပြတ်သားသားနဲ့ ပြောလို့ဆိုလို့ရအောင်၊ နောင်နမူနာရစေဖို့အတွက် အများပြည်သူပြဿနာအနေနဲ့ ကျွန်တော်တို့မြင်တဲ့အတိုင်း တင်တာပါ” ဟု ဦးကိုနီမိသားစု၏ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
ထို့အတူ ရန်ကုန်လေဆိပ်၌ သေနတ်သမားကြည်လင်းနှင့်အတူ တွေ့ရသူ အောင်ဝင်းဇော်ကို ပြစ်မှုကျူးလွန်ခဲ့ကြောင်း သိလျက်နှင့် ထွက်ပြေးလွတ်မြောက်စေရန် ကူညီပေးခဲ့သူ အောင်ဝင်းထွန်းကို ထောင်ဒဏ်သုံးနှစ်သာ ချမှတ်ထားခြင်းကို ထည့်သွင်းသုံးသပ်ပေးရန် အငှားယာဉ်မောင်း ကိုနေဝင်းမိသားစု၏ ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အထူးအယူခံ တင်သွင်းထားသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသည် ကျူးလွန်သူများအပေါ် ကနဦးစွဲချက်နှင့် ပတ်သက်၍ မသုံးသပ်ခဲ့ဘဲ သက်ညှာသည့် ပြစ်ဒဏ်ကိုသာ ပြောင်းလဲချမှတ်ခဲ့သည်ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
“မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမှာ တရားဥပဒေစိုးမိုးရေးအတွက် အုတ်တစ်ချပ် လပ်သွားတယ်လို့ ယုံကြည်တဲ့အတွက် စွဲချက်အတိုင်းပြန်တင်ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ဆောင်ရွက်ဖို့ အထူးအယူခံဝင်တာပါ” ဟု ၎င်းက ပြောသည်။
ထိုသို့ အယူခံတင်သွင်းမှုနှင့်စပ်လျဉ်း၍ တရားခံများ၏ ရှေ့နေများနှင့် တွေ့ဆုံမေးမြန်းခွင့်မရခဲ့သလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆိုပါအမှုကို လက်ခံကြားနာရန်ရှိမရှိ မည်သည့်နေ့တွင် အမိန့်ချမှတ်မည်ကိုလည်း မသိရသေးပေ။