အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် ကိုနေဝင်း ကျဆုံးခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ယနေ့ ရန်ကုန်မြို့တွင် ကျင်းပရာ မိသားစုဝင်များ၊ ရှေ့နေများနှင့် ပွဲကျင်းပရေးကော်မတီတို့က တရားဥပဒေစိုးမိုးရေး ဖော်ဆောင်ပေးရန် တောင်းဆိုလိုက်သည်။
“မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အေးချမ်းစွာ ခေါင်းချပြီးအိပ်နိုင်ဖို့ ကျွန်မအဖေတို့၊ ကိုနေဝင်းတို့ အသက်နဲ့လဲသွားတဲ့ တရားဉပဒေစိုးမိုးရေးကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြပါ” ဟု ဦးကိုနီ၏ သမီးကြီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင်က အခမ်းအနားတွင်ပြောဆိုခဲ့သည်။
ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် ယင်းအခမ်းအနားသို့ ဦးကိုနီနှင့် ကိုနေဝင်းမိသားစုဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့် နိုင်ငံတကာသံတမန်များ၊ နိုင်ငံရေးပါတီဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအပါအဝင် လူဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် ဦးနေဝင်းတို့၏ ကွန်လွယ်ခြင်းအခမ်းအနားကို တက်ရောက်နိုင်ခြင်းမရှိသည့်အတွက် များစွာဝမ်းနည်းရပါကြောင်း အခမ်းအနားကို ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
“ပြည်သူများအားလုံး လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မှုတို့ ရရှိရေးအတွက် အာမခံချက်များ၊ အခွင့်အရေးများ အပြည့်အဝရှိစေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ဆက်လက်ကြိုးပမ်းကြရဦးမည် ဖြစ်ကြောင်း” လည်း ယင်းသဝဏ်လွှာတွင် ပါရှိသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က လူသတ်သမားများသည် ဦးကိုနီကို ပေါ်ပေါ်ထင်ထင် လုပ်ကြံခြင်းဖြင့် ဘာသာရေးပဋိပက္ခဖြစ်ပွားအောင် ကြံရွယ်ခဲ့သော်လည်း မိမိတို့အနေဖြင့် ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ယင်းအခမ်းအနားတွင် ပြောဆိုသည်။
ကိုနေဝင်းကြောင့် လူသတ်သမား ဦးကြည်လင်းအပါအဝင် လူသတ်သမားအချို့ကို အရေးယူနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ အခမ်းအနားကျင်းပရုံဖြင့်မဟုတ်ဘဲ ၎င်းတို့၏ အာဇာနည်စိတ်ဓာတ်ကို အားလုံးအတုယူ မွေးမြူရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် Senior Leadership Programme သို့ တက်ရောက်ပြီးပြန်အလာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
- ကြည်လင်း၏အမှုတွဲက လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခဲ့ဟု ထောင်ထွက်တစ်ဦး ထုတ်ဖော်
- အောင်ဝင်းဇော်ကို ဖမ်းမိထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ကြေညာ
ဦးကိုနီကို ကိုယ်တိုင်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ ကြိုးကွင်းစွပ်သတ်ရန်၊ ထိုနေ့က ၎င်းကို ဖမ်းဆီးရန်ကြိုးစားသည့် အငှားယာဉ်မောင်း ကိုနေဝင်းကို သတ်ဖြတ်မှုအတွက် ပုဒ်မ ၃၀၂ (၂) အရ ထောင်ဒဏ်နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှုအတွက် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ (ဃ)(စ) အရ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။
အောင်ဝင်းဇော်သည် ထိုလူသတ်မှုတွင် ကြည်လင်းကို နောက်ကွယ်မှ စေခိုင်းသူအဖြစ် ထင်ရှားကြောင်း တရားသူကြီးက ဆုံးဖြတ်ကာ ၃၀၂ (၁)(ခ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချသည်။ ထို့ပြင် အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင် ကူညီခဲ့သူ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ်၊ ထိုလူသတ်မှုကို ငွေကြေးထောက်ပံ့သူဟု မူလက စွဲချက်တင်ခံထားရသူ ဇေယျာဖြိုးကို ပုဒ်မပြောင်းပြီး ထောင်ဒဏ် ငါးနှစ် အသီးသီးချမှတ်ခဲ့သည်။
- အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဦးကိုနီကို လုပ်ကြံတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
- နှစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ရသည့် ဦးကိုနီလုပ်ကြံမှု အမိန့်ချပြီ
အဓိကတရားခံဟု ရဲက အလိုရှိနေသည့် အောင်ဝင်းခိုင်မှာမူ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းအား ရှာဖွေ စုံစမ်းနေမှု အသေးစိတ်ကို အာဏာပိုင်များက ယနေ့အချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။