
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံခံရမှု တရားခံများအား ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် နှစ်ဖက်အယူခံတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ယခုလ ၂၄ ရက်တွင် ကြားနာမည်ဖြစ်သည်။
ယင်းနေ့တွင် ဦးကိုနီ၊ အငှားယာဉ်မောင်း ကိုနေဝင်း နှင့် ဥပဒေချုပ်ရုံးတို့ဘက်မှ တင်သွင်းသည့် ရာဇဝတ်ပြင်ဆင်မှု (၃) မှု နှင့် တရားခံများဘက်က တင်သွင်းသည့် ရာဇဝတ်အယူခံ (၂) မှု စုစုပေါင်း (၅) မှုကို ကြားနာရန် ရုံးတော်က ချိန်းဆိုထားသည်။
ဦးကိုနီ လူသတ်မှုကို ငွေကြေးထောက်ပံ့သူဟု မူလက စွဲချက်တင်ခံထားရသော်လည်း နောက်ပိုင်းတွင် ပုဒ်မပြောင်းပြီး ရာဇသတ်ကြီး ပုဒ်မ ၂၀၁ ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံခဲ့ရသည့် ဇေယျာဖြိုး၏ ပြစ်မှု နှင့် ပြစ်ဒဏ်အတွက် ရာဇဝတ် ပြင်ဆင်မှု လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ရာဇသတ်ကြီး ပုဒ်မ ၂၀၁ မှာ ပြစ်မှုကျူးလွန်သူကို ကာကွယ်ရန်အလို့ငှာ သက်သေခံကို ပျောက်ပျက်စေခြင်း(သို့တည်းမဟုတ်) မမှန်သတင်းပေးခြင်းတို့အတွက် ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။
“ဇေယျာဖြိုးအပေါ်မှာ သူ့ကိုချမှတ်တဲ့ ပြစ်မှုပြဋ္ဌာန်းချက်က ဥပဒေနဲ့ညီညွတ်မှုမရှိဘူး။ ဒါကြောင့်မို့လို့ ဒါကိုပြင်ဆင်ပေးပါလို့ လျှောက်တာ” ဟု ဦးကိုနီ၏အမှုတွင် မိသားစု ရှေ့နေများထဲမှ တစ်ဦးဖြစ်သူ ဦးနေလက ပြောသည်။
ဇေယျာဖြိုး၏ ပြစ်ဒဏ်အတွက် ဥပဒေချုပ်ရုံးဘက်ကလည်း ရာဇဝတ်ပြင်ဆင်မှု တင်သွင်းထားသေးသည်။
ဦးကိုနီကို သတ်ဖြတ်ခဲ့သည့် သေနတ်သမား ကြည်လင်းအား ဖမ်းဆီးရင်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် အဌားယာဉ်မောင်း ကိုနေဝင်း၏ မိသားစုဘက်ကလည်း ဇေယျာဖြိုးအပြင် အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင် ကူညီခဲ့သူ အောင်ဝင်းထွန်းကို ချမှတ်ခဲ့သည့် ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်အတွက်လည်း ရာဇဝတ် ပြင်ဆင်မှု သီးခြားတစ်မှု လျှောက်ထားခဲ့သည်။
အောင်ဝင်းဇော်သည် ထိုလုပ်ကြံမှုကို စေခိုင်းခဲ့သူအဖြစ် မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်ခံထားရသူဖြစ်သည်။
ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့အား ရာဇဝတ် ပြင်ဆင်မှုလျှောက်ထားရခြင်းက ၎င်းတို့ ကျခံနေရသည့် “ပြစ်ဒဏ်တိုးမြှင့်ပေးဖို့အတွက်” ဖြစ်ကြောင်း ကိုနေဝင်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
အခြားတစ်ဖက်တွင် ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့ကလည်း ၎င်းတို့ကျခံထားရသည့် ထောင်ဒဏ်များအတွက် ရာဇဝတ်အယူခံမှု တင်သွင်းထားသေးသည်။
ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် Senior Leadership Programme သို့ တက်ရောက်ပြီး အပြန် ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။
ယခုအမှုအတွက် အချိန်နှစ်နှစ်ကျော် ကြာခဲ့ပြီး ရုံးချိန်းပေါင်း ၁၀၄ ချိန်း၊ စုစုပေါင်းသက်သေ ၁၁၀ တို့ကို စစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အမိန့်ချမှတ်သည်။ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းနှင့် ထိုလုပ်ကြံမှုကို စေခိုင်းခဲ့သူ ဟု ဆိုသော အောင်ဝင်းဇော်တို့ကို မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်ခဲ့သည်။
ဦးကိုနီကို ကိုယ်တိုင်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ ကြိုးကွင်းစွပ်သတ်ရန်၊ ထိုနေ့က ၎င်းကိုဖမ်းဆီးရန်ကြိုးစားသည့် အငှားယာဉ်မောင်း ကိုနေဝင်းကို သတ်ဖြတ်မှုအတွက် ပုဒ်မ ၃၀၂(၂) အရ ထောင်ဒဏ်နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှုအတွက် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ) အရ ထောင် ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။
အောင်ဝင်းဇော်သည် ထိုလူသတ်မှုတွင် ကြည်လင်းကို နောက်ကွယ်မှ စေခိုင်းသူအဖြစ် ထင်ရှားကြောင်း တရားသူကြီးက ဆုံးဖြတ်ကာ ၃၀၂(၁)(ခ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် လည်း အမိန့်ချသည်။
ထို့ပြင် အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင် ကူညီခဲ့သူ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ်၊ ထိုလူသတ်မှုကို ငွေကြေးထောက်ပံ့သူဟု မူလက စွဲချက်တင်ခံထားရသူ ဇေယျာဖြိုးကို ပုဒ်မပြောင်းပြီး ထောင်ဒဏ် ငါးနှစ်စီ အသီးသီးချမှတ်ခဲ့သည်။
အဓိက တရားခံဖြစ်သူဟု ယူဆပြီး ရဲက အလိုရှိနေသည့် တရားခံ အောင်ဝင်းခိုင်မှာမူ ယနေ့အချိန်ထိ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် –